backup og meta

ဘာကြောင့် လည်ချောင်းမကြာခဏ နာနေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာကြောင့် လည်ချောင်းမကြာခဏ နာနေတာလဲ

    ရာသီဥတုမရွေး၊ လူမျိုးမရွေး ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေထဲမှာ လည်ချောင်းနာတာလည်း တစ်ခုအပါအဝင်ပါပဲ။ ရောဂါလက္ခဏာ မပြင်းထန်တဲ့တိုင်အောင် ကိုယ့်ရဲ့ နေ့စဉ်လုပ်ငန်းဆောင်တာကို အနှောင့်အယှက်ဖြစ်စေတဲ့အပြင် ဝေဒနာကို ခံစားနေရတဲ့ ဒုက္ခကလည်း မသက်သာလှပါဘူး။ ဒါဆိုရင် လည်ချောင်းနာတာနဲ့ ပတ်သက်ပြီး ကာကွယ်ပုံတွေ၊ ဖြစ်ရခြင်းအကြောင်းရင်းတွေ၊ ရောဂါလက္ခဏာတွေကို ဗဟုသုတအနေနဲ့ ဝေမျှပေးလိုက်ပါတယ်။

    လည်ချောင်းနာခြင်း

    လည်ချောင်းနာတယ်ဆိုတာ ပုံမှန်အားဖြင့် လည်ချောင်းက ယားယံပြီး နေရခက်တာ၊ နာကျင်တာ၊ အထူးသဖြင့် အစာ၊ ရေမြိုချလိုက်တဲ့အခါမှာ ပိုပြီးတော့ နာကျင်ပါတယ်။ အဖြစ်အများဆုံးအကြောင်းရင်းကတော့ အအေးမိ တုပ်ကွေးရောဂြါဖစ်စေတဲ့ ဗိုင်းရပ်စ်ပိုးကြောင့်ပါပဲ။ ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာ ဝေဒနာက သူ့အလိုလို သက်သာပျောက်ကင်းသွားမှာပါ။

    ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာခြင်း ဝေဒနာ – Strep throat (streptococcal infection) ကတော့ အဖြစ်နည်းတဲ့ ရောဂါလက္ခဏာမျိုးပါ။ ကိုယ့်လည်ချောင်းနာတဲ့ ဝေဒနာက ဘက်တီးရီးယားပိုးကြောင့် ဖြစ်တာဆိုရင်တော့ ရောဂါအခြေအနေ ပိုမဆိုးလာအောင် antibiotic သောက်ဖို့ လိုပါတယ်။ ကိုယ့်ရဲ့ ရောဂါအရင်းအမြစ်ကို စောစီးစွာ သိနိုင်ဖို့အတွက် နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်နဲ့ သွားရောက်ကုသတာ အကောင်းဆုံးပါပဲ။

    ဘယ်လိုလူတွေမှာ အဖြစ်များလဲ။

    ကလေးငယ်ေတွနဲ့ ဆယ်ကျော်သက်အရွယ်တွေမှာ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ လည်ချောင်းနာ ဝေဒနာ ခံစားရဖို့ အလားအလာပိုများပါတယ်။ ဖုန်မှုန့်၊ မှိုတွေကြောင့် ဓါတ်မတည့်တာ၊ ရာသီအလိုက် ဖြစ်ပေါ်တတ်တဲ့ ဓါတ်မတည့်တာတွေကြောင့်လည်း လည်ချောင်းနာတာ အဖြစ်များတတ်ပါတယ်။

    ဆေးလိပ်၊ ဆေးပြင်းလိပ်သောက်သူတွေမှာလည်း မကြာခဏဆိုသလို လည်ချောင်းနာတာ၊ ယားယံတာ ဖြစ်နိုင်တဲ့အပြင် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ၊ အသံအိုးကင်ဆာတွေပါ ဖြစ်လာနိုင်ပါတယ်။

    ကိုယ်ခံအားနည်းတဲ့သူတွေ၊ အထူးသဖြင့် HIV ပိုးရှိသူတွေ၊ ဆီးချိုရောဂါရှင်တွေ၊ စိတ်ဖိစီးမှုများတဲ့သူတွေ၊ နေထိုင်စားသောက်ပုံ မမှန်တဲ့သူတွေမှာလည်း လည်ချောင်းနာတဲ့ လက္ခဏာကို မကြာခဏတွေ့ရတတ်ပါတယ်။

    ရောဂါလက္ခဏာက ဘာတွေလဲ။

    လည်ချောင်းနာတာရဲ့ ရောဂါလက္ခဏာတွေဟာ ဖြစ်ရတဲ့ မူလအကြောင်းရင်းပေါ် မူတည်ပြီး ပြောင်းလဲနိုင်ပါတယ်။ လည်ချောင်းနာပြီဆိုတာ သိနိုင်တဲ့ လက္ခဏာ အများစုကတော့

    • လည်ချောင်းမှာ ယားယံတာ၊ နာကျင်တာ၊
    • အစာမြိုချတဲ့အခါနဲ့ စကားပြောတဲ့အခါမှာ ပိုပြီး နာကျင်လာတာ၊
    • အစာမြိုချရခက်တာ၊
    • လည်ချောင်းနဲ့ မေးရိုးမှာ ရှိတဲ့ အကျိတ်ဂလန်းတွေ ယောင်လာတာ၊
    • အာသီးယောင်တာ၊ နီရဲနေတာ၊
    • အာသီးမှာ အဖြူရောင် အကွက်တွေဖြစ်တာ၊ အနာပြည်တည်တာ၊
    • အသံဝင်တာပဲ ဖြစ်ပါတယ်။

    လည်ချောင်းနာတာအပြင် တခြားဘာလက္ခဏာတွေရော ဖြစ်နိုင်လဲ။

    ပုံမှန် အအေးမိ၊ တုပ်ကွေး၊ ဖျားနာတဲ့အချိန်မှာ လည်ချောင်းနာတာအပြင်

    • အဖျားတက်၊ ကိုယ်ပူတာ၊
    • ချောင်းဆိုးတာ၊
    • နှာရည်ယိုတာ၊ နှာစေးတာ၊
    • နှာချေတာ၊
    • ကိုယ်လက် ကိုက်ခဲတာ၊
    • ခေါင်းကိုက်တာ၊
    • မအီမသာဖြစ်တာ၊ အော့အန်တာတွေပါ ဖြစ်နိုင်ပါတယ်။

    ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ သွားပြသင့်လဲ။

    ကလေးငယ်တွေမှာဆိုရင် အသက်ရှူရခက်ခဲတာ၊ အစာမြိုချရခက်တာ၊ သွားရည်တမြန်းမြန်း ကျနေတာ စတဲ့ ရောဂါလက္ခဏာတွေ့ရပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံး ပြသဖို့ လိုပါတယ်။

    လူကြီးတွေမှာဆိုရင် လည်ချောင်းနာပြီးနောက် တခြား ဆက်စပ်နေတဲ့ ရောဂါလက္ခဏာတွေ ပေါ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ ပြသင့်ပါတယ်။ အဲ့ဒီရောဂါလက္ခဏာတွေက

    • လည်ချောင်းနာတဲ့ ဝေဒနာက အရမ်းဆိုးရွားနေတာ၊
    • တစ်ပတ်ထက်ပိုပြီး လည်ချောင်းနာတာ၊
    • အစာမြိုချရခက်ခဲတာ၊
    • အသက်ရှူရခက်တာ၊
    • အဆစ်နာတာ၊
    • နားကိုက်တာ၊
    • ကိုယ်ခန္ဓါမှာ အဖုအပိမ့်တွေ ထွက်လာတာ၊
    • အဖျားက ၁၀၁ ဒီဂရီ (၃၈.၃ ဆဲလ်စီးယပ်စ်) ထက် များနေရင်၊
    • တံတွေး၊ ချွဲ၊ သလိပ်တွေမှာ သွေးပါလာရင်၊
    • သက်သာသွားပြီးတဲ့တိုင်အောင် မကြာခဏ လည်ချောင်းပြန်နာလာတာ၊
    • လည်ချောင်းမှာ အကျိတ်ဖြစ်တာ၊
    • ၂ပတ်ထက်ကျော်ပြီး အသံဝင်တာမျိုး ဖြစ်လာပြီဆိုရင်တော့ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်ဆီမှာ ဆေးကုသမှု အမြန်ဆုံး ခံယူသင့်ပါပြီ။

    ဘာကြောင့် လည်ချောင်းနာတာလဲ။

    ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်တဲ့ အအေးမိ၊ တုပ်ကွေးရောဂါတွေဟာ လည်ချောင်းနာတာ အများဆုံး ဖြစ်ရတဲ့ အကြောင်းရင်းတွေပါပဲ။ ဘက်တီးရီးယားပိုးကြောင့် လည်ချောင်းနာတာဟာ ဖြစ်တော့ဖြစ်တတ်ပေမဲ့ ရှားပါတယ်။

    လည်ချောင်းနာတာကို ဖြစ်စေတဲ့ ရောဂါတွေက ဘာတွေလဲ။

    ဗိုင်းရပ်စ်ပိုးကြောင့် အအေးမိဖျားနာတာ၊ ရာသီတုပ်ကွေးမိတာ၊ ဝက်သက် နဲ့ ရေကျောက်ပေါက်တဲ့အခါမှာလည်း လည်ချောင်းနာတဲ့ လက္ခဏာကို တွေ့ရတတ်ပါတယ်။ ဘက်တီးရီးယားပိုးကြောင့် ဖြစ်တဲ့ ရောဂါတွေမှာ လည်ချောင်းနာတာဟာ ပိုပြင်းထန်တတ်လို့ ဆရာဝန်နဲ့ သေချာပြသပြီး antibiotics တွေသောက်ဖို့ လိုအပ်ပါတယ်။

    တခြားအကြောင်းအရင်းတွေကြောင့်ရော လည်ချောင်းနာတတ်လား။

    ဓါတ်မတည့်တာ – အဝတ်အစားမှာ ကပ်ငြိနေတဲ့ ဖုန်မှုန့်တွေ၊ မှိုပိုးတွေ၊ ပန်းပွင့်တွေရဲ့ ဝတ်မှုတွေကို ရှူရှိုက်မိလို့ ဓါတ်မတည့်တာ ဖြစ်ပြီး လည်ချောင်းယားနိုင်ပါတယ်။ ခြောက်သွေ့တဲ့လေတွေ၊ မသန့်ရှင်းတဲ့ လေတွေကို ရှူမိတဲ့အခါ၊ ဆေးပြင်းလိပ်တွေကို သောက်မိတဲ့အခါ၊ အရက်သောက်တာ၊ အလွန်စပ်တဲ့အစာတွေကို စားမိတဲ့အခါမှာလည်း လည်ချောင်းကို ယားယံစေပါတယ်။

    ကြွက်သားတွေကို အားစိုက်မိတာ – အသံကျယ်လောင်စွာ စကားကို အော်ပြောနေရတာကြောင့်ဖြစ်စေ၊ အချိန်အကြာကြီး လည်ချောင်းကို အနားမပေးပဲ စကားပြောနေရတဲ့အခါ လည်ချောင်းမှာ ရှိတဲ့ ကြွက်သားတွေက အားစိုက်နေရလို့ လည်ချောင်းနာတာ ဖြစ်နိုင်ပါတယ်။

    HIV ရောဂါ ကူးစက်ခံရတာ – လည်ချောင်းနာတာအပါအဝင် တခြားသော အအေးမိတာနဲ့ ဆင်တူတဲ့ ရောဂါလက္ခဏာတွေကို HIV ပိုးကူးစက်ခံရတဲ့အခါမှာ တွေ့ရတတ်ပါတယ်။ HIV ပိုးရှိပြီးသားသူတွေမှာလည်း ကိုယ်ခံအားကျဆင်းနေတတ်တာကြောင့် လည်ချောင်းကို နာကျင်စေတဲ့ မှိုရောဂါတွေကို ဖြစ်စေနိုင်ပါတယ်။

    လည်ချောင်းမနာအောင် ဘယ်လိုကာကွယ်လို့ ရလဲ။

    လည်ချောင်းနာတာကို မဖြစ်စေအောင် တစ်ကိုယ်ရည်သန့်ရှင်းမှုကို အလေ့အကျင့်လုပ်ဖို့ လိုပါတယ်။ အိမ်သာကို အသုံးပြုပြီးချိန်၊ အစာမစားခင်နဲ့၊ နှာချေ၊ ချောင်းဆိုးပြီးတိုင်း လက်ကို ဆပ်ပြာနဲ့ သေချာနှံ့စပ်စွာ ဆေးကြောဖို့ အရေးကြီးပါတယ်။ အပြင်ရောက်နေလို့ လက်ဆေးဖို့ လိုအပ်လာရင် အရက်ပြန်ပါတဲ့ လက်သန့်စင်ဆေးရည်ကို ဆောင်ထားပေးပါ။

    အစားအစာတွေကို အတူစားတာ၊ တခြားသူရဲ့ အသုံးအဆောင်ပစ္စည်းတွေ၊ ဖန်ခွက်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေကို မျှဝေသုံးတာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ ပိုးမွှားတွေ ကပ်ငြိနေတဲ့ တယ်လီဖုန်း၊ တီဗီ ရီမုဒ်၊ ကွန်ပျူတာ ကီးဘုတ်တွေကို အမြဲ သန့်စင်ပေးဖို့ လိုပါတယ်။

    ဖျားနေပြီလို့ သံသယရှိတဲ့သူတွေနဲ့ နီးနီးကပ်ကပ် ထိတွေ့ဆက်ဆံတာမျိုးကို ရှောင်ကြဉ်ပါ။

    လည်ချောင်းနာပြီဆိုရင်ရော သက်သာအောင် ဘာတွေလုပ်သင့်လဲ။

    ရေနွေးကို ဆားအနည်းငယ်ရောပြီး တစ်နေ့ကို ၂ ကြိမ် ပလုတ်ကျင်းပေးပါ။ ခံတွင်းကို အေးစေမယ့် ကြက်စွပ်ပြုတ်၊ ပျားရည်၊ အရည်နွေးနွေးကို သောက်ပေးပါ။ မသက်သာခင်အချိန်အထိ လည်ချောင်းကို အနားပေးပါ။ နောက်ဆုံးအနေနဲ့ ပြည့်ဝစွာ အနားယူပေးပါ။ မသက်သာလာဘူးဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသဖို့ အကြံပေးလိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement