backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း

1

ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်
မာတိကာ

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ

နေ့စဉ်နဲ့ အမျှ အသက်ရှူနေရတဲ့အတွက် အသက်ရှူလမ်းကြောင်းလေး ကျန်းမာနေဖို့ဆိုတာ အရေးကြီးပါတယ်။ ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် လေး ဖြစ်ဖို့ ဘယ်လိုတွေ ထိန်းသိမ်းစောင့်ရှောက်ရမလဲဆိုတာ မျှဝေပေးလိုပါတယ်။

အသက်ရှူလမ်းကြောင်း က ဘာတာဝန်တွေ လုပ်ပေးလဲ။

အသက်ရှူလမ်းကြောင်းစနစ် က

  • လေထဲက အောက်ဆီဂျင်ကို ရှူပြီး သွေးထဲကို ထည့်ပေးတယ်။ သွေးထဲက ကာဗွန်ဒိုင်အောက်ဆိုဒ်ကို ဖယ်ရှားပြီး လေထုထဲကို ပြန်စွန့်ထုတ်ပေးတယ်။ ဒါကြောင့် အသက်ရှင်နေနိုင်တာပါ။
  • ကိုယ်ထဲကို ဝင်လာမယ့် ပိုးမွှားတွေ၊ ဖုန်တွေ၊ အမှုန်တွေကို ချောင်းဆိုး၊ နှာချေပြီး ရှင်းထုတ်ပေးတယ်။ ချွဲတွေနဲ့ ကပ်ပြီး ရှင်းလင်းပေးတယ်။
  • ရှူလိုက်တဲ့ လေကို ခန္ဓာကိုယ်နဲ့ သဟဇာတဖြစ်အောင် ပူနွေးစွတ်စိုစေတယ်။

အသက်ရှူလမ်းကြောင်းလေး နေမကောင်းဖြစ်တဲ့အခါ

ဒီလို တာဝန်တွေကို ထမ်းရွက်နေတဲ့အတွက် အသက်ရှူလမ်းကြောင်းစနစ် နေမကောင်းဖြစ်တဲ့အခါ ပြင်ပက ရောဂါပိုးတွေ ဝင်လာမှာပါ။ သာမန် နှာစေး၊ ချောင်းဆိုးကစလို့ အဆုတ်ရောင်၊ အဆုတ်ပွ၊ နာတာရှည် လေပြွန်ကျဉ်းရောဂါ နောက်ဆုံး အသက်ရှူလမ်းကြောင်း ပျက်စီးတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းရှိတယ်ဆိုရင် လူဟာ နှာစေး၊ ချောင်းဆိုးခြင်း မရှိဘူး။ တခြား အသက်ရှူလမ်းကြောင်း လက္ခဏာတွေ ဖြစ်တဲ့ မောတာ၊ အသက်ရှူမဝတာ၊ ချောင်းဆိုးသွေးပါတာ၊ အသက်ရှူရင် တရွှီရွှီမြည်နေတာ မရှိဘူးလို့  ယေဘုယျအားဖြင့်ဆိုလို့ ရပါတယ်။ ရှားရှားပါးပါး တချို့တွေမှာ ရောဂါရှိပေမယ့် လက္ခဏာ မပြတာ ရှိပေမယ့်လည်းပေါ့။

ဒါပေမယ့် လက္ခဏာမပြဘူးဆိုရင်တော့ ကျန်းမာတယ်လို့ ယူဆလို့ ရပါတယ်။

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဖြစ်စေဖို့

ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ဆိုတာ ကျန်းမာတဲ့သူရော အသက်ရှူလမ်းကြောင်းရောဂါ ရှိနေပြီးသားသူရောအတွက် လိုအပ်ပါတယ်။ ဒါကြောင့် ခုပြောပြမယ့် နည်းလမ်းတွေကို လူတိုင်း လိုက်နာလို့ ရပါတယ်။

အဆုတ်ရောဂါတွေကို ကြည့်လိုက်ရင် ဆေးလိပ်နဲ့ ကင်းတာ မရှိပါဘူး။ အဆုတ်တင်မကပါဘူး။ တခြားရောဂါတွေလည်း ဖြစ်နိုင်ပါသေးတယ်။ အဆုတ်ကင်ဆာနဲ့ နာတာရှည်လေပြွန်ကျဉ်းတဲ့ ဝေဒနာရှင်တွေကို ကြည့်မယ်ဆိုရင် ဆေးလိပ်သောက်တဲ့သူတွေ ဖြစ်နေတာကို တွေ့ရပါတယ်။

ဆေးလိပ်က လေပြွန်တွေကို ကျဉ်းစေပြီး ရောင်ရမ်းစေပါတယ်။ ကြာလာလေလေ အဆုတ်တစ်ရှူးတွေ ပျက်စီးပြီး အဆုတ်ကင်ဆာဖြစ်နိုင်ချေ များလေလေပါပဲ။ ဒါကြောင့် ဆေးလိပ်မသောက်တတ်ရင် မသောက်ပါနဲ့။ စွဲနေရင် ဖြတ်လိုက်ပါ။ ဆေးလိပ်ဖြတ်ဖို့ နောက်ကျတယ်ဆိုတာ မရှိပါဘူး။ ဖြတ်လိုက်တာနဲ့ အကျိုးကျေးဇူး ခံစားရပါတယ်။

တဆင့်ခံဆေးလိပ်ငွေ့တွေ၊ အိမ်ထဲက မီးခိုးငွေ့တွေ၊ စက်ရုံ အလုပ်ရုံက ထွက်တဲ့ မီးခိုးငွေ့နဲ့ အမှုန်အမွှားတွေ အားလုံးက အဆုတ်ကို ထိခိုက်စေပါတယ်။ ဒါဟာ ရှိပြီးသား အဆုတ်ရောဂါကိုလည်း ပိုဆိုးစေပါတယ်။ လေထုညစ်ညမ်းတဲ့ နေ့တွေဆို အပြင်မထွက်ပါနဲ့။ လေထုညစ်ညမ်းမှုကို တတ်နိုင်သမျှ ရှောင်ကြဉ်ပါ။

  • ပိုးဝင်ကူးစက်မှုကို ကာကွယ်ပါ။

အဆုတ်ဆိုတာ ပိုးတွေ၊ အမှုန်အမွှားတွေရဲ့ ဝင်ပေါက်ပါ။ တစ်ခါတလေ သာမန် အအေးမိတာ၊ တုပ်ကွေးဝင်တာတွေကနေလည်း ပြင်းထန်တဲ့ အဆုတ်ရောဂါအဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒါကြောင့် ပိုးဝင်တာကို ကာကွယ်နိုင်ဖို့

-မကြာခဏ လက်ဆေးပါ။

တုပ်ကွေးချိန်ဆို လူထူထပ်တဲ့ နေရာကို မသွားပါနဲ့။ သွားခဲ့ရင်လည်း နှာခေါင်းစည်းတပ်ပါ။

-ခံတွင်းသန့်ရှင်းရေးကိုလည်း ဂရုစိုက်ပါ။ ခံတွင်းထဲက ပိုးမွှားတွေကြောင့်လည်း အသက်ရှူလမ်းကြောင်းထဲကို ပိုးဝင်ကူးစက်တတ်ပါတယ်။

-နှစ်တိုင်း ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးပါ။

-နေမကောင်းတဲ့အခါ အိမ်မှာပဲ နေပါ။ လူတွေ အနားမနေပါနဲ့။ အားပြည့်အောင်နေပါ။ ရုံးတွေ၊ ကျောင်းတွေ မသွားပါနဲ့။

ကိုယ်နိုင်သလောက် လေ့ကျင့်ခန်း လုပ်ပါ။ ပုံမှန်လုပ်ပါ။ လေ့ကျင့်ခန်း လုပ်တဲ့အချိန်မှာ အသက်ကို ပိုရှူသွင်း ရှူထုတ်ရလို့ အဆုတ်ကို ပိုသန့်စင်စေပါတယ်။

  • ပုံမှန်ဆေးစစ်ပါ။

အဆုတ်ရောဂါအခံရှိတယ်။ တခြား အသက်ရှူလမ်းကြောင်း ရောဂါအခံရှိတယ်ဆိုရင် ဆရာဝန်နဲ့ ပုံမှန် ပြသသင့်ပါတယ်။ လိုအပ်တဲ့ ကုသမှုတွေ ပုံမှန်ခံယူပြီး ပိုဆိုးမလာအောင် ထိန်းထားနိုင်မှာ ဖြစ်ပါတယ်။

အသက်ရှူလမ်းကြောင်း ကျန်းမာနေစေဖို့

ဒီနည်းလမ်းတွေနဲ့ ဆိုရင်တော့ ကျန်းမာတဲ့ အသက်ရှူလမ်းကြောင်းစနစ် ကို ပိုင်ဆိုင်နိုင်မှာပါ။ ဒါ့ပြင် မတော်တဆအသက်ရှူလမ်းကြောင်း ရောဂါတွေ ရှိခဲ့ရင်တောင် ပိုဆိုးမလာအောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 30/01/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

advertisement iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

advertisement iconadvertisement
advertisement iconadvertisement