backup og meta

အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ


Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်လိုလျှော့ချမလဲ

    လေထုညစ်ညမ်းမှုနဲ့ ပတ်သက်လာရင် လူတော်တော်များများက ပြင်ပက ကားအိတ်ဇောပိုက်က ထွက်တဲ့ အခိုးအငွေ့တွေလောက်ကိုပဲ သတိထားမိတတ်ပါတယ်။ တကယ်တမ်းက ပြင်ပလေထုညစ်ညမ်းမှုထက် အိမ်တွင်းလေထုညစ်ညမ်းမှုက လူတွေရဲ့ ကျန်းမာရေးကို ပိုပြီးဒုက္ခဖြစ်စေတာပါ။ ဘာကြောင့်လဲဆိုတော့ အပြင်မှာက လေထုကို ညစ်ညမ်းစေတဲ့ အရာတစ်ခုက ဘေးဘက်တွေကို ပြန့်နှံ့သွားဖို့ ပိုလွယ်တဲ့အတွက် ရှူမိရင်တောင် အဆိပ်ပမာဏက သိပ်မများတော့ပါဘူး။ အိမ်ထဲမှာဖြစ်တဲ့ လေထုညစ်ညမ်းမှုဟာဆိုရင် ဘေးဘက် နံရံ၊ ပြတင်းပေါက်၊ တံခါးတွေနဲ့ အလုံပိတ်ထားလိုက်တော့ အဆိပ်ငွေ့တွေက အပြင်ဘက်ကို ရောက်မသွားဘဲ အိမ်ထဲမှာနေနေတဲ့သူတိုင်း ဒီလေကို ရှူမိပြီး အဆိပ်သင့်ရတော့တာပေါ့။ ဒီအဆိပ်ငွေ့တွေကို နေ့စဉ်ရက်ဆက် ရှူနေရတဲ့အခါ အဆုတ်နဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေ၊ ရောဂါတွေအပြင် ပြင်းထန်တဲ့ ကင်ဆာဝေဒနာအဆင့်ထိပါ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် အဓိက အိမ်တွင်းလေထုညစ်ညမ်းမှုကို ဘယ်အရာတွေက ဖြစ်စေနိုင်လဲ၊ ဘယ်လိုကာကွယ်မှုမျိုးတွေ လုပ်ဆောင်သင့်လဲဆိုတာကို လူတိုင်းသိထားသင့်ပါတယ်။

    အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေတဲ့ သင်သတိမထားမိလောက်တဲ့ တရားခံတွေ

    ၁။ နဂိုသုတ်ထားတဲ့ အိမ်သုတ်ဆေးတွေ၊ နံရံတွေက အမှုန့်တွေကွာကျပြီး လေထဲမှာ ပြန့်နေတာကို အိမ်အိုအိမ်ဟောင်းတွေမှာ နေထိုင်နေတဲ့သူတွေ သတိထားမိကြမှာပါ။ ဒီအမှုန့်ကို ကျောက်ဂွမ်းမှုန့် (Asbestos) လို့လည်း ခေါ်ပြီး ဟောင်းနေတဲ့ တိုက်အိမ်တွေ၊ နံရံ၊ မျက်နှာကျက်၊ ကြမ်းခင်း၊ အိမ်ဆောက်ပစ္စည်းတွေမှာ အများဆုံးတွေ့ရပြီး ဆောက်ကာစ တိုက်အိမ် အသစ်တွေမှာတော့ သိပ်မတွေ့ရပါဘူး။ အဲ့အမှုန့်တွေဟာ အိမ်တွင်းလေထုညစ်ညမ်းမှုကို ဖြစ်စေပြီး နေ့တိုင်းလိုလို ရှူရှိုက်ရင်းကနေ ကျောက်ဂွမ်းမှုန့်ကြောင့်ဖြစ်တဲ့ အဆုတ်နာရောဂါ (Asbestosis) တွေကိုပါ ဖြစ်စေနိုင်ပါတယ်။

    ၂။ ၂၀၀၀ ခုနှစ်မတိုင်ခင်က တချို့သော အိမ်သုတ်ဆေးတွေ၊ လေ၊ ရေလုံစေဖို့ ချိပ်ပိတ်ပစ္စည်း၊ သစ်သားကြမ်းခင်းတွေမှာ အလွန်အနံ့ပြင်းပြီး အဆိပ်ရှိတဲ့ ဖော်မယ်ဒီဟိုက် ဓာတ်ငွေ့ (Formaldehyde) ပါဝင်နေတတ်ပါတယ်။ ဟိုးအရင်ကတည်းက ဆောက်ခဲ့တဲ့ တိုက်အိမ်တွေမှာလည်း အများအပြား တွေ့ရတဲ့ ဓာတ်ငွေ့တစ်မျိုးပါ။ ဒီအငွေ့ဟာ ရေနဲ့ ရောလိုက်တဲ့အခါ ဖော်မလင်လို့ ခေါ်တဲ့ အလောင်းတွေကို မပုပ်မသိုးအောင် စိမ်ရတဲ့ ဆေးရည်အဖြစ် ရရှိပါတယ်။ ဒီဆေးရည်တွေကို တချို့သောအစားအစာတွေ အလွယ်တကူ မပျက်စီးစေဖို့လည်း စိမ်တတ်ကြပါသေးတယ်။

    ၃။ သဘာဝမြေဆီလွှာ၊ ကျောက်တုံးတွေက ဓာတ်ပြိုကွဲပျက်စီးပြီး ရေဒွန်ဓာတ်ငွေ့ (Radon) တွေ အများအပြား ထွက်လာပါတယ်။ ပုံမှန်အားဖြင့် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အိမ်အများစုမှာ ရေဒွန်ဓာတ်ငွေ့တွေ စုပုံနေတတ်ပြီး ပထမထပ်၊ မြေအောက်ခန်းတွေမှာ ဓာတ်ငွေ့သိပ်သည်းဆ ပိုများတတ်ပါတယ်။ အနံ့၊ အရသာမရှိတဲ့အပြင် မျက်စိနဲ့လည်း မမြင်နိုင်တဲ့ ရေဒွန်ဓာတ်ငွေ့ဟာဆိုရင် နေ့တိုင်းလိုလို ရှူရှိုက်နေတဲ့သူတွေရဲ့ အသက်ရှူလမ်းကြောင်းကိုလည်း ထိခိုက်စေပြီး အဆုတ်ကင်ဆာ၊ မရပ်မနား ချောင်းဆိုးခြင်း၊ ချောင်းဆိုးသွေးပါခြင်း၊ အသက်ရှူရခက်ခြင်း၊ နမိုးနီးယားအဆုတ်ရောင်ရောဂါတွေပါ ဖြစ်စေနိုင်ပါတယ်။

    ၄။ စီးကရက်၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်၊ Vape လို့ခေါ်တဲ့ အီး စီးကရက်သောက်သုံးခြင်းဟာလည်း အိမ်တွင်းရော အိမ်ပြင်ပကိုပါ လေထုညစ်ညမ်းစေပြီး ဒီအငွေ့တွေကို ရှူရှိုက်နေရတဲ့ အိမ်သားတွေနဲ့ ဘေးပတ်ဝန်းကျင်ကလူတွေကိုပါ ဒုက္ခဖြစ်စေနိုင်ပါတယ်။

    ၅။ ညစ်ပတ်လွန်းပြီး သန့်ရှင်းရေးသိပ်မလုပ်တဲ့ အိမ်တွေ၊ စားကြွင်းစားကျန်တွေ၊ အမှိုက်တွေ ပုံနေတာ၊ ပြတင်းပေါက်မှန်တွေမှာ ဖုန်တက်နေတာ၊ မလျှော်ရသေးတဲ့ အဝတ်ပုံတွေဟာ ပိုးမွှားအင်းဆက်ပေါင်းများစွာကို ဖိတ်ခေါ်ပေးသလို ဖြစ်စေပြီး ဓာတ်မတည့်ဖြစ်ခြင်း၊ မှိုတက်ခြင်း၊ အရေပြားမှိုစွဲခြင်း၊ အသက်ရှူကျပ်ခြင်း၊ အရေပြားယားယံခြင်းတွေ ဖြစ်စေပါတယ်။

    ၆။ ကျောက်မီးသွေးမီးဖိုတွေ၊ ထင်းမီးဖိုတွေ၊ သစ်ရွက် အမှိုက်ပုံမီးရှို့တာ၊ အမွှေးတိုင်၊ ဖယောင်းတိုင်တွေ အများအပြားထွန်းခြင်း၊ အကြော်ညှော်နံ့တွေမှာ အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ အဆိပ်ငွေ့တွေ၊ ဓာတုပစ္စည်းတွေ အများအပြား ပါဝင်ပါတယ်။

    ၇။ အိမ်သန့်ရှင်းရေးလုပ်တဲ့ ပစ္စည်းတချို့မှာ အနံ့ပြင်းလွန်းတဲ့ ဓာတုအဆိပ်တွေ ပါဝင်တတ်ပါတယ်။ ဒီပစ္စည်းတွေနဲ့ အိမ်သန့်ရှင်းရေးလုပ်ပြီးသွားတဲ့အခါ အနံ့၊ အဆိပ်အတောက် ဓာတ်ငွေ့တွေဟာ အိမ်ခန်းထဲမှာ ရက်ပေါင်းများစွာ ကျန်နေတတ်ပြီး အသက်ရှူလိုက်တိုင်း အဆိပ်ငွေ့တွေ ဝင်သွားတတ်ပါတယ်။

    ဒီတော့ အိမ်တွင်းလေထု ညစ်ညမ်းမှုမဖြစ်အောင် ဘယ်လိုကာကွယ်မလဲ။

    လေထုညစ်ညမ်းမှုကို မဖြစ်စေဖို့ ကြိုတင်ကာကွယ်ခြင်းဟာ ကိုယ့်အိမ်၊ မိသားစုကနေ စတင်ပြီး ကိုယ့်ရဲ့ ရပ်ကွက်ပတ်ဝန်းကျင်ကလူတွေပါ အကုန်ဝိုင်းဝန်းဆောင်ရွက်ဖို့ အရေးကြီးပါတယ်။ ဘာတွေ လုပ်ဆောင်ရမလဲဆိုရင်တော့

    • အိမ်အိုအိမ်ဟောင်းတွေမှာ နေထိုင်ခြင်းကို တတ်နိုင်သလောက် ရှောင်ကြဉ်ပါ။

    • ကိုယ့်အိမ်မှာ ဆေးသုတ်ထားတဲ့ နေရာတွေ၊ နံရံနဲ့ မျက်နှာကျက်တွေမှာ အပေါက်တွေ၊ အက်ကွဲကြောင်းတွေ ဖြစ်နေလား၊ အမှုန်တွေ ကျနေလားဆိုတာ သေချာစစ်ပါ။ ကိုယ်တိုင်မစစ်နိုင်ရင် ဆောက်လုပ်ရေးလုပ်သားတွေ၊ အင်ဂျင်နီယာတွေကို ခေါ်ပြီး စစ်ခိုင်းကြည့်ရင်လည်း အဆင်ပြေပါတယ်။

    • လိုအပ်တဲ့နေရာတွေမှာ အိမ်သုတ်ဆေး အသစ်ပြန်သုတ်ပါ။

    • အိမ်ထဲမှာ ဖယောင်းတိုင်၊ အမွှေးတိုင်တွေ ထွန်းတာ တတ်နိုင်သလောက် ရှောင်ပါ။

    • အနံ့အရမ်းပြင်းတဲ့ မီးသွေးမီးဖို၊ ထင်းမီးဖိုတွေကို မသုံးပါနဲ့။ အဲ့ဒါတွေအစား ဂက်စ်မီးဖို၊ လျှပ်စစ်မီးဖိုတွေကို အသုံးပြုပါ။

    • အဝတ်တွေကို အမြဲလျှော်ဖွပ်ပါ။ ဝတ်ထားပြီးသား အဝတ်တွေကို ပုံမထားပါနဲ့၊ လျှော်မယ့်နေရာကို တန်းပို့ပါ။

    • အမှိုက်တွေကို တစ်နေ့ တစ်ကြိမ်လောက်ဖြစ်ဖြစ် သေချာစွန့်ပစ်ပါ။

    • အိမ်သန့်ရှင်းရေးကို တစ်နေ့တစ်ခါ မလုပ်နိုင်ရင်တောင် တစ်ရက်ခြား၊ နှစ်ရက်ခြား တစ်ကြိမ်လောက် လုပ်ပေးပါ။ ပိတ်ရက်တွေမှာ မိသားစုဝင်တွေနဲ့ ကလေးတွေကိုပါ ကူလုပ်ခိုင်းပါ။

    • ကော်ဇော်အထူကြီးတွေ ခင်းတာထက် ကြမ်းခင်းပါးပါးလေးတွေပဲ ခင်းပါ။ ဖုန်အရမ်းမတက်သလို သန့်ရှင်းရေးလုပ်ရတာလည်း ပိုလွယ်ကူစေပါတယ်။

    • အိမ်မှာ လေသန့်စင်စက် သို့မဟုတ် စိုထိုင်းဆ ထိန်းညှိစက်တွေ၊ လေအေးပေးစက် သို့မဟုတ် အဲကွန်း တပ်ဆင်ထားပြီး တစ်နေ့ တစ်ကြိမ်လောက် ဖွင့်ပေးထားပါ။

    • အိမ်ထဲမှာဖြစ်ဖြစ်၊ ဝရန်တာထွက်ပြီးတော့ဖြစ်ဖြစ် ဆေးလိပ်သောက်တာကို ရှောင်ပါ၊ ဆေးလိပ်ဖြတ်လိုက်ရင်တော့ ကိုယ်ရော၊ ကိုယ့်မိသားစု ဘေးပတ်ဝန်းကျင်ကလူတိုင်းရဲ့ ကျန်းမာရေးအတွက် အကောင်းဆုံးရွေးချယ်မှုပဲပေါ့။

    • အနံ့မွှေးအောင်ဆိုပြီး လေထဲကို ဖျန်းတဲ့ အမွှေးနံ့ဖျန်းဆေးတွေကို လျှော့သုံးပါ။

    • အိပ်ရာထတဲ့အချိန် စောင်တွေ၊ ခေါင်းအုံးတွေကို သေချာခါပါ၊ တစ်ပတ် တစ်ကြိမ် စောင်၊ အိပ်ရာခင်း၊ ခေါင်းအုံးစွပ်တွေကို လျှော်ပါ။

    • အိမ်ကို ဖုန်စုပ်စက်နဲ့ဖြစ်စေ၊ တံမြက်စည်းနဲ့ဖြစ်စေ လှည်းကျင်းပေးပါ။

    ခုပြောပြခဲ့တဲ့ နည်းလမ်းတွေကို သေချာလိုက်နာပြီး ကိုယ့်အိမ်တွင်းမှာ လေထုညစ်ညမ်းမှုကို ကာကွယ်ဖို့နဲ့ တတ်နိုင်သလောက်လျှော့ချဖို့ ခုကတည်းက စတင်လိုက်ကြရအောင်။ သင်ထင်မထားတဲ့ အသေးအမွှားကိစ္စလေးတွေက သင့်ရဲ့ ကျန်းမာရေးကို ကောက်ရိုးမီးလို အတွင်းကနေ ဖြည်းဖြည်းချင်း လှိုက်စားနေတယ်ဆိုတာကိုတော့ အမြဲသတိထားနေဖို့တော့ လိုမယ်နော်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Myo Myat မှ ရေးသားသည်။ · 06/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement