backup og meta

သင်ဟာ အရက်ကြိုက်တတ်သူလား။ ဒါဆို အသည်း မထိခိုက်အောင် ဒီလို ကာကွယ်သင့်ပါတယ်။


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင်ဟာ အရက်ကြိုက်တတ်သူလား။ ဒါဆို အသည်း မထိခိုက်အောင် ဒီလို ကာကွယ်သင့်ပါတယ်။

    အရက်။ ။ ယောက်ျားလေးတွေ အကြိုက်ဆုံးလို့ ပြောရမယ့် အရာတစ်ခု။ ပွဲလမ်းသဘင်၊ မိတ်ဆုံစားပွဲ၊ Boys Night Out၊ ကလပ် နေရာမျိုးစုံ အတွက် သူမပါလို့ မဖြစ်၊ သူမပါရင် ပွဲမစည်။ လူတွေက ကြိုက်လို့ ပဲ ဖြစ်ဖြစ် မသောက်ရင် မကောင်းတတ်လို့ အားနာလို့ပဲဖြစ်ဖြစ် အရက်ကို သောက်မိနေတတ်ကြပါတယ်။ မကောင်းဘူးဆိုတာ သိရက်နဲ့ လည်း သောက်နေကြတဲ့ အရက်ေကြာင့် အသည်းထိခိုက်တာကိုလည်း အားလုံးအသိ။ မသောက်ဘဲနဲ့လည်း မနေနိုင်၊ သောက်ရင်လည်း အသည်းထိခိုက်မှာ ကြောက်နေရတဲ့ သူတွေ အတွက် အရက်လည်းသောက် အသည်းကိုလည်းကာကွယ်လို့ ရနိုင်မယ့် နည်းတွေရှိပါတယ်။ အရက်ကြိုက်တဲ့ သူတွေ အတွက်ကတော့ မျှော်လင့်ချက်ရောင်ခြည်လို့ ပြောရမလားပဲ။

    အရက်ကြောင့် အသည်း ဘယ်လို ထိခိုက်တတ်သလဲ။ ။

    အရက် ဆိုတာ အသည်းကို အဓိက ဒုက္ခပေးနေတဲ့အရာဆိုတာ အားလုံးအသိပါ။ အရက်သောက်လိုက်တာကြောင့် အရက်မှာပါတဲ့အဆိပ်အတောက်တွေကို အသည်းက အဆိပ်လျော့သွားအောင် လုပ်ပေးနေရလို့ အခြားတာဝန်တွေကို မလုပ်နိုင်တော့ပါဘူး။ တခြားတစ်ဘက်မှာလည်း ပြင်းအားလျော့သွားတဲ့ အဆိပ်ကတောင်မှ အသည်းအဆီဖုံးတာအသည်းရောင်တာတွေကို ဖြစ်စေနိုင်ပါသေးတယ်။ ဒါ့အပြင်သောက်လိုက်တဲ့ အရက်ကို ဖြိုခွဲရာမှ ထွက်လာတဲ့ ဓါတု ပစ္စည်းတွေကအသည်း ဆဲလ်လေးများကို ထိခိုက်စေပါတယ်။ ထိခိုက်သွားတဲ့ ဆဲလ်တွေနေရာမှာ ဆဲလ် အသစ်တွေ ပြန်ဖြစ်လာနိုင်ပေမယ့်လည်း အရက်အလွန်အကျွံသောက်တဲ့သက်တမ်းကြာလာတာနဲ့အမျှ အသည်းဆဲလ်ထိခိုက်ခြင်း ကပြန်မကောင်းနိုင်တော့ပါဘူး။ နောက်ပိုင်းမှာ ကုသဖို့ ခက်ခဲတဲ့ အသည်းခြောက်ခြင်းဖြစ်လာပါတော့တယ်။ ။ အသည်းခြောက်သွားရင် လုပ်ရမည့် တာဝန်တွေကို အသည်းက ကောင်းမွန်စွာ မလုပ်နိုင်တော့တဲ့ အပြင် ထိခိုက်သွားတဲ့ ဆဲလ်တွေ ပြန်ကောင်းအောင် အသည်းက အပြင်းအထန်ကြိုးစားတာကြောင့် ဆဲလ်တွေပုံမှန် မဟုတ်တော့ဘဲ ပိုပွားလာပြီး အသည်းကင်ဆာ ကိုတောင်ဖြစ်စေနိုင်ပါတယ်။

    အသည်းရဲ့ တာဝန်တွေက ဘာတွေလဲ။ ။

  • စားလိုက်တဲ့ ကစီဓါတ်တွေပိုနေရင် သိမ်းထားပေးပါတယ်။
  • စားလိုက်လို့ရလာတဲ့ ကာဗိုဟိုက်ဒရိတ်တွေကို ပရိုတင်းတွေ အဆီတွေကို ဖြိုခွဲပေးပြီး ကိုယ်ခန္ဓါ အတွက်လိုအပ်တဲ့ စွမ်းအင်တွေ အဖြစ်ပြန်ထုတ်ပေးတယ်။
  • စားလိုက်တဲ့ အစားအသောက်တွေ ထဲပါတဲ့ဗီတာမင်နဲ့ သတ္တုဓါတ်တွေကို သိမ်းဆည်းပေးတယ်။
  • သွေးတိတ်ဖို့ လိုအပ်တဲ့ ပရိုတင်းကို ထုတ်ပေးတယ်။
  • အစာခြေဖို့အတွက် လိုအပ်တဲ့ သည်းခြေရည်တွေကိုလည်းထုတ်ပေးတယ်။
  • ( Immunoglibulin ) လို့ခေါ်တဲ့ ကိုယ်ခန္ဓါရဲ့ ခုခံအား မြင့်တက်ဖို့ လိုအပ်တဲ့ ဓါတ်တွေကိုလည်း အသည်းကပဲထုတ်ပေးတာပါ။
  • ကိုယ်တွင်းကို ဝင်လာတဲ့ဆေးတွေ၊ အရက်တွေ၊ အစားအသောက်ကပါတဲ့ အဆိပ်အတောက် တွေကိုလည်း အသည်းကပဲ သန့်စင်ပေးတာပါ။ ဒါကြောင့် ကိုယ်တွင်းမှာ အလုပ်အရှုပ်ဆုံး အစိတ်အပိုင်းကိုပြပါဆိုရင် အသည်းကို ပဲပြရပါလိမ့်မယ်။
  • အရက်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေက အသည်းကို ဘယ်လို ဒုက္ခပေးလဲ။

    သောက်လို့ ကောင်းလို့ ၊ကြိုက်လို့၊ ပျော်လို့၊ အားနာလို့ သောက်လိုက်တဲ့အရက်ကြောင့်

    • အသည်းထိခိုက်ပြီး အသည်းရောင်လာမယ်။
    • အသည်း အဆီဖုံးလာမယ်
    • အသည်းခြောက်လာမယ်
    • အသည်းကင်ဆာတွေဖြစ်လာနိုင်ပြီး နောက်ဆုံးအသက်သေဆုံးတဲ့ အထိ ပြင်းထန်နိုင်ပါတယ်။

    အရက်သောက်ပေမယ့်လည်း အသည်းကို သိပ်မထိအောင်ကာကွယ်လို့ ရနိုင်တဲ့ အချက်တွေကဘာတွေလဲ။

    ဒီလိုကြောက်ဖို့ကောင်းတာ သိပေမယ့်လည်း အရက်ကို မဖြတ်နိုင်ဘူးဆိုရင် ဘာလုပ်ကြမလဲ။ အရက်လည်းသောက် အသည်းကိုလည်း သိပ်မထိနိုင်စေတဲ့ အချက်တွေရှိရင် သင်လုပ်မှာလား။ သင်က အရက်ကို အားနာလို့၊ ပွဲရှိလို့သောက်တာ မဟုတ်ဘဲ ကြိုက်လို့ သောက်နေတာဆိုရင်တော့ခုပြောတဲ့အချက်တွေကို လိုက်နာသင့်ပါတယ်။

    ၁။ ရေများများသောက်ပါ။ ။

    ရေများများသောက်ပါဆိုတာ အထူးသဖြင့် အရက်သောက်တဲ့ အချိန်မှာ ရေများများရောသောက်ဖို့ အဓိက ပြောချင်တာပါ။ ဒါမှသာ အရက်မှာ ပါတဲ့ အဆိပ်အတောက်တွေ ပြင်းအား လျော့သွားပြီဆီးသွားရင်ြပန်ပါသွားမှာ ဖြစ်ပါတယ်။ ပြင်းတာမှ ကြိုက်တာကွဆိုလို့ ကတော့ အသည်းလည်း ခဏလေးနဲ့ ကြွသွားမှာ အသေအချာပါ။ ဒါကြောင့် အသည်းနဲ့ အရက်ဆို အရက်ကိုပဲ သောက်ဖို့ရွေးချယ်တယ်ဆိုရင်တော့ ရေလေးရောသောက်ပါလို့ပြောချင်ပါတယ်။ ဒါမှ ကိုယ်ကြိုက်တဲ့ အရက်လည်းကြာကြာသောက်ရ အသည်းကိုလည်း သိပ်မထိနိုင်တော့ဘူးပေါ့။

    ၂။ အရက်သောက်ရင် အမြည်းပါစားပါ။

    အရက်သောက်နေတဲ့ အချိန် စားလိုက်တဲ့ အမြည်းတွေက အသည်းကနေ အစာခြေ အင်ဇိုင်းတွေထွက်လာအောင် ကူညီပေးပြီး အရက်ကို ဖြိုခွဲဖို့ ကူညီပေးပါတယ်။ ပြီးရင် အစားကိုပါ အစာအိမ်က စုပ်ယူနေရလို့ သောက်လိုက်တဲ့အရက်ကပါတဲ့ အဆိပ်တွေ သွေးထဲ စိမ့်ဝင်သွားတာ နည်းသွားပါလိမ့်မယ်။ ဒါဆို အသည်းဆီကို ရောက်နိုင်တဲ့အဆိပ်လည်းနည်းသွားမယ်၊ အရက်ကို ဖြိုခွဲဖို့ အတွက် အင်ဇိုင်းတွေကလည်း အသင့်ရှိနေတော့ အသည်းကို သိပ်မထိခိုက်စေနိုင်တော့ဘူးပေါ့။

    ၃။ ဗီတာမင်ကြွယ်ဝတာတွေစားပါ။ ။

    အသီးအနှံတွေမှာ ပါဝင်တဲ့ ဗီတာမင်တွေ၊ ဓါတ်တိုးဆန့်ကျင်တဲ့ ပစ္စည်းတွေကကိုယ်ခန္ဓါတွင်း အဆိပ်အတောက်တွေကို သန့်စင်ပေးလို့ အသည်းက ထူးပြီး သန့်စင်ပေးစရာ သိပ်မလိုတော့ပေ။ ဒါကြောင့် အမြည်းစားရင် အကင် ၊ အကြော်တွေချည်း မစားဘဲ အရွက်ကြော်လေးတွေ စားတာ၊ အချိုပွဲ အနေနဲ့ ဗီတာမင်တွေကြွယ်ဝတဲ့ အသီး ( ပန်းသီး၊ ဖရဲသီး၊ လိမ္မော်သီး) တွေကို စားပေးသင့်ပါတယ်။

    ၄။ အရက်နဲ့ ဆေးရောမသောက်ပါနဲ့။ ။

    အရက်မှာပါတဲ့အဆိပ်တွေကို အသည်းကပဲ ဖြိုခွဲသလို သောက်လိုက်တဲ့ ဆေးတွေမှာ ပါတဲ့ ဓါတုပစ္စည်းတွေကလည်း ဖြိုခွဲဖို့ အတွက် အသည်းကို ပဲသွား ရတာပါ။ ဒါကြောင့် သူတို့ ၂မျိုး အသည်းဆီကို အတူတူ သွားကြတဲ့ အခါ အသည်းက အဆိပ်အတောက်တွေကို ကောင်းကောင်း မသန့်စင်ပေးနိုင်တဲ့ အပြင် ပါလာတဲ့ အဆိပ်အတောက်တွေကတောင် အသည်းကို ဒုက္ခပေးနိုင်ပါသေးတယ်။ ဒါကြောင့် သင့်အသည်းကို ချစ်ရင် အရက်နဲ့ ဆေး ၄ နာရီလောက်ခြားပြီး သောက်သင့်ပါတယ်။ ဒါ့အပြင် တစ်ချို့ဆေးတွေက အရက်နဲ့ ဓါတ်ပြုတတ်ပြီး လူကို အန ္တရာယ်ဖြစ်စေတတ်တာကြောင့် အရက်နဲ့ ဆေး တွဲမသောက်တာ အကောင်းဆုံးပါ။

    ၅။ အသည်းအတွက် အသည်းအားဆေးတွေလည်းသောက်ပါ။

    ရှေ့ ကစာတွေကို ဖတ်လာတာ ဒီလောက်အထိ ရောက်နေပြီ ဆိုရင်တော့ ကျိန်းသေပါတယ်။ သင်က အရက်ကို မဖြတ်နိုင်တဲ့ လူတစ်ယောက်ဆိုတာ။ မဖြတ်နိုင်တဲ့ အတွက် လျှော့သောက်ပါမှသာ သင့်အသည်း လေးကို ကာကွယ်ရာရောက်မှာပါ။ သောက်တဲ့အရက်ကိုလည်း ပမာဏ တစ်ခုသတ်မှတ်ပြီး သောက်သင့်ပါတယ်။ ဒါ့အပြင် သင်ကြိုက်တဲ့ အရက်လည်းသောက်သလို အသည်းကြိုက်တဲ့ အသည်း အားဆေးလေးတွေပါသောက်ပေးသင့်ပါတယ်။

    အသည်း မကြိုက်တဲ့အရာကို လုပ်မိလိုက်ရင် သူစိတ်ကောက်ပြီး သူ့တာဝန်တွေကို မလုပ်တော့ရင် ထိခိုက်မှာတို့လူသားတွေပဲဖြစ်ပါတယ်။ ဒါကြောင့် လူကြိုက်ပေမယ့် အသည်းမကြိုက်တဲ့ အရက်ကို ဖြတ်နိုင်ရင် အကောင်းဆုံးပါ။ မဖြတ်နိုင်ရင်တော့ ခုပြောပြတဲ့ “အရက်လည်းသောက် အသည်းကိုလည်းကာကွယ်” ဆိုတဲ့အချက်တွေကို လိုက်နာပြီး အသည်းကို စိတ်ဆိုးပြေအောင်တော့ ပြန်ချော့သင့်တယ်နော်။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement