home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

COVID-19 (Coronavirus disease) ယုံတမ်းပုံပြင်များ

COVID-19 (Coronavirus disease) ယုံတမ်းပုံပြင်များ

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလစပြီး တရုတ်နိုင်ငံက စတင်ဖြစ်ပွားခဲ့တဲ့ COVID-19 ကူးစက်ရောဂါက အခုဆိုတစ်ကမ္ဘာ လုံး လူတစ်သိန်းကျော်ကူးစက်ခံထားရပြီး သေဆုံးသူလည်း အယောက် ၄ ထောင်ကျော်သွားပြီဖြစ်ပါတယ် (ဒီစာရေးသားတဲ့ အချိန်ထိ)။ ရောဂါကူးစက်နှုန်းနဲ့ယှဉ်ရင် သေဆုံးမှုနှုန်းက ၆% ပဲရှိပေမဲ့ ကူးစက်နှုန်းကတော့ အင်မတန်မြန်တာကို တွေ့ ရမှာပါ။ ရောဂါအသစ်ဖြစ်သလို သုတေသနလုပ်နေဆဲ အဆင့်ဖြစ်တာကြောင့် COVID-19 နဲ့ ပတ်သက်ပြီး ယုံတမ်းစကားတွေ၊ ထင်ရာမြင်ရာ ပြောဆိုကြတာတွေ အတော်လေးများပြားပါတယ်။ ဒါကြောင့် ဒီဆောင်းပါး မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက ဖြေရှင်းထားတဲ့ COVID-19 ရောဂါနဲ့ပတ်သက်တဲ့ ယုံတမ်းပုံပြင်တချို့ကို ဖော်ပြ ပေးလိုက်ပါတယ်။

COVID-19 ရောဂါအတွက် ကာကွယ်ဆေး (ဒါမှမဟုတ်) ကုသဆေး ရှိသလား

ဒီနေ့အထိတော့ COVID-19 အတွက် ဘာကုသဆေး၊ ကာကွယ်ဆေးမှ မပေါ်သေးပါဘူး။ ဘယ်အားဆေးကို ဘယ်လိုသောက်ရင်၊ဘယ်အရွက်ကို ဘယ်လိုသောက်ရင် COVID-19 မကူးစက်ဘူးဆိုတာ လုံး၀ (ဂျင်း) တွေလို့ပြောပါရစေ။ ထိရောက်တဲ့ ကာကွယ်ဆေးအသစ်ထွက်ပေါ်လာအောင် အမေရိကန်၊ ဂျပန်၊ တရုတ် စတဲ့ ကမ္ဘာ့နိုင်ငံအများအပြားက ကြိုးစားနေကြဆဲပါ။

COVID-19 ကို ပိုးသတ်ဆေးတွေနဲ့ ကုသနိုင်သလား

လုံးဝမထိရောက်ပါ။ ပိုးသတ်ဆေးဆိုတာ ဘတ်တီးရီးယားတွေကိုသာ ထိရောက်ပြီး ဘယ်ဗိုင်းရပ်စ်ကိုမှ မနှိမ်နင်းနိုင်ပါဘူး။ ဒါ့ကြောင့် COVID-19 ရောဂါအတွက် ပိုးသတ်ဆေးကိုလုံးဝမသုံးစွဲသင့်ကြောင့် ပြောကြား လိုက်ရပါစေ။

COVID-19 ရောဂါက လူကြီးမှာ ပိုဖြစ်လား၊ လူငယ်တွေမှာပိုဖြစ်လား

COVID-19 ရောဂါက လူကြီး၊လူငယ်မရွေးကူးစက်ဖြစ်ပွားနိုင်ပါတယ်။ ဒါပေမဲ့ အသက်ကြီးသူတွေနဲ့ ပန်းနာရင် ကျပ်ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ လိုနာတာရှည်ရောဂါရှိသူတွေ ပိုဖြစ်ပွားတာတွေ့ရပါတယ်။

ကြက်သွန်စားရင် COVID-19 ရောဂါမဖြစ်ဘူးဆိုတာဟုတ်သလား

ကြက်သွန်စားရင် ပိုးမွှားတချို့ကိုသေစေတာမှန်ပေမဲ့ ဒီထဲမှာ ကိုရိုနာဗိုင်းရပ်စ်တော့မပါပါဘူး။ ဒါ့ကြောင့် COVID-19 မဖြစ်အောင် ကြက်သွန်တွေစားရင် ခံတွင်းအနံ့ နံရုံပဲရှိမှာပါ။

နှာခေါင်းထဲကို ဆားရည်နဲ့ကျင်းပေးရင် COVID-19 ကူးစက်မခံရအောင်ကာကွယ်နိုင်ပါသလား

မကာကွယ်ပါဘူး။ နှာခေါင်းထဲ ဆားရည်နဲ့ကျင်းပေးတာက အအေးမိရောဂါမြန်မြန်သက်သာနိုင်ပေမဲ့ COVID-19 အပေါ်တော့ ဘာမှထိရောက်မှာ မဟုတ်ပါဘူး။ COVID-19 မှမဟုတ်ပါဘူး၊ နှာခေါင်းထဲဆားရည်ကျင်းရင် ဘယ်အသက်ရှုလမ်းကြောင်းရောဂါမှ မကာကွယ်နိုင်ပါဘူး။

တုပ်ကွေးကာကွယ်ဆေးတွေ၊ နမိုးနီးယားရောဂါကာကွယ်ဆေးတွေက COVID-19 ကိုကာကွယ်နိုင်လား

မကာကွယ်နိုင်ပါဘူး။ COVID-19 ဖြစ်စေတဲ့ ကိုရိုနာဗိုင်းရပ်စ်က ပိုးအသစ်ဖြစ်တာကြောင့် ကာကွယ်ဆေး အသစ်လိုအပ်ပါတယ်။ လိုအပ်တဲ့ဆေးဝါးအသစ်တွေကိုလည်း တီထွင်ဆဲဖြစ်ပါတယ်။

ခွေး၊ ကြောင်လို အိမ်မွေးတိရစ္ဆာန်လေးတွေ ကနေ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရနိုင်လား

အခုချိန်ထိ ခွေးလေး၊ ကြောင်လေးတွေမှာ ကိုရိုနာပိုးကူးစက်တယ်ဆိုတဲ့ သက်သေအထောက်အထား မရှိသေး ပါဘူး။ ဒါပေမဲ့ ဒီလိုတိရစ္ဆာန်လေးမှာ အီးကိုလိုင်(E.coli) ၊ ဆာမိုနယ်လာ (Samonella) ဘက်တီးရီးယား တွေရှိတတ်လို့ ကိုင်တွယ် ပွတ်သပ်ပြီးတိုင်း လက်ကိုသေချာဆေးဖို့လိုမယ်နော်။

အယ်လ်ဟိုဟောနဲ့ ကလိုရင်းအရည်တွေဖြန်းရင် ကိုရိုနာဗိုင်းရပ်စ်ကို သတ်ပစ်နိုင်လား

မသတ်နိုင်ပါဘူး။ ခန္ဓာကိုယ်ထဲဝင်ရောက်သွားပြီးသား ကိုရိုနာဗိုင်းရပ်စ်ကို ဒီလိုအရည်တွေဖြန်းပြီး မနှိမ်နင်းနိုင် ပါဘူး။ အရာဝတ္ထုမျက်နှာပြင်အမျိုးမျိုးမှာ ကပ်တွယ်နေတဲ့ ဗိုင်းရပ်စ်ကို အယ်ကိုဟော၊ ကလိုရင်းအရည်ဖြန်းပြီး ရောဂါမကူးစက်အောင်လုပ်လို့ရပေမဲ့ မျက်လုံးနဲ့ပါးစပ်ထဲမဝင်အောင် သတိနဲ့အသုံးပြုဖို့တော့ လိုပါတယ်။

လက်အခြောက်ခံစက်တွေက ကိုရိုနာဗိုင်းရပ်စ်ကိုနှိမ်နင်းနိုင်လား

မနှိမ်နင်းနိုင်ပါဘူး။ လက်ကိုဆပ်ပြာနဲ့သေချာဆေးကြောတာ၊ အယ်လ်ကိုဟောပါတဲ့လက်ဆေးရည်နဲ့ ဆေးကြောတာတွေကသာ နှိမ်နင်းနိုင်တာဖြစ်ပါတယ်။

ခြင်ကိုက်ရင် COVID-19 ရောဂါကူးစက်နိုင်လား

ဒီနေ့အချိန်ထိ ခြင်ကိုက်ရာကနေ COVID-19 ကူးစက်ဖြစ်ပွားနိုင်တယ်ဆိုတာ သက်သေမပြနိုင်သေးပါဘူး။ COVID-19 ရောဂါက နှာချေ၊ ချောင်းဆိုးရာက ထွက်တဲ့အမှုန်အမွှားတွေကနေ တစ်ဆင့်အဓိကကူးစက်တာဖြစ် ပါတယ်။

ရေးသားသူ – Dr.Htoo Tint

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thiha Phyo Myint မှ ရေးသားသည်။ 11/05/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။