backup og meta

ဝမ်းက အစိမ်းရောင် ဘာကြောင့်ဖြစ်နေရတာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဝမ်းက အစိမ်းရောင် ဘာကြောင့်ဖြစ်နေရတာလဲ ။ ။

    အိမ်သာသွားပြီးနောက်ပိုင်း ဝမ်းအရောင်က ပုံမှန်အရောင်ဖြစ်မနေဘဲ အစိမ်းရောင်ဖြစ်နေရင် လူတိုင်းလန့်သွားကြမှာပါ။ ပုံမှန်ဆို ဝါညိုရောင်လေးရှိနေရမယ့် ဝမ်းက အစိမ်းရောင် ဖြစ်နေတာ ဘာကြောင့်လဲ။ စိုးရိမ်ရလား ။

    ဝမ်းက အစိမ်းရောင် ဘာကြောင့်ဖြစ်နေရတာလဲ ။ ။

    ( ၁ ) အစိမ်းရောင် အသီးအရွက်တွေ အစားများသွားတာကြောင့် ဖြစ်နိုင်ပါတယ်။

    အသီးအရွက်တွေမှာပါတဲ့အစိမ်းရောင်ခြယ် chlorophyll ဟာ ဝမ်းကိုစိမ်းစေတဲ့ အာနိသင်ရှိပါတယ်။ ဒါပေမယ့် နည်းနည်းလေးစားရင် ဘာမှမဖြစ်ပေမယ့် အများကြီး စားမိတဲ့ အခါမျိုးမှသာ ခုလို ဝမ်းအစိမ်းရောင်ပြောင်းသွားမှာ ဖြစ်ပါတယ်။

    ( ၂ ) အပြာရောင်နဲ့ ခရမ်းရောင်ရှိတဲ အစားအစာတွေ

    အစိမ်းရောင်ရှိတဲ့အစားအစာတွေကပဲ ဝမ်းအစိမ်းသွားစေနိုင်တာ မဟုတ်ပါဘူး။ အပြာရောင်တို့ ခရမ်းရောင်စတဲ့အရောင်တွေက ဗိုက်ထဲ ရောက်သွားတဲ့အခါကျရင် အစာခြေအက်ဆစ်နဲ့ သည်းခြေရည်တို့နဲ့ ရောသွားပြီး အစိမ်းရောင်ပြောင်းသွားတတ်ပါတယ်။

    ( ၃ ) ကော်ဖီ၊ ပူစပ်တဲ့အစားအစာ၊ အရက်။

    ပုံမှန်ဆိုရင် ဝမ်းစစဖြစ်ချင်းအရောင်က အစိမ်းရောင်ပါ။ နောက်ပိုင်းမှ သည်းခြေရည်တွေကနေ ဝမ်းကို အဝါညိုရောင်ပြောင်းပေးလိုက်တာဖြစ်ပါတယ်။ ပူစပ်တဲ့အစားစာတွေ၊ ကော်ဖီသောက်များပြီး ထွက်လာတဲ့ကဖင်းဓာတ် တွေနဲ့ အရက်သေစာတို့ဟာ အူလမ်းကြောင်းလှုပ်ရှားမှုကို မြန်စေတာကြောင့် ဝမ်းအဝါညိုရောင် ပြောင်းချိန်တောင် မရလိုက်တော့တာကြောင့် အစိမ်းရောင်ဝမ်းတွေ သွားနိုင်ပါတယ်။

    ( ၄ ) သောက်နေတဲ့ဆေးတွေ။

    ကိုယ်သောက်နေတဲ့ ဆေးတွေကလည်း ဝမ်းအစိမ်းရောင်ဖြစ်အောင် ပြောင်းနိုင်တဲ့အရာတွေထဲမှာပါပါတယ်။

    • အမျှင်ဓာတ် ဖြည့်စွက်အားဆေးတွေ၊
    • ဝမ်းနှုတ်ဆေးတွေ
    • အစိမ်းရောင်ရေညှိအားဆေးတွေ
    • Metformin ဆီးချိုဆေး နဲ့
    • Ciprofloxacin ပိုးသတ်ဆေးတွေဟာ ဝမ်းအစိမ်းရောင် ပြောင်းသွားစေနိုင်တဲ့ ဆေးတွေပါ။

    ( ၅ ) ကိုယ်ဝန်သည်တွေ

    ကိုယ်ဝန်အစောပိုင်း လက္ခဏာတွေထဲမှာ ဝမ်းအစိမ်းသွားတာက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒါဟာပြောင်းလဲသွားတဲ့ ဟော်မုန်းတွေကြောင့် ဖြစ်နိုင်သလို သောက်နေတဲ့ကိုယ်ဝန်ဆောင့် ဖြည့်စွက်အားဆေးတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ရင့်လာတဲ့အချိန်မှာ အစားတွေ အူကို မြန်မြန်ဖြတ်သွားတာကြောင့် မွေးခါနီးကာလတွေမှာလည်း ဝမ်းအစိမ်းသွားတာမျိုး ကြုံတွေ့ရတတ်ပါတယ်။

    ( ၆ ) မွေးကင်းစကလေးတွေမှာလည်း ဝမ်းအစိမ်းရောင်သွားနိုင်ပါတယ်။

    မွေးကင်းစ ကလေးတွေမှာ Meconium လို့ခေါ်တဲ့ ဝမ်းအစိမ်းရောင်တွေ သွားလေ့ရှိတတ်ပြီး ၃ ရက်ဆို ဝမ်းအရောင် ပုံမှန် ပြန်ဖြစ်သွားမှာပါ။

    ( ၇ ) ဝမ်းအစိမ်းရောင်ဖြစ်စေနိုင်တဲ့အခြား အကြောင်းအရာတွေကတော့

    • အစာအဆိပ်သင့်တာ
    • Salmonella, E.coli,နဲ့ Giardia ဘက်တီးရီးယားပိုးတွေ နဲ့ အခြား ဗိုင်းရပ်စ်ပိုးတွေ အူထဲ ဝင်ရောက်လာတဲ့အခါ
    • ပဋီဇီဝ ပိုးသတ်ဆေးတွေ အသောက်များပြီး အကျိုးပြု ဘက်တီးရီးယားတွေပါ သေကုန်လို့ ဝမ်းလျှောတဲ့အခါ အစိမ်းရောင်တွေ ဖြစ်နိုင်သလို
    • Celiac disease, ulcerative colitis, Crohn’s disease နဲ့ Irritable bowel syndrome တို့လို အူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ ရှိတဲ့အခါ နဲ့
    • နို့သကြားဓာတ် မစုပ်ယူနိုင်တဲ့ ပြဿနာဖြစ်နေတဲ့ကလေးတွေ
    • ဝမ်းနှုတ်ဆေး အသောက်များတဲ့ သူတွေဟာ ဝမ်းအစိမ်းသွားခြင်းကို ဖြစ်စေတဲ့ အကြောင်းတွေ ဖြစ်ပါတယ်။

    ဘယ်အချိန် ဆရာဝန်သွားပြဖို့လိုမလဲ။

    ဝမ်းက အစိမ်းရောင် သွားတာ တစ်ပတ်ထက်ကျော်နေပြီ ကောင်းလိုက် ပြန်စိမ်းလိုက်လည်း ဖြစ်နေတယ်၊ ဗိုက်အောင့် ဖျားနာတာတွေလည်း ရှိတယ် ၊ ဝမ်းလည်းလျှောနေမယ်၊ အကျိအချွဲတွေလည်း ပါနေတယ်ဆိုရင်တော့ ဆရာဝန်ဆီသွားပြီး ဖြစ်နေတဲ့ပြဿနာကို အဖြေရှာ ဆေးကုသမှု ခံယူဖို့လိုပါလိမ့်မယ် ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 16/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement