ပြင်းထန်ဆိုးရွားလှတဲ့ ကိုဗစ်ရောဂါ ကပ်ဘေးကြီးကို ခဏထား။ ခုချိန်က မိုးကာလမို့ ဖျားတာ၊ နာတာ၊ တုပ်ကွေးမိ၊ အအေးပတ်တာမျိုးက မကြာခနဖြစ်တတ်တဲ့ အချိန်ကာလမျိုးပါ။
ပုံမှန်ဖျားတာနာတာမို့ ပျောက်သွားမှာပါလို့ အလွယ်တကူတွေးတတ်ကြပေမယ့် ခေတ်ကာလအခြေအနေကြောင့် သတိထားရဖို့ လိုနေတဲ့အချိန်မျိုးပါ။
ဒီတော့ ကိုယ့်မှာပဲဖြစ်ဖြစ်၊ မိသားစုဝင်တစ်စုံတစ်ယောက်မှာပဲဖြစ်ဖြစ် ဖျားတာနာတာဖြစ်လာပြီဆိုရင် တစ်ယောက်နေ တစ်မိသားစုလုံးကို မကူးစက်စေဖို့ အထူးအရေးကြီးလာပါပြီ။
ဒီလိုဆိုရင် တစ်ယောက်နေ တစ်ယောက်ကို ရောဂါပိုးမကူးစက်လာအောင် ဘယ်လိုတားဆီးကြမလဲ။ အောက်ပါနည်းလမ်းလေးတွေကို လိုက်နာနိုင်ပါတယ်နော်။
လက်ဆေးပါ
လက်ကို ပုံမှန်နဲ့ စနစ်တကျဆေးခြင်းဟာ ဗိုင်းရပ်စ်နဲ့ ဘက်တီးရီးယားတွေ ကူးစက်နိုင်ခြေနဲ့ ပြန့်နှံ့နိုင်ခြေကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။ CDC ရဲ့ အဆိုအရဆိုရင် လက်ဆေးတာဟာ ကာကွယ်ဆေးထားတာနဲ့ အတူတူပဲလို့ ဆိုပါတယ်။ သတိထားဖို့က ဆပ်ပြာနဲ့ ရေနဲ့ စက္ကန့် ၂၀ ကြာအောင် ဆေးဖို့ပါ။ စက္ကန့် ၂၀ က ဘယ်လောက်ကြာလဲ ရုတ်တရက် မခန့်မှန်းနိုင်ဘူးဆိုရင် “Happy Birthday” သီချင်းကို ၂ ကျော့ပြန်ဆိုလိုက်ပါ။ အတိအကျပါပဲ။ သီချင်းလေးတကြော်ကြော်နဲ့ လက်ဆေးရတာ ဘယ်လောက်ပျော်ဖို့ ကောင်းလိုက်သလဲ။
လက်သန့်ဆေးကို ကိုယ်နဲ့မကွာထားပါ
ဆပ်ပြာနဲ့ ရေဆိုတာ သယ်သွားလို့ရတာမျိုးမဟုတ်ဘူးလေ။ ဒီတော့ အယ်ကိုဟော ၆၀% နဲ့အထက်ပါဝင်တဲ့ ရေမလိုလက်သန့်ဆေးရည်တစ်မျိုးမျိုးကို ဆောင်ထားဖို့လိုပါမယ်။ အကြောင်းတိုက်ဆိုင်တိုင်း လက်သန့်စင်ပေးမယ်ဆိုရင် ပိုးမွှား ကူးစက်ပြန့်နှံ့မှု ရန်ကနေ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
သန့်စင်ရှင်းလင်းပါ
အိမ်မှာရှိတဲ့ မျက်နှာပြင်မာကျောတဲ့ အရာဝတ္ထုတိုင်းကို သန့်စင်ရှင်းလင်းပေးနေသင့်ပါတယ်။ တံခါးလက်ကိုင်တွေ၊ ဗီဒိုတွေ၊ မီးခလုတ်တွေ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ရေချိုးခန်းတွေ၊ သန့်စင်ခန်းတွေ စတာတွေကိုပေါ့။
ကလေးကို အရုပ်တွေနဲ့ အချိန်အကြာကြီးမဆော့ပါစေနဲ့
တကယ်လို့ ဖျားနာနေတဲ့သူက လူကြီးမဟုတ်ပဲ ကလေးဆိုရင် ကစားချိန်ကို သေချာသတ်မှတ်ပေးပါ။ အရုပ်တွေနဲ့ကစားရင်လည်း အချိန်အကြာကြီး မကစားပါစေနဲ့။ ပိုးတွေ အရုပ်မှာ ကပ်ညိနေနိုင်တာကြောင့်ပါ။ ကစားပြီးချိန်တိုင်းမှာ သန့်စင်ပေးဖို့လည်း လိုအပ်ပါတယ်။
သေးစိုခံကို ပုံမှန်လဲလှယ်ပေးပါ
တကယ်လို့ ဖျားနာနေတဲ့ ရင်သွေးက အရမ်းငယ်ရွယ်သေးနေရင် သေးစိုခံဒိုက်ပါကို မပြတ်စောင့်ကည့်နေပြီး စိုစွတ်လာတိုင်း လဲလှယ်ပေးဖို့ လိုမှာပါ။
အစားအသောက်တွေ သန့်ရှင်းဖို့ အာရုံစိုက်ပါ
တချို့ရောဂါပိုးတွေဟာ အစားအသောက်ကို သန့်စင်စွာ မသန့်ရှင်းပေးတာကြောင့်လည်း ကပ်ညိနေနိုင်ပါတယ်။ ဒါကြောင့် အစားအသောက်တွေ စီမံရာမှာ သန့်ရှင်းအောင် ပြုလုပ်ဖို့ လိုအပ်ပါတယ်။ ဖျားနာနေတဲ့သူဆိုရင် အဖျားပျောက်ပြီး၊ ရောဂါလက္ခဏာပြသမှုကင်းစင်ပြီး ၄၈ နာရီကြာမှ အစားအသောက်ကို ကိုယ်တိုင်စီမံခွင့်ပြုပါ။
ရေချိုးခန်းကို သတိထားပါ
ရေချိုးခန်း၊ သန့်စင်ခန်းဟာ ရောဂါပိုးဖြန့်ဝေနိုင်စွမ်း အမြင့်မားဆုံးနေရာတွေထဲက တစ်နေရာဖြစ်ပါတယ်။ ကြမ်းပြင်၊ ဘေစင်နဲ့ အိမ်သာတွေဟာ အဖျားရောဂါပိုးတွေသာမက အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်နိုင်စေတဲ့ ပိုးတွေပါ ရှိနေတတ်ပါတယ်။ ဒါကြောင့် ပုံမှန်သန့်စင်မှုပြုလုပ်ပေးနေဖို့ လိုအပ်တာပါ။
အဝတ်အစား သန့်သန့်ဝတ်ပါ
ဖျားနာနေတဲ့သူကို သန့်ရှင်းတဲ့အဝတ်အစားမျိုး ဝင်ဆင်စေသင့်ပါတယ်။ ဖျားနေလို့ ချွေးထွက်မှာပဲ အဟောင်း ညစ်ပတ်တာပဲ ဝတ်စေတာက မှားယွင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။ ဝတ်ပြီးသား အဝတ်တွေကိုလည်း ရေနွေးနဲ့ သေချာစိမ်ပြီးမှ လျှော်ဖွတ်ဖို့ လိုအပ်ပါတယ်။
သွားပွတ်တံကို ခြောက်သွေ့တဲ့နေရာမှာထားပါ
ပိုးမွှားအများစုက ခြောက်သွေ့တဲ့ သွားပွတ်တံတွေမှာ မတွယ်ညိနိုင်ပါဘူး။ လျှင်မြန်စွာ ခြောက်သွေ့မှုက သူတို့ကို သေဆုံးစေနိုင်ပါတယ်။
ခပ်ခွာခွာနေပါ
နေ့စဉ်ဘဝမှာ ခပ်ခွာခွာနေပါ။ Social Distancing လုပ်ပါ။ ကိုယ်က ဖျားနေရင်ဖြစ်ဖြစ်၊ မိသားစုဝင်တစ်ယောက်ယောက် ဖျားနာနေရင်ဖြစ်ဖြစ် Social Distancing ဒီအမူအကျင့်က ရောဂါပိုးကူးစက်မှုကို ဟန့်တားနိုင်ပါတယ်။
ချောင်းဆိုး၊ နှာချေတိုင်း အကာအကွယ်သုံးပါ
ချောင်းဆိုတာ၊ နှာချေတာမျိုးတွေပြုလုပ်တိုင်း တစ်ခါသုံးတစ်သျှူး ဒါမှမဟုတ် လက်ကိုင်ပဝါကို အသုံးပြုဖို့ လိုအပ်သလို စနစ်တကျ စွန့်ပစ်ဖို့လည်းလိုအပ်ပါတယ်။
မျက်နှာဖုံးဝတ်ဆင်ပါ
ကိုဗစ်ရန်ကို ကာကွယ်ဖို့တင် မျက်နှာဖုံးဝတ်ဆင်ရမှာမဟုတ်ပါဘူး။ တကယ်တမ်းက အသက်ရှုလမ်းကြောင်းနဲ့ဆိုင်တဲ့ ဖျားနာရောဂါတွေ အားလုံးကို ကာကွယ်ဖို့ မျက်နှာဖုံးဝတ်ဆင်သင့်ပါတယ်။ တုပ်ကွေးဖျားနာကလည်း အသက်ရှှုလမ်းကြောင်းကနေတဆင့် ကူးစက်နိုင်တဲ့ရောဂါပါ။
ချစ်ရင်မနမ်းပါနဲ့
ကလေးကိုပဲဖြစ်ဖြစ်၊ ချစ်ခင်နှစ်သက်ရသူကိုပဲဖြစ်ဖြစ် ချစ်တယ်ဆိုရင် ဖျားနာနေချိန်မှာ မနမ်းပါနဲ့။ လူချင်းထိစပ်မှုက ရောဂါပိုးကူးစက်နိုင်စေမယ့် အဓိက အချက်တစ်ခုပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။