backup og meta

ခုနောက်ပိုင်း လူပြောများလာကြတဲ့ သန္ဓေတား ကပ်ခွာ ဆိုတာ ဘာလဲ ။ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခုနောက်ပိုင်း လူပြောများလာကြတဲ့ သန္ဓေတား ကပ်ခွာ ဆိုတာ ဘာလဲ ။  ။

    တိုးတက်လာတဲ့ ဆေးပညာလောကကြီးမှာ မဖြစ်နိုင်တာ ဘာမှ မရှိတော့ပါဘူး။ တစ်နှစ်တစ်နှစ် ပိုတိုးတက်အောင် တစ်ခုထက်တစ်ခု သာအောင် ထုတ်လုပ်လာကြတဲ့ အတွက် အရင်ခေတ်တုန်းထက်စာရင် ဆေးလောကကြီးက အများကြီးတိုးတက်လာပါတယ်။ ရောဂါကို ကုသနိုင်တဲ့ဆေးတွေရော၊ ရောဂါ ရှာဖွေနိုင်တဲ့ နည်းပညာတွေရော၊ အပြင် အခြား ရောဂါ နဲ့ မသက်ဆိုင်တဲ့ လူနေမှု ဘဝမှာ ရှိဖို့လိုအပ်တဲ့ နည်းပညာတွေ အများကြီး တိုးတက်လာပါတယ်။ ဒီထဲမှာ အတိုးတက်လာဆုံးကတော့ သန္ဓေတားနည်း တွေပါ။ သောက်ဆေးထိုးဆေးလက်မောင်းထဲထည့်တဲ့ ပစ္စည်းတွေအစရှိတာအပြင် ခုနောက်ဆုံး ထွက်လာတာကတော့ သန္ဓေတား ကပ်ခွာ အကြောင်းပဲ ဖြစ်ပါတယ်။

    သန္ဓေတား ကပ်ခွာ ဆိုတာ ဘာလဲ ။ ။

    သန္ဓေတား ကပ်ခွာဆိုတာ အသားရောင်ရှိတဲ့ ကပ်ခွာလေးတစ်ခုပါ။ ပါးလွှာပြီး စတုရန်းပုံစံ ပတ်လည် ၅စင်တီမီတာ အရွယ်ရှိတဲ့ ကပ်ခွာတစ်ခုဖြစ်ပါတယ်။ ကပ်ခွာထဲမှာ ကိုယ်ဝန်ရခြင်းကို တားဆီးပေးမယ့် ဟော်မုန်းတွေပါပြီး အသားမှာ ကပ်ခွာကပ်လိုက်ပြီဆိုတာနဲ့ အဲဒီ ဟော်မုန်း တွေကို အရေပြားစုပ်ယူပြီး ကိုယ်ဝန်ကို တားဆီးပေးတာဖြစ်ပါတယ်။

    သန္ဓေတား ကပ်ခွာက ဘယ်လို အလုပ်လုပ်လဲ ။ ။

    • သန္ဓေတား ကပ်ခွာမှာ ပါတဲ့ ဟော်မုန်းတွေက လက်ညှိုးညွှန်ကပ်တားဆေးသောက်ဆေးတွေလိုပါပဲ။ အီစတိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်း နှစ်မျိုးကို ပေါင်းထားပြီး အဲဒီဟော်မုန်းတွေက အရေပြားကနေတစ်ဆင့် အသားထဲကို စိမ့်ဝင်သွားကာ သားဥအိမ်ကနေ သားဥကြွေတာကို တားပေးတဲ့နည်းနဲ့ ကိုယ်ဝန် မရအောင် ကာကွယ်ပေးပါတယ်။
    • ဒါ့အပြင် သားအိမ်ခေါင်းနံရံကိုလည်း ထူစေတဲ့အတွက်ကြောင့် သုက်ပိုးကောင် လေးတွေအထဲဝင်လို့ မရအောင် တားဆီးပေးပါတယ်။
    • သားအိမ်သား နံရံကိုလည်း ထူပေးလိုက်တာကြောင့် မတော်တဆ သန္ဓေအောင်သွားလို့ ရလာတဲ့ သန္ဓအောင်ပြီးသား ဥလေး သားအိမ်နံရံမှာ တွယ်ကပ်လို့ မရတော့ပါဘူး။

    သိထားသင့်တဲ့ သန္ဓေတား ကပ်ခွာရဲ့ ကောင်းကျိုး ဆိုးကျိုးတွေ ။ ။

    သန္ဓေတား ကပ်ခွာရဲ့ ကောင်းတဲ့အချက်တွေက ဘာတွေလဲ ။ ။

    • ဆေးလုံးသောက်ရတာမဟုတ်တဲ့အတွက် သင်ပျို့အန်နေတာ၊ ဝမ်းလျှောနေတာတွေဖြစ်ရင်တောင် ကပ်ခွာလေးက ကိုယ်ဝန်ကို အေးဆေးပဲ ဆက်တားပေးနေဦးမှာပါ။
    • ကပ်ခွာဖြစ်နေလို့ဆိုပြီး ရေနဲ့ထိတဲ့အခါ ကွာသွားတာမျိုး မရှိပါဘူး။ ရေချိုးတဲ့အချိန်ရော၊ ရေကူးတဲ့အချိန်ရော၊ အားကစားလုပ်ပြီးချွေးထွက်တဲ့အချိန်တွေကရော ကပ်ခွာရဲ့ အာနိသင်ကို ထိခိုက်စေမှာမဟုတ်တဲ့အတွက် စိတ်ချသုံးလို့ရပါတယ်၊

    သန္ဓေတား ကပ်ခွာရဲ့ ဆိုးကျိုးတွေကရော ဘာတွေလဲ ။ ။

    • သန္ဓေတား ကပ်ခွာက သွေးပေါင်ကို တက်စေတဲ့ အာနိသင်ရှိတဲ့အတွက် တချို့အမျိုးသမီးတွေမှာ ကပ်ခွာကြောင့် ခေါင်းကိုက်တာမျိုးတွေ ဖြစ်တတ်ပါတယ်။
    • အဖြစ်နည်းပေမယ့် ရှိနေတဲ့ နောက်ထပ်ဆိုးကျိုးတစ်ခုကတော့ သွေးခဲစေတာပဲဖြစ်ပါတယ်။ ရှိတယ်ဆိုပေမယ့် မဖြစ်သလောက်ကို ရှားပါတယ်။
    • ဆေးလိပ်သောက်တဲ့ အမျိုးသမီးတွေ၊ အသက် ၃၅ နှစ်ကျော်တဲ့ အမျိုးသမီးတွေနဲ့ ကိုယ်အလေးချိန် ၉၀ ကီလိုဂရမ်ထက်များနေတဲ့ အမျိုးသမီးတွေ သုံးလို့မရပါဘူး။
    • ကပ်ခွာက လိင်ဆက်ဆံရာက တစ်ဆင့် ကူးစက်တဲ့ ရောဂါတွေကိုတော့ မတားဆီးပေးတဲ့အတွက်ကြောင့် ဒီလိုရောဂါတွေကို ကာကွယ်ချင်ရင် ကွန်ဒုံးသုံးပေးဖို့လည်း လိုပါလိမ့်မယ်။

    သန္ဓေတား ကပ်ခွာကို ဘယ်လိုသုံးရမလဲ ။ ။

    ၁ လကို ကပ်ခွာ ၃ ခု သုံးပေးရမှာဖြစ်ပါတယ်။ သုံးရမယ့် ပုံကတော့ ကပ်ခွာကို ၇ရက်တိတိကပ်ပြီး ၁ပတ်ပြည့်တဲ့ ၈ရက်မြောက်နေ့မှာ ကပ်ခွာအသစ်တစ်ခု လဲရမှာ ဖြစ်ပါတယ်။ ဒီလိုနဲ့ ကပ်ခွာကို ၁ပတ် တစ်ခုနှုန်းနဲ့ ၃ ပတ်ဆက်တိုက် သုံးပေးရမှာ ဖြစ်ပြီး နောက်ဆုံး ၄ပတ်မြောက်မှာတော့ ကပ်ခွာကို ၁ပတ် မသုံးဘဲနေရပါမယ်။ ဒီလို ကပ်ခွာ မသုံးတဲ့ အပတ်မှာ ရာသီသွေးပေါ်တတ်ပေမယ့် လူတိုင်းတော့ မဟုတ်ပါဘူး။ ရာသီသွေးပေါ်ခဲ့မယ်ဆိုရင် ရာသီသွေး မပြီးသေးပေမယ့် နောက်လ ကပ်ခွာကပ်ရမယ့် အချိန်ပြန်ရောက်တာနဲ့ ရာသီပြီးတာကို မစောင့်ဘဲ ကပ်ခွာကို ကပ်ပေးရမှာဖြစ်ပါတယ်။

    ဒီလိုနဲ့ ကိုယ်ဝန်မယူချင်သေးသရွေ့ နောက်လနောက်လတွေမှာလည်း အပေါ်မှာ ပြောသလိုပုံစံမျိုးနဲ့ပဲ ၁ပတ် တစ်ခုနှုန်းနဲ့ ကပ်ခွာ ၃ပတ်ဆက်တိုက် ကပ်ပေးသင့်ပြီး နောက်ဆုံးပတ်မှာတော့ ကပ်ခွာ ကပ်စရာမလိုပေ။ ။

    ဘယ်နေ့မှာ စသုံးရမလဲ ။ ။

    ကပ်ခွာကို ရာသီသွေးစပေါ်တဲ့ ပထမနေ့ ( ဒါမှမဟုတ်) ရာသီသွေးပေါ်နေစဉ် ၅ရက်မြောက်နေ့အထိ ကြိုက်တဲ့တစ်ရက်ရက်မှာ စကပ်ပေးရင် ကိုယ်ဝန်ကိုတန်းပြီး ကာကွယ်ပေးမှာဖြစ်ပါတယ်။

    ရာသီလာနေစဉ် မဟုတ်ဘဲ အခြားရက်မှာ ကပ်ခွာကို စသုံးမယ်ဆိုရင်တော့ ကပ်ခွာကပ်တဲ့ ပထမ စစချင်း ၇ရက်မှာ အတူနေတိုင်း ကွန်ဒုံးကို သုံးပေးသင့်ပါတယ်။ ဒုတိယပတ်စရင်တော့ ကပ်ခွာ အာနိသင်စပြပြီဖြစ်တာကြောင့် အတူနေရင် အကာအကွယ် သုံးစရာ မလိုတော့ပါဘူး။ ပိုပြီး အသေးစိပ်တဲ့ အချက်အလက်တွေ အတွက်ကတော့ သင့်ရဲ့ ဆရာဝန်နဲ့ ပြန်တိုင်ပင်စေချင်ပါတယ်။ ။

    ကပ်ခွာကို ဘယ်နေရာတွေမှာ ကပ်ပေးရတာလဲ ။ ။

    ကပ်ခွာ ကပ်မည့် အရေပြားက သန့်နေသင့်ပြီး စိုစွတ်နေတာမျိုး အမွေးအမျှင်တွေ များတဲ့ နေရာမျိုးတွေက လွဲလို့ ကိုယ်ခန္ဓာက ကြိုက်တဲ့နေရာမှာ ကပ်လို့ရပါတယ်။ လုံးဝ မကပ်သင့်တဲ့နေရာတွေကတော့

    • အနာရှိပြီး အရေပြားတွေ ပေါက်ပြဲနေတဲ့ နေရာမျိုး နဲ့
    • ရင်သားတို့မှာ မကပ်သင့်ပါဘူး။
    • ကပ်ခွာကို ကွာအောင်လုပ်နိုင်တဲ့ အဝတ်ကျပ်ကျပ်တွေ ဝတ်ဆင်ထားတဲ့နေရာမှာလည်း ကပ်ခွာကို မကပ်သင့်ပါဘူး။

    ဒါတွေကတော့ ခုနောက်ပိုင်း သုံးရလည်း လွယ်ကူတဲ့၊ သုံးလို့လည်း အဆင်ပြေပြီး ပြောထားတဲ့ နည်းတွေ အတိုင်း မှန်မှန်ကန်ကန်သား သုံးရင် ကိုယ်ဝန် ရရှိမှုကို ၉၉ ရာခိုင်နှုန်း အထိ ထိရောက်စွာ ကာကွယ်ပေးတဲ့ သန္ဓေတား ကပ်ခွာ အကြောင်းပဲ ဖြစ်ပါတယ်။ ။

    ရေးသားသူ – Dr. Thin Yadanar

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 09/03/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement