home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ရင်သားအရည်အိတ်တည်ခြင်း

ရင်သားအရည်အိတ်တည်ခြင်း

ရင်သားအရည်အိတ်တည်ခြင်းဆိုတာ ဘာလဲ

Fibrocystic breast changes ခေါ် ရင်သားအရည်အိတ်တည်ခြင်းဟာ အမျိုးသမီးတွေမှာ အလွန်အဖြစ်များတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်။ ဒီပြဿနာကြောင့် သင့်ရင်သားမှာ အလုံးအကျိတ်ပေါ်ခြင်း၊ ထိမိကိုင်မိတဲ့အခါ နာကျင်ခြင်း၊ ရံဖန်ရံခါ ရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ တကယ်တော့ ရင်သားအရည်အိတ်တည်ခြင်းလို့ ဆိုရာမှာ အောက်ပါအခြေအနေ ၂မျိုး ပါဝင်ပါတယ်။

  • ရင်သားတစ်ရှူးများ အမာရွတ်ကဲ့သို့ မာသွားခြင်း
  • ကင်ဆာမဟုတ်သည့် အရည်အိတ်များကြောင့် ရင်သားတစ်ရှူးများတင်းပြီး နာကျင်ခြင်း

ရင်သားအရည်အိတ်တည်ခြင်းရှိမရှိ ဘယ်လိုသိနိုင်မလဲ

ရင်သားအရည်အိတ်တည်ခြင်းက သင့်ရင်သားကို ပုံသဏ္ဍာန်ပြောင်းသွားစေနိုင်ပါတယ်။ ဒါပေမယ့် ပြောင်းလဲမှုတွေဟာ ရင်သားနှစ်ဘက်စလုံးမှာ အတူတူဖြစ်နေတာကို တွေ့ရမှာဖြစ်ပါတယ်။ သင့်နို့သီးခေါင်းက အညိုရောင် သို့မဟုတ် အစိမ်းရောင်အရည်တွေ စိမ့်ထွက်လာနိုင်သလို ဓမ္မတာလာချိန်မှာလည်း ရင်သားအကျိတ်တွေရဲ့ အရွယ်အစား ပြောင်းသွားနိုင်ပါတယ်။ ဓမ္မတာမလာမီ အချိန်မှာတော့ နာကျင်မှု ပိုဆိုးလာနိုင်ပြီး သင့်ကို နေရထိုင်ရခက်စေနိုင်ပါတယ်။

ရင်သားအရည်အိတ်တည်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေလဲ

အမျိုးသမီးအများစုဟာ အိမ်ထောင်သားမွေးပြုနိုင်တဲ့ အသက်အရွယ်မှာ ရင်သားအရည်အိတ်တည်တဲ့ပြဿနာနဲ့ ကြုံတွေ့ရတတ်ပါတယ်။ မီးယပ်သွေးဆုံးပြီးသူတွေမှာ ဒီပြဿနာ ဖြစ်လေ့မရှိပေမယ့် ဟော်မုန်းကုထုံး ခံယူနေရသူတွေမှာတော့ ဖြစ်နိုင်ချေရှိပါတယ်။

ဒါကြောင့်လည်း သိပ္ပံပညာရှင်တွေက ရင်သားအရည်အိတ်တည်ခြင်းဟာ ဟော်မုန်းနဲ့ ဆက်စပ်မှုရှိတယ်လို့ ယူဆထားပေမယ့် ဟော်မုန်းကြောင့် ရင်သားအရည်အိတ်တည်တဲ့ အခြေအနေထိ ဘယ်လိုဖြစ်လာရလဲဆိုတာကိုတော့ သေသေချာချာ မသိရသေးပါဘူး။ ယခင်က ရင်သားအရည်အိတ်တည်ခြင်းကို Fibrocystic breast changes အစား Fibrocystic breast diseas ဆိုပြီး ရောဂါတစ်ခုအဖြစ် သတ်မှတ်ခေါ်ဝေါ်ခဲ့ကြပါတယ်။ ဒါပေမယ့် ၎င်းဟာ ရင်သားပြဿနာတစ်ခုသာဖြစ်ပြီး ရောဂါတစ်ခုမဟုတ်တဲ့အတွက် နောက်ပိုင်းမှာ အမည်ပြောင်းလဲ ခေါ်ဆိုခဲ့ကြတာဖြစ်ပါတယ်။

ရင်သားအရည်အိတ်တည်ခြင်းဟာ ကင်ဆာတစ်မျိုးလား

ရင်သားအရည်အိတ်တည်ခြင်းဟာ ကင်ဆာမဟုတ်သလို သင့်ကျန်းမာရေးကိုလည်း မထိခိုက်စေနိုင်ပါဘူး။ ဒါပေမယ့် ဒီပြဿနာကြောင့် ရင်သားကို စမ်းသပ်စစ်ဆေးရတာ ခက်ခဲမှုရှိနိုင်တဲ့အတွက် သင့်ရင်သားမှာ ပြောင်းလဲမှုတစ်ခုခု သတိပြုမိတာနဲ့ သင့်ဆရာဝန်ကို အသိပေးဖို့ လိုပါလိမ့်မယ်။

သင့်ဆရာဝန်အနေနဲ့ သင့်ရင်သားနှစ်ဖက်လုံးကို စမ်းသပ်စစ်ဆေးမှာဖြစ်ပြီး အာလ်ထရာဆောင်းနဲ့ mammogram ရိုက်ဖို့ လိုအပ်နိုင်ပါတယ်။ သင့်ရင်သားတစ်ရှူးအနည်းငယ်ကို အသားစယူပြီး ဓါတ်ခွဲစစ်ဆေးခြင်းအားဖြင့် ကင်ဆာဟုတ်မဟုတ် သိရှိနိုင်ပါတယ်။

ရင်သားအရည်အိတ်တည်သည့်ပြဿနာကို ရင်ဆိုင်ဖြေရှင်းခြင်း

များသောအားဖြင့် ရင်သားအရည်အိတ်တည်ခြင်းအတွက် အထူးတလည် ကုသမှုခံယူစရာမလိုပါဘူး။ အရည်အိတ်တွေရှိနေရင် ၎င်းတို့ကို ဖောက်ထုတ်ပြီး နာကျင်မှုနဲ့ဖိအားဒဏ်များ သက်သာအောင် ပြုလုပ်နိုင်ပေမယ့် နောက်တစ်ကြိမ်ပြန်ဖြစ်လာနိုင်တာကိုတော့ သတိပြုသင့်ပါတယ်။ တခါတရံမှာ ရင်သားအရည်အိတ်တွေဟာ သူ့အလိုလို ပျောက်သွားတတ်ပါတယ်။

သိပ္ပံနည်းကျ သက်သေပြထားခြင်း မရှိသေးပေမယ့် အချို့သောသတင်းပေးပို့ချက်တွေအရ ကဖင်းဓါတ်ပါဝင်တဲ့အစားအသောက်တွေကို ဖြတ်လိုက်ပြီးတဲ့ အမျိုးသမီးတွေမှာ အရည်အိတ်တည်ခြင်းရဲ့ လက္ခဏာတွေ သက်သာလာတယ်လို့ သိရှိရပါတယ်။ ဒီနည်းလမ်းအပြင် အောက်မှာဖော်ပြထားတဲ့ လူနေမှုဘဝဆိုင်ရာ ပြောင်းလဲမှုတွေကို ကြိုးစားဆောင်ရွက်ကြည့်ဖို့ အကြံပြုလိုပါတယ်။

  • အရောင်ကျစေရန် ဆားလျှော့စားခြင်း
  • အရည်အိတ်အတွင်းမှ အရည်များ ခန္ဓါကိုယ်ပြင်ပသို့ စွန့်ထုတ်နိုင်စေရန် ဆီးရွှင်ဆေးတစ်မျိုးမျိုး အသုံးပြုခြင်း
  • အားဖြည့်ဆေးတစ်မျိုးမျိုး မသောက်သုံးမီ ဆေးဝါးအချင်းချင်း ဓါတ်ပြုသက်ရောက်မှုများ မဖြစ်စေရန် သင့်ဆရာဝန်နှင့် ဆွေးနွေးတိုင်ပင်ခြင်း
  • ဟော်မုန်းကုထုံးမခံယူမီ ၎င်းကြောင့်ဖြစ်လာနိုင်သည့် ဘေးထွက်ဆိုးကျိုးနှင့် ကောင်းကျိုးများကို နှိုင်းယှဉ်ချိန်ဆကြည့်ခြင်း

Hello Health Group သည် ဆေးပညာအကြံပေးချက်များ၊ ရောဂါစစ်ဆေးအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

Reference:
What Are Fibrocystic Breast Changes? http://www.webmd.com/women/guide/what-are-fibrocystic-breast-changes#1. Accessed April 21, 2017.

စာရေးသူ ဓာတ်ပုံbadge
Dr. Ye Mhan Linn မှ ရေးသားသည်။ 02/07/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Kaung Thar မှ အချက်အလက် စစ်ဆေးထားပါသည်။