ဆီးချိုကြောင့် ကိုယ်ဝန်ဆောင်စဉ် ကြုံရသော ပြဿနာများ

    ဆီးချိုကြောင့် ကိုယ်ဝန်ဆောင်စဉ် ကြုံရသော ပြဿနာများ

    ဆီးချိုကြောင့် ကိုယ်ဝန်ဆောင်စဉ် ကြုံရသော ပြဿနာများ

    အမျိုးအစား (၁) သို့ (၂) ဆီးချိုရောဂါရှိသူ ကိုယ်ဝန်ဆောင်တွေမှာ သွေးတွင်းသကြားဓာတ်ကို ကောင်းကောင်းမထိန်းချုပ်နိုင်ရင် အမေအတွက်ရော ကလေးအတွက်ပါ ပြဿနာရှိပါတယ်။

    မွေးရာပါချို့ယွင်းချက်များ

    ကလေးရဲ့ အင်္ဂါအစိတ်အပိုင်းများဟာ အမျိုးသမီးအနေနဲ့ ကိုယ်ဝန်ရှိမှန်းတောင် မသိနိုင်သေးခင် ကိုယ်ဝန်ပထမဆုံး၂လမှာမှာ စတင်ဖြစ်ပေါ်လာတာဖြစ်ပါတယ်။ မိခင်ရဲ့ သွေးတွင်းသကြားပမာဏကို မထိန်းနိုင်ရင် ကလေးရဲ့အင်္ဂါအစိတ်အပိုင်းတွေကို ထိခိုက်စေပြီး ဖွံ့ဖြိုးဆဲကလေးမှာ ဦးနှောက်၊ ကျောရိုးနဲ့ နှလုံးမှာ ချို့ယွင်းချက်တွေ ဖြစ်လာနိုင်ပါတယ်။

    ကလေးအလွန်ထွားခြင်း

    ဆီးချိုကို ကောင်းစွာမထိန်းနိုင်တဲ့အခါ ကလေးရဲ့သွေးတွင်း သကြားဓာတ်ကိုပါ မြင့်တက်စေပါတယ်။ အဲ့ဒီအခါ ကလေးဟာ အလွန်ကြီးထွားလာတတ်ပါတယ်။ ကိုယ်ဝန်ဆောင်နောက်ပိုင်းကာလတွေမှာ မိခင်အနေနဲ့ သက်တောင့်သက်သာမရှိ ဖြစ်တတ်ပါတယ်။ မီးဖွားချိန်မှာလည်း ကလေးကိုရော မိခင်ကိုပါ အခက်အခဲဖြစ်စေပါတယ်။ မိခင်အနေနဲ့ ခွဲစိတ်မွေးဖွားမှု လိုအပ်လာနိုင်ပါတယ်။ ရိုးရိုးမွေးဖွားစဉ်မှာ ကလေး ပုခုံးဟာ အဖိခံရတာကြောင့် အာရုံကြောထိခိုက်မှု ဖြစ်တတ်ပါတယ်။

    ခွဲစိတ်မွေးဖွားခြင်း

    C-Section ဆိုတာ မိခင်ရဲ့ဝမ်းဗိုက်ကို ခွဲစိတ်ပြီး ကလေးမီးဖွားခြင်း ဖြစ်ပါတယ်။ ဆီးချိုမထိန်းနိုင်တဲ့ မိခင်တစ်ယောက်ဟာ ခွဲစိတ်မွေးဖွားရနိုင်ချေ များပါတယ်။ ကလေးကို ခွဲပြီးမွေးတဲ့အခါ ဆီးချိုသည်မိခင်ဟာ မီးတွင်းကနေ ပြန်သက်သာဖို့ အချိန်ပိုကြာတတ်ပါတယ်။

    သွေးတိုးခြင်း

    ကိုယ်ဝန်ဆောင်တစ်ယောက်ဟာ သွေးတိုးလာပြီး ဆီးထဲမှာ ပရိုတိန်းဓာတ်တွေ ပါလာရင်၊ ခြေချောင်းလက်ချောင်းလေးတွေ ဖောရောင်လာရင် preeclampsia လို့ခေါ်တဲ့ ကိုယ်ဝန်ဆိပ်တက်ခြင်းပဏာမအဆင့် ဖြစ်နိုင်ပါတယ်။ ဒါဟာ ဆိုးရွားတဲ့ပြဿနာဖြစ်ပြီး ဆရာဝန်အနေနဲ့ သေချာစွာ စောင့်ကြည့်ကုသဖို့ လိုအပ်ပါတယ်။ သွေးတိုးခြင်းဟာ မိခင်ကိုရော ကလေးကိုပါ ဒုက္ခပေးနိုင်ပါတယ်။ ကလေး စောစောမွေးတာမျိုးဖြစ်လာနိုင်ပြီး မွေးဖွားစဉ်မှာ တက်ခြင်း၊ လေဖြတ်ခြင်း တို့လည်းဖြစ်နိုင်ပါတယ်( ဦးနှောက်ထဲမှာ သွေးယိုစိမ့်ခြင်း၊ သွေးခဲခြင်း သည် ဦးနှောက်ကို ထိခိုက်စေပါသည်)။ ဆီးချိုအမျိုးအစား (၁) ဖြစ်စေ (၂) ဖြစ်စေ သွေးတိုးနိုင်ခြေဟာ ရောဂါမရှိသူနှင့် ယှဉ်ရင်ပိုများပါတယ်။

    ကလေးစောမွေးခြင်း

    စောစောမွေးတာ ကလေးအတွက် ပြဿနာရှိပါတယ်။ ဥပမာ- အသက်ရှူလမ်းကြောင်း နဲ့ နှလုံး ပြဿနာ၊ ဦးနှောက်အတွင်း သွေးယိုခြင်း၊ အူလမ်းကြောင်းပြဿနာ၊ အမြင်ပိုင်းဆိုင်ရာပြဿနာတွေ ရှိနိုင်ပါတယ်။ ဆီးချိုရှိသူ အမျိုးသမီးတွေဟာ မရှိသူတွေထက်စာရင် စောစောမွေးဖွားနိုင်ခြေများပါတယ်။

    သွေးတွင်းသကြားဓာတ်နည်းခြင်း

    အင်ဆူလင်နဲ့ တခြားဆေးတွေသောက်နေရသူ ဆီးချိုရောဂါသည်တွေမှာ သကြားဓာတ်နည်းတာ ဖြစ်လာနိုင်ပါတယ်။ အဲ့ဒီအခါ အလွန်ဆိုးရွားပြီး အချိန်မီမကုရင် အသက်အန္တရာယ်ရှိတဲ့အထိ ဖြစ်လာနိုင်ပါတယ်။ အမျိုးသမီးများအနေနဲ့ သေချာစောင့်ကြည့် ထိန်းသိမ်းကာ စောစောကုသမယ်ဆိုရင် သွေးတွင်းသကြားဓာတ်နည်းမသွားအောင် ရှောင်ကြဉ်နိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်စဉ်မှာ ဆီးချိုကို မထိန်းသိမ်းနိုင်ရင် ကလေးဟာ မွေးဖွားပြီးချိန်မှာ သွေးတွင်းသကြားဓာတ်နည်းသွားတာ မြန်မြန်ဆန်ဆန် ဖြစ်ပေါ်လာနိုင်ပါတယ်။ မွေးဖွားပြီးနောက် နာရီအတော်ကြာတဲ့အထိ ကလေးရဲ့ သွေးတွင်းသကြားဓာတ်ကို စောင့်ကြည့်ရမှာ ဖြစ်ပါတယ်။

    ကလေးပျက်ကျခြင်း၊ ကလေးအသေမွေးခြင်း

    ကလေးပျက်ခြင်းဆိုတာ ကိုယ်ဝန်ကာလ ၂၀ ပတ်မတိုင်မီ ဆုံးရှုံးခြင်းဖြစ်ပါတယ်။ ကလေးအသေမွေးခြင်းကတော့ ၂၀ ပတ်နောက်ပိုင်း မိခင်ဝမ်းတွင်း ကလေးသေဆုံးခြင်းကို ဆိုလိုပါတယ်။ ဒီလိုဖြစ်ရခြင်းအတွက် အကြောင်းရင်းမျိုးစုံ ရှိပါတယ်။ ဆီးချိုကောင်းကောင်းမထိန်းနိုင်တဲ့ ကိုယ်ဝန်ဆောင်ဟာ ပျက်ကြဖို့၊ အသေမွေးဖို့ ဖြစ်နိုင်ခြေ ပိုများပါတယ်။

    HelloHealth Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ။

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    ရင်းမြစ်များ

    Risk of gestinational diabetes, https://www.tommys.org/pregnancy-information/pregnancy-
    complications/gestational-diabetes/what- gestational-diabetes/risks, Accessed October 25 th , 2016.

    Diabetes and pregnancy, https://www.niddk.nih.gov/health-information/diabetes/diabetes-
    pregnancy, Accessed October 25 th , 2016.

    စာရေးသူ ဓာတ်ပုံbadge
    Dr. Thant Zin မှ ရေးသားသည်။ 06/06/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။