တားဆေးသောက်တဲ့ အမျိုးသမီးတိုင်း ငြီးငြူကြတဲ့အသံတွေ ကြားဖူးမှာပါ။ တားဆေးကြောင့် ဝလာတယ်၊ တားဆေးသောက်ပြီး ကိုယ်အလေးချိန်တွေ တက်လာတယ်ဆိုတဲ့ စကားသံလေးတွေပေ့ါ။ သူတို့ပြောလည်းပြောချင်စရာဖြစ်လောက်အောင် ကိုယ်အလေးချိန်တက်လာခြင်းက တားဆေးရဲ့ အဓိက ဆိုးကျိုး တစ်ခုဖြစ်လို့နေပါတယ်။ ဒါပေမယ့်လည်း အိမ်ထောင်ကျပြီး ကလေးမလိုချင်သေးရင် အသုံးပြုလို့ရတဲ့ သန္ဓေတားနည်း တွေထဲမှာ တားဆေးသောက်ဆေးဝယ်သောက်ရတာက အလွယ်ကူဆုံးနဲ့ အဆင်အပြေဆုံးဖြစ်နေတာကြောင့် သူ့ကို မသောက်လို့ကလည်း မရ။ သောက်ပြန်တော့လည်း လေရှူတိုင်းဝဝ လာလာတယ်လို့ပြောရလောက်အောင်ကို ကိုယ်အလေးချိန် တက်လာတော့လည်း စိတ်ညစ်နေကြတဲ့ မမတို့ရှိကြလား။ ဒီဆောင်းပါးလေးထဲမှာ တားဆေးကြောင့် တက်လာတဲ့ ကိုယ်အလေးချိန်ကို ဘယ်လိုပြန်ချရမလဲပြောပြပေးမယ်နော် ။ ။
( ၁ ) စစချင်း သန္ဓေတားဆေးရွေးတည်းက အီစတိုဂျင် ေဟာ်မုန်းနည်းတဲ့ ဆေးကို ရွေးသောက်ပါ။ ။
ပြင်ပကနေ သောက်လို့ရလာတဲ့ အီစတိုဂျင်ဟော်မုန်းဟာ အဆီဆဲလ်အသစ်တွေကို ဖြစ်စေတာ မဟုတ်ဘဲ သင့်ကိုယ်တွင်းအဆီဆဲလ်လေးတွေကို ကြီးလာစေပြီး ကိုယ်အလေးချိန်တက် စေပါတယ်။ ဒီအချက်ကို ရှောင်လွဲချင်ရင်တော့ အီစတိုဂျင် ဟော်မုန်းနည်းတဲ့ တားဆေးကို ရွေးချယ်ပြီးသောက်ဖို့လိုပါတယ်။
( ၂ ) ရေများများသောက်ပါ ။
တားဆေးသောက်ဆေးတွေကြောင့် ကိုယ်အလေးချိန်တက်လာရတဲ့ နောက်တစ်ချက်က ကိုယ်တွင်းအရည်တွေစုပြီးဖောလာခြင်း ဖြစ်ပါတယ်။ တစ်ချို့တားဆေးသောက်တဲ့ အမျိုးသမီးတွေဆို ဝလာတာမဟုတ်ဘဲ ဖောလာတာကြောင့် ကိုယ်အလေးချိန်တက်လာတတ်ပါတယ်။ ဒါကိုပြန်ပြီး သက်သာချင်ရင်တော့ ကိုယ်တွင်းကရေတွေကို စွန့်ထုတ်တဲ့စနစ်ကိုအားပေးတဲ့အနေနဲ့ ရေများများပြန်သောက်ပေးရမှာပဲဖြစ်ပါတယ်။ ဒါမှ စုနေတဲ့ ရေတွေ ကိုယ်တွင်းကထွက်သွားပြီး ကိုယ်အလေးချိန် ပြန်ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။
( ၃ ) အစားအသောက်ကို ချင့်ချိန်စားဖို့လည်း လိုပါတယ် ။ ။
လူတစ်ယောက်ကို အဓိက ဝစေတာ အစားအသောက်တွေပါ။ အိမ်ထောင်ကျပြီ လှဖို့ပိန်ဖို့လည်း မလိုတော့ဘူး စားချင်သလောက်စားလို့ရပြီဆိုပြီး စွတ်စားမိနေတဲ့အပြင် တားဆေးတွေရဲ့ စားချင်သောက်ချင်စိတ်ကို မြှင့်တင်ပေးတဲ့ အစွမ်းနဲ့ပါ ပေါင်းလိုက်လို့ကတော့ နေ့ချင်းဝလာမယ်ဆိုတာ လုံးဝကို တထစ်ချပြောရဲပါတယ်။ ဒါ့ကြောင့် ဝစေမယ့် အစားအသောက်တွေ၊ အချိုများတဲ့ မုန့်တွေ၊ ထမင်း၊ ဆီကြော်မုန့်တွေကို လျှော့စား။ ကျန်းမာရေးအတွက်လည်းကောင်း ကိုယ်အလေးချိန်ကိုလည်း ထိန်းပေးတဲ့ အသီးအနှံတွေ များများစားပြီး ကိုယ်အလေးချိန်ထိန်းပါ။
( ၄ ) အချိန်တစ်ခု သတ်သတ်မှတ်မှတ်ထားပြီး ဆေးကိုသောက်ပါ။
ဟော်မုန်းဆေးြဖစ်တာကြောင့် သတ်မှတ်ဟော်မုန်းပမာဏအတိုင်း ကိုယ်တွင်းမှာ ရှိစေဖို့အတွက် ဒီနေ့ဒီအချိန်သောက်ပြီးတာနဲ့ နောက်နေ့လည်း အဲ့ဒီ အချိန်မှာပဲ ပြန်သောက်ဖို့လိုပါတယ်။ ဟော်မုန်းပမာဏ နည်းနည်းပြောင်းလဲသွားတာနဲ့ နုန်းခွေတာ၊ အစားပိုစားချင်တာနဲ့ စိတ်တိုလွယ်တာတွေ ဖြစ်တတ်ပါတယ်။
( ၅ ) ကိုယ်လက်လှုပ်ရှားမှု များများလုပ်ပါ ။
တားဆေးရဲ့ အစွမ်းကိုတည်းက အစားစားချင်စိတ်ကိုပိုဖြစ်စေတာကြောင့် အစားတွေ ပိုစားမိနေတာကို ထိန်းလို့မရရင် ကိုယ်အလေးချိန်ကို လေ့ကျင့်ခန်းလုပ်ပြီး ပြန်ထိန်းရပါလိမ့်မယ်။ ကိုယ်လက်လှုပ်ရှားမှုလေးပိုလုပ်ပေးတဲ့အခါ ပိန်မသွားရင်တောင်မှ ဝိတ်ထပ်မတက်လာအောင်တော့ သူက ထိန်းပေးထားနိုင်ပါလိမ့်မယ်။ လမ်းလေးလျှောက်ပေးတာ၊ စက်ဘီးစီးပေးတာ၊ GYM သွားတာမျိုးလေးတွေ လုပ်ပေးသင့်ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။