backup og meta

အသည်းကို ထိခိုက်စေနိုင်သော အပြုအမူဆိုး (၅)ချက်

အသည်းကို ထိခိုက်စေနိုင်သော အပြုအမူဆိုး (၅)ချက်

အသည်းဆိုသည်မှာ လူ့ခန္ဓါကိုယ်တွင် မရှိမဖြစ်လိုအပ်သော အရေးကြီးသည့် အစိတ်အပိုင်း တစ်ခုဖြစ်သည်။ စားလိုက်သမျှ အစားအစာတွေ သောက်လိုက်တဲ့ ဆေးတွေ အားလုံးအသည်းတွင် အရင်ဖြိုခွဲပြီးမှ ကျန်ခဲ့သော အာဟာရဓါတ်များသည် သွေးကြောထဲသို့ရောက်ကာ လိုအပ်သော တစ်ရှူးများ ဆဲလ်များဆီသို့ ုသွားရပေသည်။ အသည်းသည် ကိုယ်ထဲရှိ အခြားမကောင်းသော ဓါတု ပစ္စည်းများကို စွန့်ထုတ်ပေးခြင်း၊ သောက်လိုက်သော ဆေးများကို ဖြိုခွဲပေးခြင်း၊ သည်းခြေရည် ထုတ်ပေးခြင်းနှင့် သွေးခဲရန်အတွက်လိုအပ်သော ပရိုတင်းဓါတ်များကို ထုတ်ပေးခြင်းများပြုလုပ်သည်။ ဤမျှ အလုပ်များသောအသည်းသည် လူတို့၏ မဆင်မခြင် နေထိုင်မှုများတချို့ကြောင့် ထိခိုက်သွားပြီး လုပ်စရာရှိသော တာဝန်များ ကိုကောင်းကောင်းမလုပ်နိုင်တော့ပေ။ အချိန်ကြာလာသည်နှင့် အမျှ အသည်းဆိုးဆိုးဝါးဝါး ထိခိုက်လာပြီး အသက်သေဆုံးသည် အထိ ဖြစ်တတ်ပါသည်။ ထို့ကြောင့် မဖြစ်ခင်ကတည်းက ကြိုတင်ကာကွယ်နိုင်ရန် အသည်းကို ဆိုးရွားစွာထိခိုက်စေနိုင်သည့် အပြုအမူ (၅)ချက်ကို ပြောပြချင်ပါသည်။

၁ ။ အရက် အလွန်အကျွံသောက်ခြင်း။

အရက် အလွန်အကျွံသောက်ခြင်းသည် အသည်းကို အဓိက ဒုက္ခပေးနေသော အရာဖြစ်သည်။ အရက်အလွန်အကျွံသောက်လိုက်ခြင်းဖြင့် အရက်မှပါသည့်အဆိပ်အတောက်များကို အသည်းက အဆိပ်လျော့သွားအောင် လုပ်ပေးနေရ၍ အခြားသော တာဝန်များကို ကောင်းမွန်စွာ မလုပ်နိုင်တော့ပေ။ ပြင်းအားလျော့သွားသောအဆိပ်သည်ပင် အသည်းအဆီဖုံးခြင်းအသည်းရောင်ခြင်းများကို ဖြစ်စေနိုင်သေးသည်။ ထို့အပြင်သောက်လိုက်သော အရက်ကို ဖြိုခွဲရာမှ ထွက်လာသော ဓါတု ပစ္စည်းများသည် အသည်း ဆဲလ်လေးများကို ထိခိုက်စေသည်။ ထိခိုက်သွားသော ဆဲလ်များနေရာတွင် ဆဲလ် အသစ်များ ပြန်ဖြစ်လာနိုင်သော်လည်း အရက်အလွန်အကျွံသောက်သည့်သက်တမ်းကြာလာသည်နှင့်အမျှ အသည်းဆဲလ်များထိခိုက်ခြင်း သည်ပြန်မကောင်းနိုင်တော့ပေ။ နောက်ပိုင်းတွင် ကုသဖို့ ခက်ခဲသော အသည်းခြောက်ခြင်းဖြစ်လာတော့သည် ။ အသည်းခြောက်သွားလျှင် အသည်း၏လုပ်ဆောင်ချက်များ လုံးဝ ပျက်စီးသွားမည်ဖြစ်သည်။ တစ်ဖန် ထိခိုက်သွားသော ဆဲလ်များ ပြန်ကောင်းအောင် အသည်းက အပြင်းအထန်ကြိုးစားခြင်းဖြင့် ဆဲလ်များပုံမှန် မဟုတ်တော့ဘဲ ပိုပွားကာ အသည်းကင်ဆာ ပင်ဖြစ်စေတတ်ပါသည်။

၂ ။ ဆေးများကို လိုအပ်သော ပမာဏထက်ပို၍ သောက်မိခြင်း။

အသည်းသည် ပါးစပ်မှ သောက်လိုက်သော ဆေးများ၊ ဖြည့်စွက်စာများ၊ တိုင်းရင်းဆေးများကို ဒိုင်ခံ ဖြိုခွဲပေးနေသော အရေးပါသည့်ကိုယ်အဂါၤ အစိတ်အပိုင်း တစ်ခုဖြစ်သည်။ ထိုဆေးများကို အသည်းမှ လက်ခံနိုင်သော ပမာဏထက်ပို၍ သောက်မိပါက အသည်းကို ထိခိုက်စေပြီး နောက်ဆုံးတွင် အသည်းလုံးဝပျက်စီးသွားသည်အထိ ဖြစ်တတ်သည်။ အသည်းကို ထိခိုက်စေသည့် နာမည်ကြီး ဆေးတစ်ခုဖြစ်သောacetaminophen ဖြစ်သည်။ ထိုဆေးကို ဈေးကွက်တွင် အလွယ်တကူ ဝယ်၍ရနေသောကြောင့် ဖျားနာကိုက်ခဲခြင်းများဖြစ်ပါက လူအများ ကိုယ့်သဘောနှင့်ကိုယ် ဝယ်သောက်နေကြသည်။ acetaminophenကို သောက်သင့်သော ပမာဏ အတွင်းကသာ သောက်မည်ဆိုလျှင် ဘေးမဖြစ်စေပါ။ သို့သော် ပမာဏများများကို ရက်ကြာကြာသောက်မိလျှင် သင့်အသည်းစတင်ပျက်စီးလာပါတော့သည်။ အချို့ သော တိုင်းရင်းဆေး၊ ဖြည့်စွက်စာများကို လိုအပ်သည်ထက် ပို၍သောက်မိလျှင်လည်း အသည်းကို ထိခိုက်စေနိုင်သည်။ နာမည်ကြီး နောက်တစ်ခုမှာ ဗီတာမင် A များ လိုအပ်သည်ထက် ပို၍ သောက်မိခြင်းကြောင့် အသည်းတွင် အဆိပ်အတောက်ဖြစ်ခြင်းဖြစ်သည်။ ထို့ကြောင့် ဆေးများဝယ်သောက်မည်ဆိုလျှင် သက်ဆိုင်ရာ ဆရာဝန်နှင့်တိုင်ပင်ခြင်း သို့မဟုတ် ဆေးဘူးနောက်ကျောတွင် သောက်သင့်သော ပမာဏနှင့် အသည်းကို ထိခိုက်နိုင်သည့်ဘေးထွက်ဆိုးကျိုးများ ရှိ၊မရှိ တစ်ချက် ဖတ်ကြည့်သင့်ပါသည်။

၃ ။ ဆေးလိပ်သောက်ခြင်း

သင်ကျန်းမာသော ဘဝ တစ်ခုကို ပိုင်ဆိုင်လိုလျှင် ဆေးလိပ်သောက်ခြင်းကို ရပ်လိုက်သင့်သည်။ ဆေးလိပ်တွင် ပါဝင်သော ဓါတုပစ္စည်းများသည် အသည်းကို သွယ်ဝိုက်သောနည်းဖြင့် ဒုက္ခပေးနိုင်သည်။ ဆေးလိပ်သောက်လိုက်ခြင်းဖြင့် ကိုယ်ထဲဝင်သွားသော အဆိပ်များက အသည်းသို့ရောက်သွားပြီး အသည်း၏ ဆဲလ်များကို ထိခိုက်စေကာ ဆဲလ်တွင်အမာရွတ်များဖြစ်စေသည်။ သောက်သည့် သက်တမ်းကြာလာသည်နှင့် အမျှ ထိခိုက်သွားသော ဆဲလ်များလည်း များလာ၊ အမာရွတ်ဆဲလ်များလည်းများလာပြီး အသည်းဆဲလ်များခဲသွားကာ အသည်း၏ ပုံမှန်လုပ်ဆောင်ချက်များ ပျက်စီးသွားပါတော့သည်။

၄ ။ အိပ်ရေးပျက်များခြင်း

အိပ်ရေးပျက်တာ များလာလျှင် ပေါ်လာသော oxidative stress ဖိအား တစ်မျိုးသည် အသည်းကိုထိခိုက်စေသည်။ လေ့လာချက်များအရ အိပ်ရေးပျက်ခြင်းသည် အသည်းကို ထိခိုက်နိုင်သည့်အပြင် အဝလွန်ခြင်းနှလုံးရောဂြါဖစ်ခြင်း၊ နှင့် ဆီးချိုရောဂါများကိုပါ ဖြစ်စေနိုင်သည်။ အိပ်ချိန်ပြည့်ဝစွာ မအိပ်လျှင် အသည်းတွင် အဆီများစုလာကာ အသည်း အဆီဖုံးလာပြီး အဆိပ်များစွန့်ထုတ်ခြင်းလုပ်ငန်းစဉ်သည်လည်း ယိုယွင်းလာတော့သည်။ ထို့ကြောင့်အရွယ်ရောက်သူ တစ်ဦးအနေနှင့်တစ်နေ့လျှင် အိပ်ချိန် ၇ နာရီမှ ၉ နာရီအတွင်း ရှိသင့်ပါသည်။

၅ ။ အဝလွန်ခြင်းနှင့် အစားအသောက်များ မဆင်မခြင် စားခြင်း။

အစားအသောက်များ မဆင်မခြင်စားခြင်း၊ အဆီများသော အစားအသောက်များ စားခြင်းနှင့် အဝလွန်ခြင်းသည် ဆက်စပ်နေသည်။ ဆီကြော်စာများ အဆီများသော အစားအစာများ စားမိခြင်းကြောင့် အသည်းတွင် အဆီများစုလာခြင်းကို (အရက်ကြောင့် မဟုတ်သော အသည်းအဆီဖုံးခြင်း) ဟုခေါ်သည်။ ပုံမှန်အားဖြင့် အသည်းသည် သွေးထဲရှိ သကြားနှင့် အဆီများကို ထိန်းညှိပေးသည်။ သို့သော် အဝလွန်သောသူများတွင် အသည်းဆဲလ်များတွင်ပင် အဆီများစုနေတတ်သောကြောင့် အချိန်ကြာလာသည်နှင့်အမျှ အသည်းဆဲလ်များ ရောင်လာပြီး သွေးတွင်းရှိ အဆီဓါတ်များကို အသည်းက ထိန်းညှိမပေးနိုင်တော့ပါ။ အချို့သော လေ့လာမှုများတွင် သကြားသည် အရက်ကဲ့သို့ပင် အသည်းကို ဒုက္ခ ပေးနိုင်ပါသည်။ ထိုကြောင့် အသည်းကျန်းမားရေးအတွက် အချိုလျှော့စားခြင်း၊ အချိုရည်လျှော့သောက်ခြင်း၊ သကြားလုံးများလျှော့စားခြင်း၊ အဆီများသော အစားအစာများလျှော့စားခြင်းနှင့် ဝိတ်ချခြင်းများ ပြုလုပ်သင့်ပါသည်။

အသည်းပျက်စီးမှုများကိုဘယ်လိုကာကွယ်မလဲ။

ပထမဆုံးနဲ့ အရေးကြီးဆုံးအချက်ကတော့ အသည်းပျက်စီးမှုတွေကိုဖြစ်ပေါ်စေတဲ့ နေထိုင်စားသောက်မှုပုံစံတွေကို ပြောင်းလဲပစ်ဖို့ပါ။

  • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားသောက်မှုပုံစံကို ကျင့်သုံးပါ။ ပြန်ကြော်ဆီများ၊ ငရုတ်သီးအခြောက်မှုန့်များ၊ မသန့်ရှင်းသည့် လမ်းဘေးစာများကို ရှောင်ရပါမည်။
  • ကိုယ်လက်လှုပ်ရှားမှုပြုလုပ်ပါ။
  • အရက်သောက်တာကို လျှော့ချပါ။ အရက်က ပမာဏ ဘယ်လောက်နည်းနည်း အသည်းကိုထိခိုက်စေသည်လို့ နောက်ပိုင်းသုတေသနတွေကဆိုပါသည်။ လုံးဝမသောက်ဘဲမနေနိုင်ရင်တော့ နည်းနိုင်သမျှ နည်းနည်းလျှော့ချပါ။
  • ဆေးဝါးတွေကိုအလွန်အကျံသောက်သုံးတာ၊ ကိုယ့်သဘောနဲ့ကိုယ်သောက်သုံးတာမျိုးတွေ မလုပ်ပါနဲ့။
  • ဆေးလိပ်မသောက်ပါနဲ့။
  • အိပ်ရေးဝဝအိပ်ပါ၊ စိတ်ဖိစီးမှုကိုလျှော့ချပါ။
  • အသည်းအတွက် ပြည့်ဝတဲ့အာဟာရနဲ့ ဖြည့်စွက်စာတွေ စားသောက်ပေးပါ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

[embed-health-tool-bmr]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

5 Common Habits That Will Damage Your Liverhttp://www.ba-bamail.com/content.aspx?emailid=26314 Accessed date 21.8.2018

Surprising Things That Can Damage Your Liverhttps://www.webmd.com/hepatitis/ss/slideshow-surprising-liver-damage Accessed date 21.8.2018

ယခုပုံစံ

25/08/2022

Dr. Thin Yadanar @ Frances မှ ရေးသားသည်။

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အသည်းကျန်းမာဖို့စားသင့်သောအစားအစာများ

အရက်အလွန်အကျွံသောက်ရင် အသည်းကိုဘယ်လိုထိခိုက်စေသလဲ



Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement