backup og meta

ဆီးချိုဝေဒနာရှင်များ နှလုံးရောဂါဖြစ်ပွားမှုမရှိအောင်

Written by Dr. Thant Zin · အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆီးချိုဝေဒနာရှင်များ နှလုံးရောဂါဖြစ်ပွားမှုမရှိအောင်

    အမေရိကန် နှလုံးကျန်းမာရေး အဖွဲ့အစည်းရဲ့ အဆိုအရ အမျိုးအစား ၂ ဆီးချိုရှိနေသူများရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေဟာ သာမန်လူတွေထက် နှစ်ဆရှိနေပါတယ်။

    မိမိကိုယ်ကို ထိုက်သင့်တဲ့ ဂရုစိုက်မှုရှိမယ်ဆိုရင်တော့ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်တယ်လို့ ဆိုပါတယ်။ အောက်ပါ အမူအကျင့် ၆ မျိုးကတော့ နှလုံးရောဂါ၊ လေဖြတ်ခြင်းကျောက်ကပ်ရောဂါ၊ အာရုံကြောပျက်စီးခြင်းစတဲ့ နှလုံးနဲ့ ဆက်စပ်ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။

    ၁။ ကျန်းမာရေးနှင့် ညီညွတ်စွာ စားသုံးပါ

    ဆီးချိုရောဂါကို ထိရောက်စွာ ကုသနိုင်ဖို့နဲ့ နှလုံးရောဂါကို ဖြစ်နိုင်ခြေနည်းစေဖို့ အရေးကြီးတဲ့ အချက်တစ်ချက်ကတော့ စားသောက်မှုပုံစံကို ထိန်းသိမ်းပေးခြင်းပါပဲ။ ဆိုဒီယမ်ပါသော အစားအစာ၊ ပုံပြောင်းဆီ၊ ပြည့်ဝဆီ စတာတွေကို ရှောင်ရပါမယ်။ သကြားထပ်မံ ဖြည့်တင်းထားတဲ့ စားစရာတွေကိုလည်း လျှော့ချရပါမယ်။

    စားသောက်သမျှ အနပ်တွေမှာ အသီးအနှံ၊ ဟင်းသီးဟင်းရွက်၊ ကစီဓာတ်၊ အဆီ၊ ပရိုတင်း စတာတွေကို မျှတစေရပါမယ်။ ယေဘုယျအားဖြင့် ပဲအမျိုးမျိုး၊ ကြက်ဘဲ ငါး၊ အသားစတာတွေကို ရွေးချယ်ပြီး ဆီနဲ့ကြော်ထားတဲ့ အစားအစာတွေကို ရှောင်ကြဉ်ရပါမယ်။ ပေါင်မုန့်ကြမ်း၊ အဆီနည်းတဲ့ ဒိန်ခဲ၊ နို့ထွက်ပစ္စည်းအမျိုးမျိုး စတာတွေကို ရွေးချယ်ပါ။

    ၂။ လှုပ်ရှားတက်ကြွစွာနေထိုင်ပါ။

    ကိုယ်လက်လှုပ်ရှားမှု ပုံမှန်ပြုလုပ်ခြင်းဟာ နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျှော့ချပေးနိုင်ပါတယ်။ ရောဂါထိန်းချုပ်ကာကွယ်ရေးဌာနရဲ့ အဆိုအရ အရွယ်ရောက်ပြီးသူများဟာ တစ်နေ့ကို အနည်းဆုံး ၂ နာရီခွဲခန့် အင်အားအတန်အသင့် စိုက်ထုတ်ရတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်တယ်လို့ ဆိုပါတယ်။ လမ်းအမြန်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း စတာတွေကို ပြုလုပ်သင့်ပါတယ်။

    ကြွက်သားများကို ဦးစားပေးလေ့ကျင့်တဲ့ လေ့ကျင့်ခန်းတွေကို တစ်ပတ်ကို အနည်းဆုံးနှစ်ရက် ဆောင်ရွက်သင့်ပါတယ်။ အဓိကကြွက်သားအုပ်စုအားလုံးကို လေ့ကျင့်ပေးရပါမယ်။ လက်မောင်း၊ ခြေထောက်၊ ပေါင်၊ ပခုံး၊ ရင်အုပ်၊ ကျော၊ ဝမ်းဗိုက်ကြွက်သား အားလုံးကို မျှတစွာ လေ့ကျင့်ပေးရပါမယ်။ ဘယ်လေ့ကျင့်ခန်းတွေကို အဓိကထားရမယ်ဆိုတာ ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်သင့်ပါတယ်။

    ၃။ စိတ်ဖိစီးမှုလျှော့ချပါ

    စိတ်ဖိစီးမှုမြင့်မားရင် သွေးပေါင်ချိန်တက်ပြီး နှလုံးရောဂါဖြစ်ပွားနိုင်ခြေများပါတယ်။ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုတွေ များပြားနေတယ်ဆိုရင် စိတ်ဖိစီးမှု လျော့ကျစေတဲ့ လေ့ကျင့်ခန်းတွေ ပြုလုပ်သင့်ပါတယ်။ အသက်ဝဝရှုခြင်း၊ တရားထိုင်ခြင်း၊ ကြွက်သားများ ဖြေလျှော့ခြင်း စတာတွေ ပြုလုပ်ရပါမယ်။ ဒီနည်းလမ်းတွေဟာ ရိုးရှင်းပြီး အချိန်သိပ်မကုန်စေဘဲ နေရာမရွေး ပြုလုပ်နိုင်ပါတယ်။ စိတ်ဖိစီးမှု ကြုံနေရချိန်မှာ တကယ်ပဲ အထောက်အကူပြုပါတယ်။

    ၄။ နေ့စဉ်အခြေအနေကို မှတ်တမ်းတင်ပါ

    မိမိရဲ့နေ့စဉ် ဆီးချိုပမာဏနဲ့ သွေးပေါင်ချိန်ကို မှတ်တမ်းပြုစုထားခြင်းဟာ ကောင်းတဲ့ အလေ့အကျင့်ဖြစ်ပါတယ်။ ဆီးချိုတိုင်းစက်၊ သွေးပေါင်ချိန်စက်တွေကို အလွယ်တကူ ဝယ်ယူ အသုံးပြုနိုင်ပါတယ်။

    တိုင်းတာရာမှာ ဆရာဝန် (သို့မဟုတ်) နားလည်တတ်ကျွမ်းသူတွေ ညွှန်ပြတဲ့အတိုင်း စစ်ဆေးတိုင်းတာပြီး စာအုပ်နဲ့ စနစ်တကျ မှတိတမ်းတင်ထားရမှာ ဖြစ်ပါတယ်။ ဆရာဝန်နဲ့ နောက်တစ်ခါ ချိန်းဆိုပြသရာမှာ ဒီမှတ်တမ်းကို ယူဆောင်သွားရမှာ ဖြစ်ပါတယ်။

    ၅။ ကိုယ်အလေးချိန် တိုင်းတာပါ

    ကိုယ်အလေးချိန်များခြင်း၊ အဝလွန်ခြင်းဟာ နှလုံးရောဂါဖြစ်ပွားမှု မြင့်တက်စေတဲ့ အကြောင်းအရင်းတခု ဖြစ်ပါတယ်။ သွေးပေါင်ချိန်မြင့်တက်ခြင်း၊ ကိုလက်စထရောနှင့် သွေးတွင်း သကြားဓာတ်မထိန်းနိုင်ခြင်း စတာတွေကို ဖြစ်ပေါ်စေတတ်ပါတယ်။

    မိမိရဲ့ ကိုယ်အလေးချိန်ဟာ ပုံမှန်အတိုင်းအတာထဲ ရှိသလား အဝလွန်နေသလားဆိုတာ BMI ညွှန်ကိန်းနဲ့ တွက်ချက်ကြည့်နိုင်ပါတယ်။ မိမိကိုယ်အလေးချိန်နဲ့ အရပ်အမြင့်ကို BMI တွက်ချက်တဲ့ ဖော်မြူလာထဲမှာ ထည့်သွင်းပြီး တွက်ရုံပါပဲ။ BMI ညွှန်ကိန်း ၂၅ နဲ့ ၂၉.၉ ဟာ ကိုယ်အလေးချိန် မြင့်တဲ့အထဲ ပါဝင်နေပြီး ၃၀ ကျော်နေရင်တော့ အဝလွန်စာရင်းဝင်ပါတယ်။

    BMI တွက်ချက်မှုဟာ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ဆရာဝန်နဲ့ပြသဖို့ လို၊မလိုဆိုတာ ဆုံးဖြတ်နိုင်ပါတယ်။ ကိုယ်အလေးချိန်များတဲ့ စာရင်းဝင်နေရင်၊ အဝလွန်စာရင်းဝင်နေရင် ဆရာဝန် (သို့မဟုတ်) နားလည်တတ်ကျွမ်းသူတွေနဲ့ တိုင်ပင်ပြီး ကိုယ်အလေးချိန် လျှော့ချဖို့ အစီအစဉ် ရေးဆွဲနိုင်ပါတယ်။

    ၆။ ဆရာဝန်ပုံမှန်ပြပါ

    ဆီးချိုကို ဘယ်လိုထိန်းချုပ်မလဲ၊ နှလုံးရောဂါဖြစ်နိုင်ခြေကို ဘယ်လိုလျှော့ချမလဲဆိုတာ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဆရာဝန်နဲ့ ခြောက်လတစ်ကြိမ်လောက် ပုံမှန် ချိန်းဆိုပြသသင့်ပါတယ်။ ဆရာဝန်နဲ့ ပြသရာမှာ မိမိရဲ့ ကိုယ်အလေးချိန်၊ စားသောက်မှုပုံစံ၊ လေ့ကျင့်ခန်းလုပ်ပုံ စတာတွေကို ပွင့်ပွင့်လင်းလင်း ဖွင့်ဟတိုင်ပင်ရမှာ ဖြစ်ပါတယ်။ အရှိအတိုင်း အမှန်အတိုင်း ဖွင့်ဟဆွေးနွေးခြင်းဟာ မိမိရှေ့ဆက်လုပ်ဆောင်စရာတွေအတွက် အကောင်းဆုံး အစီအစဉ်ဆွဲနိုင်ဖို့ အကောင်းဆုံးပါပဲ။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Dr. Thant Zin

    အထွေထွေ ခွဲစိတ်ကုသမှု · Defence Service Medical Acadamy


    22/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement