backup og meta

တုပ်ကွေး လား ကိုဗစ်လား မသေချာရင် ဘာလုပ်ကြမလဲ။

တုပ်ကွေး လား ကိုဗစ်လား မသေချာရင် ဘာလုပ်ကြမလဲ။

ခုတလော တော်တော်များများ ဖျားကြပါတယ်။ အများစုကတော့ ရာသီတုပ်ကွေး ပါ။ ဒါပေမယ့် ကိုဗစ်ကလည်း မပြီးသေးတဲ့အတွက် ဖျားပြီ၊ ချောင်းဆိုးပြီဆို တုပ်ကွေးလား၊ ကိုဗစ်လား ဆိုတာ ခွဲရခက်ပါတယ်။ တုပ်ကွေးအများစုက တစ်ပတ်လောက်နေရင် သက်သာသွားပေမယ့် ကိုဗစ်က အသက်သေဆုံးနိုင်တဲ့အထိ ပြင်းထန်နိုင်တာကြောင့် လက္ခဏာ တစ်ခုခု ခံစားရတဲ့အခါ ကိုဗစ်လား၊ တုပ်ကွေး လားဆိုတာကို ကွဲကွဲပြားပြား သိဖို့ လိုပါတယ်။

ကိုဗစ်လား တုပ်ကွေးလားဆိုတာကို လက္ခဏာနဲ့ ခွဲလို့ရနိုင်လား

လက္ခဏာတွေကတော့ တူတူပဲလို့ ပြောလို့ရလောက်တဲ့အထိပါ။ နှစ်ခုလုံးက ရောဂါကူးခံရပြီး လက္ခဏာမပြတာ ဖြစ်နိုင်သလို ပြင်းထန်တဲ့ လက္ခဏာလည်း ဖြစ်သွားနိုင်ပါတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့

  • ဖျားတာ (ချမ်းတုန်နိုင်ပါတယ်)
  • ချောင်းဆိုးတာ
  • မောတာ
  • နုံးတာ
  • လည်ပင်းနာတာ
  • နှာစေးတာ
  • ကိုယ်လက်ကိုက်တာ
  • ခေါင်းကိုက်တာ
  • ပျို့အန်တာ စတာတွေ ဖြစ်တတ်ပါတယ်။

အနံ့ပျောက်တာကတော့ ကိုဗစ်မှာ ပိုတွေ့ရတယ်ဆိုပေမယ့် ဒါတစ်ခုတည်းနဲ့ ခွဲခြားလို့ မရပါဘူး။ ဗိုင်းရပ်စ်တော်တော်များများက အနံ့ပျောက် ဒါမှမဟုတ် အနံ့ရတာ လျော့စေနိုင်လို့ပါ။

ဆေးစစ်ရင်ရော သိနိုင်လား။

ဒါဆိုရင်တော့ သိနိုင်ပါတယ်။ ကိုဗစ်အတွက်လည်း စစ်လို့ရသလို တုပ်ကွေး အတွက်လည်း စစ်လို့ရတဲ့ test kitလေးတွေ ရှိပါတယ်။ လက္ခဏာ သက်သက်နဲ့ ခွဲတာထက်စာရင် ဆေးစစ်လိုက်တာက ပိုပြီး တိကျပါတယ်။

တစ်ခုရှိတာက စစ်တဲ့အချိန်ပါ။ ကိုဗစ်ဆိုရင် လက္ခဏာပြပြီး ၅ရက်အတွင်းမှာ စစ်မှ ပေါ်မှာပါ။ ရက်ကျော်သွားလို့ စစ်လို့ မပေါ်တော့ရင် ကိုဗစ်မဟုတ်ဘူးဆိုပြီး ပေါ့ဆမိနိုင်ပါတယ်။

ကိုဗစ်လား တုပ်ကွေး လား မသေချာရင် ဘယ်လိုလုပ်မလဲ။

စစ်ဖို့ရက်က ကျော်သွားပြီ ဒါမှမဟုတ် ဆေးစစ်ဖို့ ခက်တဲ့နေရာမှာဆိုရင်တော့ လုပ်စရာ ၂ခုရှိပါတယ်။ မိမိကိုယ်ကို သက်သာအောင် နေဖို့ရယ်၊ သူများကို မကူးအောင်ရယ်ပါ။

  • မိမိကိုယ်ကို သက်သာစေဖို့

ဒီအတွက် ခံစားနေရတဲ့ ဝေဒနာအလိုက် ဆေးဝါးတွေ မှီဝဲနိုင်ပါတယ်။ အများစုက ဆရာဝန်ညွှန်ကြားချက်မလိုဘဲ သောက်လို့ရတဲ့ ဆေးတွေပဲ ဖြစ်ပါတယ်။ ဥပမာ ပြောရရင်

-အဖျားနဲ့ ကိုယ်လက်ကိုက်တာအတွက်အတွက် ပါရာစီတမော

-ချောင်းဆိုးတာအတွက် ချောင်းဆိုးပျောက်ဆေး (Dextromethorphan)

-ချွဲထတာအတွက် ချွဲပျော်ဆေး

နှာစေး နှာပိတ်အတွက် antihistamine အုပ်စုတွေ စတာတွေ ဝယ်သောက်နိုင်ပါတယ်။

ဒါက ကိုဗစ်ရော တုပ်ကွေးရောအတွက် အတူတူပါပဲ။ သတိထားရမှာက ဆရာဝန်ညွှန်ကြားချက် မရှိဘဲ ပိုးသတ်ဆေးတွေ၊ စတီးရွိုက်တွေ၊ အကိုက်အခဲပျောက်ဆေး အပြင်းစားတွေ မသောက်မိဖို့ပါပဲ။

နောက်တစ်ခုက ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေကို စစ်ဆေးနေဖို့ လိုပါတယ်။ လက္ခဏာတွေက ပိုပြီး ပြင်းထန်လာသလားဆိုတာကို စောင့်ကြည့်ရမှာ ဖြစ်သလို လက်ချောင်းထိပ်ကနေ သွေးတွင်းအောက်စီဂျင်ကိုလည်း ပုံမှန်တိုင်းဖို့ လိုပါတယ်။ ဆီးချို သွေးတိုး အခံရှိသူတွေဆိုရင်လည်း သွေးပေါင်ချိန်တွေ၊ သွေးတွင်းသကြားဓာတ်တွေ ပုံမှန်တိုင်းနေရမှာပါ။ တစ်ခုခု ပုံမှန်မဟုတ်တာရှိရင် ဆရာဝန်နဲ့ အမြန်ဆုံးပြသင့်ပါတယ်။

  • သူများကို မကူးစက်စေဖို့

ကိုဗစ်လား တုပ်ကွေး လား မသေချာသည့်တိုင် နှစ်ခုလုံးက သူများကို ကူးစက်စေနိုင်ပါတယ်။ သာမန်လူဆို မပြင်းထန်ပေမယ့်

-ကိုယ်ဝန်ဆောင်တွေ

-၅နှစ်အောက် ကလေးတွေ

-၆၅နှစ်အထက် လူကြီးတွေ

-နာတာရှည် ရောဂါအခံရှိသူတွေဆိုရင် ပြင်းထန်တတ်ပါတယ်။

ဒါကြောင့် ကိုယ့်မှာ ဘာမှန်းမသိဘဲ ဖျားနေတယ်၊ ချောင်းဆိုးတယ်ဆိုရင် အကောင်းဆုံးက အခန်းခွဲနေလိုက်ပါ။ ကိုဗစ်ဆိုရင် လက္ခဏာစပြတာကနေ စလို့ ၁၀ရက်လောက်၊ တုပ်ကွေး ဆို လက္ခဏာပြပြီး ၁ပတ်လောက် အခန်းခွဲနေလိုက်တာပါပဲ။

အခန်းခွဲနေတာအပြင် တတ်နိုင်သမျှ မိသားစုဝင်တွေနဲ့ ထိတွေ့မှု မရှိအောင် နေရမှာပါ။ ထမင်းလည်း ခွဲစားသင့်ပါတယ်။ ကိုယ်ကိုင်တွယ် ထိတွေ့ထားတဲ့အရာတွေကိုလည်း မကြာခဏ ပိုးသတ်သန့်စင်ပေးရမှာ ဖြစ်ပါတယ်။ မကြာခဏလည်း လက်ဆေးဖို့ လိုပါတယ်။

တုပ်ကွေး ဖြစ်ဖြစ် ကိုဗစ်ဖြစ်ဖြစ် အမြန်သက်သာစေဖို့

မပြင်းထန်တဲ့ ကိုဗစ်ရော တုပ်ကွေးရောက ၁ပတ်လောက်နေရင် သက်သာသွားပါပြီ။ အများစုက ကိုယ်ခံအားကို အားကိုးပြီး တိုက်ထုတ်ရတာကြောင့် နေမကောင်း ဖြစ်နေတဲ့အချိန်အတွင်းမှာ အားရှိအောင် စားဖို့၊ အိပ်ဖို့ လိုပါတယ်။ အလုပ်တွေကို တတ်နိုင်သမျှ နားထားပါ။ အထူးသဖြင့် အပြင်ထွက်ပြီး လူအများနဲ့ ထိတွေ့ရတဲ့ အလုပ်တွေကို နားထားတာ အကောင်းဆုံးပါ။

ကိုဗစ်ပဲဖြစ်ဖြစ် တုပ်ကွေးပဲ ဖြစ်ဖြစ် တချို့သူတွေမှာ ပြင်းထန်တဲ့ အဆင့်ကို ပြောင်းသွားတာရှိနိုင်ပါတယ်။ ဒီလို အခြေအနေဖြစ်လာပြီဆိုရင်တော့ မပေါ့ဆဘဲ အမြန်ဆုံး ဆေးကုသမှု ခံယူဖို့ အကြံပေးချင်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.cdc.gov/flu/symptoms/flu-vs-covid19.htm

https://www.ucsf.edu/news/2020/09/418606/can-you-tell-if-its-flu-or-covid-19-doctors-say-its-not-so-clear

https://www.mayoclinichealthsystem.org/hometown-health/speaking-of-health/what-should-you-do-if-you-have-covid-19-or-the-flu

ယခုပုံစံ

24/04/2023

Dr. Htet Htet Zaw Win မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တုပ်ကွေးကာကွယ်ဆေး က ပြင်းထန်ကိုဗစ်ကို ကာကွယ်နိုင်

တုပ်ကွေးကာကွယ်ဖို့ ဘာတွေစားကြမလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 24/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement