backup og meta

ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် ကိုဗစ် ကာကွယ်ဆေး အမှန် နဲ့ အမှား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် ကိုဗစ် ကာကွယ်ဆေး အမှန် နဲ့ အမှား

    ကိုဗစ် ဖြစ်ခဲ့တာ ၂ နှစ်ပြည့်လာခဲ့ပြီ ဖြစ်တဲ့အချိန်မှာ ကာကွယ်ဆေးတွေလည်း ထွက်ပေါ်လာခဲ့ပါပြီ။ ၂ နှစ်တာကာလအတွင်း ကိုဗစ်ကလည်း အမျိုးမျိုး ဗီဇပြောင်းရင်း ကူးစက်မှုတွေက ကလေးတွေမှာပါ ဖြစ်လာခဲ့ပါတယ်။ ဒီလို ဖြစ်လာတဲ့အချိန်မှာ မိဘတိုင်း ဖြစ်ချင်တဲ့ ဆန္ဒက ကိုယ့်ရဲ့ သားသမီးလေးတွေကို ကိုဗစ် ရန်ကနေ ကာကွယ်ပေးချင်တာပါ။

    ဒီလို ကာကွယ်ပေးတဲ့အခါမှာ မတ်ခ်တပ်တာ၊ လက်ဆေးတာတွေအပြင် အခုနောက်ပိုင်းဆို ကလေးတွေမှာပါ ကာကွယ်ဆေး ထိုးနှံပေးလို့ ရလာခဲ့ပါပြီ။ ဒီလို ကာကွယ်ဆေး ထိုးနှံပေးလို့ ရလာတဲ့အချိန်မှာ ကလေးကို ကာကွယ်ဆေး ထိုးပေးရင် တကယ်ပဲ ကိုဗစ်ကို ကာကွယ်နိုင်မလား။ ကာကွယ်ဆေးက ကလေးကို ထိခိုက်စေမလားဆိုတာတွေအပြင် အခြားသော သတင်း အမျိုးမျိုးကို ကြားနေရချိန်မှာ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး ဘယ်သတင်းက မှန်ပြီး ဘယ်အချက်တွေ မှားသိထားလဲဆိုတာကို အတူတူ ဆန်းစစ်ကြည့်လိုက်ရအောင်လား။

    ဘေဘီလေးတွေကို ကိုဗစ် ကာကွယ်ဆေး ထိုးပေးဖို့ရာမှာ ဘာတွေက မှန်လို့ ဘာတွေ အသိမှားနေသလဲ။

    ဖေဖေမေမေတို့ သိထားဖို့ လိုမယ့် ကိုဗစ် ကာကွယ်ဆေး အမှန် နဲ့ အမှား

    လက်ရှိမှာ ကိုဗစ်ကို ကာကွယ်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကာကွယ်ဆေး ထိုးတာပါ။ ဒီလို ကာကွယ်ဆေး ထိုးတဲ့အခါ ကလေးတွေမှာ ဘေးထွက်ဆိုးကျိုးတွေမှာ ရှိနိုင်မလားဆိုပြီး စိုးရိမ်နေတာမျိုးတွေလည်း ရှိနေနိုင်ပါတယ်။ ဒီတော့ ဘေဘီလေးကို ကာကွယ်ဆေး ထိုးပေးဖို့ ပူပန်နေတာတွေက တကယ်ရော မှန်ရဲ့လားဆိုတာကို သိရှိနိုင်ဖို့ အတူတူ ဆက်ကြည့်လိုက်ရအောင်လား။

    နံပါတ် (၁) – ကိုဗစ်ကာကွယ်ဆေးက ကလေးတွေအတွက် အန္တရာယ်ရှိတယ်

    လက်ရှိ ထိုးနှံပေးနေတဲ့ ကာကွယ်ဆေးတွေထဲမှာ Pfizer က အသက် ၁၂ နှစ်နဲ့အထက် ကလေးတွေကို ထိုးနှံပေးလို့ ရပြီလို့ အတည်ပြုချက် ရရှိထားပါတယ်။ ကာကွယ်ဆေး ထိုးတဲ့အခါ ဆေးထိုးထားတဲ့နေရာက နာကျင်တာ၊ ခြေကုန်လက်ပမ်းကျတာကိုယ်လက်ကိုက်ခဲတာတွေရှိပေမယ့် ကလေးတွေကို အန္တရာယ် ဖြစ်စေတာမျိုး မရှိပါဘူး။

    လေ့လာသုတေသန ပြုချက်တွေအရလည်း ကာကွယ်ဆေးက ကလေးတွေကို ထိခိုက်စေတာမျိုး မရှိဘဲ စိတ်ချရတယ်လို့ သိရပါတယ်။

    နံပါတ် (၂) – ကိုဗစ် ကာကွယ်ဆေးက ကလေးရဲ့ DNA ကို ထိခိုက်စေနိုင်သလို ကလေးရဲ့ မျိုးအောင်နိုင်ခြေကို ထိခိုက်စေနိုင်တယ်

    ဒီအချက်ကလည်း မှားနေပါတယ်။ ကိုဗစ် ကာကွယ်ဆေးက ကလေးရဲ့ DNA ကို ပြောင်းလဲစေတာမျိုး မရှိပါဘူး။ ကိုယ်ခံအားဆဲလ်တွေကို ကိုရိုနာဗိုင်းရပ်စ်ကို ကာကွယ်နိုင်အောင် လေ့ကျင့်ပေးတာမျိုးပဲ လုပ်ဆောင်ပေးတာပါ။

    ဆဲလ်တွေရဲ့ အတွင်းပိုင်း နျုကလိယက်ထဲကို ဝင်ရောက်တာမျိုး မရှိတာကြောင့် DNA ကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

    နောက်တစ်ချက်ကတော့ ကိုယ်ခံအားကို ကိုဗစ်ကို ခုခံနိုင်အောင်ပဲ ပြင်ဆင်ပေးတာ ဖြစ်တာကြောင့် ကလေးအရွယ်ရောက်လာတဲ့အခါ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေတာမျိုးလည်း မရှိပါဘူး။

    နံပါတ် (၃) – ကိုဗစ်ဗိုင်းရပ်စ်က ကလေးတွေကို မကူးစက်တာကြောင့် ကလေးတွေကို ကာကွယ်ဆေး ထိုးစရာ မလိုဘူး

    မကြာသေးခင်က ကောက်ယူခဲ့တဲ့ စစ်တမ်းတွေအရ အမေရိကန်ပြည်ထောင်စုမှာ ကိုဗစ်ဖြစ်ပွားသူ အရေအတွက်ရဲ့ ၁၄ ရာခိုင်နှုန်းက ကလေးတွေ ဖြစ်ကြသလို ကလေးတွေမှာ ကိုဗစ်ဗိုင်းရပ်စ် ကူးစက်ခံရမှုတွေကလည်း ဆက်လက်မြင့်တက်နေပါတယ်။ အပြင်းအထန် ဖျားနာနိုင်ခြေ နည်းပေမယ့် ကိုဗစ် ကူးစက်ခံရနိုင်ခြေကတော့ မနည်းပါဘူး။

    ဒါကြောင့် ကလေးတွေကိုလည်း ကိုဗစ် အန္တရာယ်ကနေ ကာကွယ်ချင်တယ်ဆိုရင် လုပ်ဆောင်နိုင်မယ့် အကောင်းဆုံး နည်းလမ်းက ကလေးတွေကိုလည်း ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးတာပါ။

    နံပါတ် (၄) – ကလေးမှာ ကိုဗစ် ဖြစ်ပြီးရင် ကာကွယ်ဆေး ထိုးစရာ မလိုတော့ဘူး

    ကလေးမှ လူကြီးမှ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်း ကိုဗစ်ကာကွယ်ဆေး ထိုးနှံဖို့ လိုပါတယ်။ ကိုဗစ် ကူးစက်ခံရပြီး ပြန်လည်ကျန်းမာလာပြီဆိုရင်တောင်မှ နောက်ထပ်တစ်ကြိမ် ကူးစက်ခံရတာမျိုး မဖြစ်စေဖို့အတွက် ကာကွယ်ဆေး ထိုးနှံထားတာက အကောင်းဆုံး ဖြစ်မှာပါ။

    ကလေးက ကိုဗစ် ကူးစက်ခံထားရတယ်ဆိုရင် ပြန်ကောင်းလာပြီး ဘယ်လောက်ကာလအကြာမှာ ကာကွယ်ဆေး ထိုးနှံလို့ ရမလဲဆိုတာကို ဆရာဝန်နဲ့ တိုင်ပင်ဖို့ လိုပါမယ်။

    နံပါတ် (၅) – ကိုဗစ် ကာကွယ်ဆေး ထိုးရင် အခြား ကာကွယ်ဆေးတွေ ထိုးလို့ မရဘူး

    ကိုဗစ်ကာကွယ်ဆေး ထိုးထားရင် အခြား ကာကွယ်ဆေးလည်း ထိုးလို့ ရပါတယ်။ တစ်ချိန်တည်းမှာတောင် ကာကွယ်ဆေးတွေကို အတူတူ ထိုးနှံလို့ရပါတယ်။ လေ့လာမှုတွေအရ ကိုဗစ်ကာကွယ်ဆေးကို အခြားကာကွယ်ဆေးတွေနဲ့ တစ်ရပ်တည်းမှာ ထိုးရင်လည်း ဆေးထိုးတာကြောင့် ခံစားရမယ့် ဆေးထိုးတဲ့နေရာကနာတာ၊ ကိုယ်လက်ကိုက်ခဲတာတွေက ပိုဆိုး မသွားပါဘူး။

    မထိုးခင်မှာ ဆရာဝန်နဲ့ သေချာ တိုင်ပင်တာကတော့ အကောင်းဆုံး ဖြစ်မှာပါ။

    နံပါတ် (၆) – ကိုဗစ် ကာကွယ်ဆေးက ကလေးရဲ့ နှလုံးကို ထိခိုက်စေတယ်

    ကိုဗစ်ကာကွယ်ဆေးက ကလေးရဲ့ နှလုံးကို ထိခိုက်စေတာမျိုးက ၁၀၀ မှာ ၁ ယောက်ပဲ ဖြစ်နိုင်ခြေ ရှိလောက်တဲ့အထိ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေပါ။ ကိုဗစ်ကာကွယ်ဆေး ထိုးတာကြောင့် နှလုံးရောင်တာမျိုး ဖြစ်ရင်လည်း အရမ်း ပြင်းပြင်းထန်ထန် ခံစားရတာမျိုး မရှိပါဘူး။ ရက်အနည်းငယ်ကြာရင် သက်သာသွားမှာပါ။

    ကာကွယ်ဆေး ထိုးနှံတာကြောင့် နှလုံးရောင်တာထက် ကာကွယ်ဆေး မထိုးတာကြောင့် ကိုဗစ် ကူးစက်ခံရပြီး နှလုံး ထိခိုက်နိုင်ခြေက ပိုများပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 06/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement