
ဆီးချိုရှိသူ တစ်ယောက်က ကျန်းကျန်းမာမာနဲ့ သက်တမ်းစေ့နေနိုင်ဖို့ဆိုရင် ကိုယ့်ကိုကိုယ် ဂရုစိုက်ဖို့က မဖြစ်မနေလိုအပ်ပါတယ်။ ဒီလိုဂရုစိုက်တဲ့အခါသွေးတွင်းသကြားဓာတ်မြင့်နေတာလား၊ ရှိသင့်တာထက်နည်းနေတာလားဆိုတာကိုသေချာသိရှိပြီး မှန်ကန်တဲ့ကုသမှုကိုလုပ်ဆောင်ဖို့လိုအပ်ပါမယ်။ ဒီလိုလုပ်ဆောင်ဖို့အတွက် ခံစားရတဲ့ လက္ခဏာတွေကသွေးချိုတက်နေတာလား၊ ကျနေတာလားဆိုတာကို သိရှိနိုင်စေဖို့ ဒီဆောင်းပါးလေးကနေတဆင့်ဖော်ပြပေးလိုက်ပါတယ်။
ပုံမှန်ရှိသင့်တဲ့သွေးတွင်းသကြားဓာတ်က ဘယ်လောက်လဲ……..
ညဘက်ကဘာမှမစားထားဘဲ မနက်ခင်းမှာ တိုင်းတဲ့အခါသွေးတွင်းသကြားဓာတ်က ၁၀၀mg/dL ထက်နည်းရပါမယ်။
အစားစားပြီး ၂ နာရီအကြာမှာတော့သွေးတွင်းသကြားဓါတ်က ၁၄၀ mg/dL ထက်နည်းရပါမယ်။ ဒါကဆီးချိုရောဂါမရှိတဲ့ သာမန်ကျန်းမာနေသူတစ်ယောက်မှာရှိသင့်တဲ့သွေးတွင်းသကြားဓာတ်ပမာဏပါ။
သွေးတွင်းသကြားဓာတ်မြင့်နေတဲ့အခါ
ဆီးချိုရောဂါရှိသူတစ်ယောက်အနေနဲ့သွေးတွင်းသကြားဓာတ်မြင့်တက်နေတဲ့အခါ အခုလိုမျိုးလက္ခဏာတွေတွေ့ရနိုင်ပါတယ်။
ဆီးခဏခဏသွားမယ် -သွေးတွင်းကပိုလျှံနေတဲ့ သကြားဓာတ်တွေကိုချေဖျက်ဖို့ကျောက်ကပ်ကတော်တော်လေးအလုပ်လုပ်နေရတာပါ။
ရေငတ်မယ် -သွေးတွင်းသကြားဓာတ်များတာကြောင့် တစ်ရှူးတွေကထဲကရေတွေကုန်ခမ်းသွားတာကြောင့် ခန္ဓာကိုယ်က လုပ်ငန်းစဉ်တွေကို ပုံမှန်လုပ်ဆောင်ဖို့အတွက်ရေများများသောက်ဖို့လိုအပ်ကြောင်း ဦးနှောက်က အသိပေးနေတာ။
ခံတွင်းခြောက်မယ် -သွေးတွင်းသကြားဓာတ်မြင့်တဲ့အခါရေဓာတ်နည်းသွားတာကြောင့် ခံတွင်းခြောက်တာ၊ နှုတ်ခမ်းကွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်။ ဒီလိုအခြေအနေမှာ တံထွေးထွက်ရှိမှုနည်းသွားပြီး လျှာနဲ့ ပါးစောင်တွေမှာအဖြူကွက်တွေဖြစ်တာ၊ သွားဖုံးရောင်တာမျိုးတွေဖြစ်လာနိုင်ပါတယ်။
အမြင်အာရုံပြဿနာဖြစ်မယ် -သွေးချိုအရမ်းတက်တဲ့အခါ အမြင်အာရုံတွေဝေဝါးတာဖြစ်စေနိုင်ပါတယ်။ ဒီလိုဖြစ်တာနဲ့အတူ သွေးချိုမြင့်တက်မှုကြောင့် မျက်လုံးအတွင်းပိုင်းကသွေးကြောလေးတွေ ထိခိုက်ပျက်စီးနိုင်ပါတယ်။
ခြေကုန်လက်ပန်းကျမယ် -သွေးတွင်းသကြားဓာတ်အရမ်းမြင့်သွားတဲ့အခါ အမျိုးအစား (၂) ဆီးချိုရောဂါရှိသူတွေမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်စွမ်းနည်းသွားပြီးခြေကုန်လက်ပမ်းကျသွားနိုင်ပါတယ်။
အစာမကြေတာမျိုးဖြစ်မယ် -သွေးတွင်းသကြားဓာတ်မြင့်တက်မှုက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အဟန့်အတားဖြစ်စေပြီး အစာချေဖျက်မှုကိုနှေးကွေးစေပါတယ်။ ဒါကြောင့် ဗိုက်အောင့်တာ၊ ရင်ပူတာ၊အော့အန်တာတွေခံစားရနိုင်ပါတယ်။
သွေးတွင်းသကြားဓာတ်ကျနေတဲ့အခါ
ခြေကုန်လက်ပန်းကျမယ် -သွေးတွင်းသကြားဓာတ်အရမ်းကျသွားတဲ့အခါမျိုးမှာလည်းခြေကုန်လက်ပန်းကျနိုင်ပါတယ်။
နှလုံးခုန်မမှန်ဖြစ်မယ် -သွေးတွင်းသကြားဓာတ်ကျသွားတဲ့အခါ နှလုံးခုန်နှုန်းကနှေးသွားပြီး နှလုံးမမှန်တာမျိုးဖြစ်နိုင်ပါတယ်။
ကတုန်ကယင်ဖြစ်မယ် –ခြေဖျားလက်ဖျားတွေအေးစက်ပြီးခြေလက်တွေတုန်တာကလည်းသွေးတွင်းသကြားဓာတ်ကျဆင်းနေတယ်ဆိုတဲ့ လက္ခဏာတစ်ခုပါ။
ချွေးတွေအရမ်းထွက်နေမယ် -ခန္ဓာကိုယ်မှာချွေးစေးတွေပြန်နေမယ်၊ချွေးတွေရွှဲနစ်နေအောင်ထွက်နေမယ်ဆိုရင် သွေးတွင်းသကြားဓာတ်က ရှိသင့်တာထက်တော်တော်လေးနည်းနေတာပါ။
ဗိုက်ဆာမယ် – အစားပြည့်ပြည့်ဝဝစားထားရက်နဲ့ ဗိုက်ဆာတယ်လို့ခံစားရတာကသွေးတွင်းသကြားဓာတ်နည်းနေတာကြောင့် ခန္ဓာကိုယ်ကသွေးတွင်းသကြားဓာတ်လိုအပ်နေကြောင်းပြသနေတဲ့ လက္ခဏာတစ်ရပ်ပါ။
မအီမသာဖြစ်မယ် – ဗိုက်ထဲမှာအော်ဂလီဆန်ပြီး မအီမသာခံစားနေရတယ်ဆိုရင် ဒါကသွေးတွင်းသကြားဓာတ်နည်းနေတဲ့ လက္ခဏာတစ်ခုပါ။
မူးဝေမယ် -သွေးတွင်းသကြားဓာတ်နည်းသွားတာကြောင့် ဦးနှောက်ဆဲလ်တွေက လိုအပ်တဲ့ အချိုဓာတ်ကို မရရှိတဲ့အတွက် ခေါင်းမူးဝေရတာပါ။
စိတ်ရှုပ်ထွေးမယ် -သွေးတွင်းသကြားဓာတ်ကျသွားတဲ့အခါ အာရုံရှုပ်ထွေးတာတွေ၊ ပလုံးပထွေးစကားပြောတာမျိုးတွေဖြစ်လာနိုင်ပါတယ်။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



