home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

တုပ်ကွေးကာကွယ်ဆေး က ပြင်းထန်ကိုဗစ်ကို ကာကွယ်နိုင်

တုပ်ကွေးကာကွယ်ဆေး က ပြင်းထန်ကိုဗစ်ကို ကာကွယ်နိုင်

နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးလေ့ရှိတဲ့သူ၊ ဒီနှစ်လည်း ထိုးထားပြီးတဲ့သူတွေအတွက် သတင်းကောင်းပါ။ ရာသီတုပ်ကွေးကာကွယ်ဆေး ထိုးထားတဲ့သူတွေမှာ ပြင်းထန်ကိုဗစ်ဖြစ်တာ၊ အထူးကြပ်မတ်ဆောင်တက်ရတာ၊ သွေးဆိပ်သင့်တာနဲ့ လေဖြတ်တာကို အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

တုပ်ကွေးကာကွယ်ဆေး ဆိုတာ

တုပ်ကွေးကာကွယ်ဆေးကို မြန်မာနိုင်ငံမှာ နှစ်စဉ် ၅လပိုင်းလောက်ဆို စထိုးကြပါပြီ။ ရာသီတုပ်ကွေး ကို ကာကွယ်ဖို့ပါ။ ရာသီတုပ်ကွေးက ရက်ပိုင်းလောက်နေရင် သက်သာတတ်ပေမယ့် လူကြီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးတွေနဲ့ ခုခံအားကျနေတဲ့သူတွေမှာ မတော်တဆ နောက်ဆက်တွဲဆိုးကျိုးတွေ ဖြစ်လာရင် အခြေအနေဆိုးတာကြောင့် သူတို့ကို ထိုးပါလို့ တိုက်တွန်းလေ့ရှိပါတယ်။

ကိုဗစ်စဖြစ်တုန်းကလည်း တတ်နိုင်ရင် ထိုးထားကြပါလို့ အကြံပေးခဲ့ပါတယ်။ တုပ်ကွေးနဲ့ ကိုဗစ်က လက္ခဏာတူနေလို့ ခွဲရခက်တဲ့အပြင် လူတစ်ယောက်တည်းမှာ တုပ်ကွေးရော၊ ကိုဗစ်ပါ ဖြစ်လာရင် ပိုဆိုးနိုင်တာကြောင့် ကာကွယ်လို့ရတဲ့ ရာသီတုပ်ကွေးကို ကာကွယ်ဆေးထိုးပြီး ကာကွယ်ကြပါလို့ တိုက်တွန်းခဲ့ပါတယ်။ ခုတော့ ဒီလိုထိုးထားတာက ရာသီတုပ်ကွေးကို ကာကွယ်တာအပြင် ကိုဗစ်အတွက်ပါ အကျိုးရှိလာပါပြီ။

တုပ်ကွေးကာကွယ်ဆေး တွေနဲ့ ကိုဗစ်

ဒီနှစ် European Congress of Clinical Microbiology & Infectious Diseases (ECCMID)ကနေ လုပ်တဲ့လေ့လာချက်အရ တုပ်ကွေးကာကွယ်ဆေးက ကိုဗစ်ကြောင့် သေဆုံးတာတွေ မဖြစ်အောင် ကာကွယ်ပေးနိုင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာအနှံ့မှာ လေ့လာထားတဲ့ အချက်အလက်တွေအရ နှစ်စဉ်ထိုးရတဲ့ တုပ်ကွေးကာကွယ်ဆေးက ကိုဗစ်လူနာတွေမှာ လေဖြတ်နှုန်း၊ သွေးဆိပ်သင့်နှုန်းနဲ့ သွေးခဲနှုန်းကို လျှော့ချပေးနိုင်ပါတယ်တဲ့။ ဒါ့ပြင် ကိုဗစ်ကြောင့် အရေးပေါ်အခြေအနေတွေ၊ အထူးကြပ်မတ်ဆောင်ကို တက်ရောက်ကုသရတာတွေကိုလည်း လျော့စေပါတယ်တဲ့။

ကိုဗစ်ကာကွယ်ဆေးက ခုချိန်မှာ တစ်ကမ္ဘာလုံးကို လုံလောက်အောင်ထိုးပေးနိုင်ဖို့ဆိုတာ ခက်ခဲတဲ့ကိစ္စပါ။ နေ့စဉ်နဲ့ အမျှ ကာကွယ်ဆေးတွေကို ထုတ်နေ၊ ဖြန့်နေပေမယ့်လည်း တချို့နိုင်ငံတွေမှာ ကာကွယ်ဆေးလွှမ်းခြုံမှု ကောင်းဖို့ဆိုတာ ၂၀၂၃နှစ်စလောက်မှ ဖြစ်နိုင်မှာပါတဲ့။

မကြာသေးခင်က လုပ်ခဲ့တဲ့ သုတေသနတွေအရတော့ တုပ်ကွေးကာကွယ်ဆေးတွေက ကိုဗစ်ကို အတိုင်းအတာတစ်ခုအထိ တားဆီးပေးနိုင်တယ်လို့ ဆိုပါတယ်။ တုပ်ကွေးကာကွယ်ဆေးက ခန္ဓာကိုယ်ရဲ့ ဘုံခုခံအား (ဘာပိုးပဲ ဝင်လာလာ ထွက်တိုက်တဲ့ ခုခံအားစနစ်)ကို သန်စွမ်းစေလို့ပါတဲ့။ ဒါက ကိုဗစ်ထိန်းချုပ်ရေးမှာ အကူအညီတစ်ခုဖြစ်သွားနိုင်ပါတယ်။

ဘာတွေ လေ့လာခဲ့ကြသလဲ။

မီယာမီ မီလာ ဆေးတက္ကသိုလ်မှ Ms Susan Taghioffနဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေက ကိုဗစ်လူနာပေါင်းများစွာရဲ့ ကျန်းမာရေးမှတ်တမ်းကို လေ့လာခဲ့ကြပါတယ်။ လူနာအုပ်စုကို တစ်အုပ်စုမှာ ၃၇,၃၇၇နဲ့ နှစ်အုပ်စု ခွဲထားပါတယ်။

ဒီလူနာအုပ်စုတွေမှာ အသက်၊ ကျား/မ၊ လူမျိုး၊ ဆေးလိပ်သောက်သလား၊ ဆီးချို၊ အဝလွန်၊ နာတာရှည်အဆုတ်ရောင် ရောဂါရှိသလား စတဲ့အချက်တွေကိုပါ ကိုက်အောင် ခွဲထုတ်ထားခဲ့ပါတယ်။ အုပ်စုနှစ်ခုလုံးက အခြေအနေတူတူပါပဲ။

ကွာတာက ပထမအုပ်စုက ကိုဗစ်မဖြစ်ခင် ၂ပတ်နဲ့ ၆လကြားမှာ ရာသီတုပ်ကွေး ကာကွယ်ဆေး ထိုးထားတဲ့ သူတွေပဲ ဖြစ်ပါတယ်။ ဒုတိယအုပ်စုကတော့ ထိုးထားခြင်း မရှိပါဘူး။ ဒီလေ့လာချက်မှာ ယူအက်စ်၊ ယူကေ၊ အီတလီ၊ အစ္စရေးနဲ့ စင်ကာပူက လူနာတွေရဲ့ ကျန်းမာရေးအချက်အလက်တွေကို ယူသုံးထားပါတယ်။

သိချင်တာက ဒီအုပ်စုနှစ်ခုမှာ ကိုဗစ်စဖြစ်ပြီး ရက်ပေါင်း ၁၂၀အတွင်းမှာ ဆိုးရွားတဲ့ အခြေအနေတွေ ဘယ်သူကပိုဖြစ်လဲဆိုတာပဲ ဖြစ်ပါတယ်။ ဆိုးရွားတဲ့ အခြေအနေဆိုတာက သွေးဆိပ်သင့်တာ၊ လေဖြတ်တာ၊ သွေးခဲတာ၊ အဆုတ်သွေးခဲပိတ်တာ၊ အဆုတ်ထိခိုက်တာ၊ အသက်ရှူမရတာ၊ အဆစ်တွေနာတာ၊ ကျောက်ကပ်ထိတာ၊ နှလုံးထိတာ၊ အဆုတ်ရောင်တာ၊ အစားအသောက်ပျက်တာ၊ အရေးပေါ်ကုသမှု ခံယူရတာ၊ ဆေးရုံတက်ရတာ၊ အထူးကြပ်မတ်ဆောင် တက်ရတာ၊ သေဆုံးတာ စတဲ့ ၁၅ချက်ကို ပြောတာ ဖြစ်ပါတယ်။

ရလဒ်ကတော့ တုပ်ကွေးကာကွယ်ဆေး မထိုးထားတဲ့သူတွေက ထိုးထားတဲ့သူတွေထက် ၂၀ရာခိုင်နှုန်းပိုပြီး အထူးကြပ်မတ်ဆောင်ကို တက်ရောက်ကုသရပါတယ်တဲ့။ ဒါ့ပြင် အရေးပေါ်ကုသရတာ ၅၈ရာခိုင်နှုန်း၊ သွေးဆိပ်သင့်တာ ၄၅ရာခိုင်နှုန်း၊ လေဖြတ်တာ ၅၈ရာခိုင်နှုန်း၊ သွေးခဲပိတ်တာ၊ ၄၀ရာခိုင်နှုန်း ပိုတာာကို တွေ့ရပါတယ်။

သေဆုံးနှုန်းကတော့ ကျသွားတာမျိုး မရှိပါဘူး။ ဒါကတော့ ထိုးထိုး မထိုးထိုး သိပ်တော့ မထူးခြားပါဘူး။

တုပ်ကွေးကာကွယ်ဆေးက ဘာကြောင့် ကိုဗစ်မှာ လာပြီး သက်ရောက်မှု ရှိနေတာလဲဆိုတာ အတိအကျ မပြောနိုင်သေးပါဘူး။ ဖြစ်နိုင်တာကတော့ တုပ်ကွေးကာကွယ်ဆေးက ခန္ဓာကိုယ်ရဲ့ ဘုံခုခံအား (ဘာပိုးပဲ ဝင်လာလာ ထွက်တိုက်တဲ့ ခုခံအားစနစ်)ကို သန်စွမ်းစေတာကြောင့် ဖြစ်နိုင်ပါတယ်။

နောက်ဆက်တွဲ

ပြန်ချုပ်ရရင် ရာသီတုပ်ကွေးကာကွယ်ဆေးတွေက ကိုဗစ်မှာ ပြင်းထန်တဲ့ အခြေအနေတွေ ဖြစ်မလာအောင် အတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်ပါတယ်။ တုပ်ကွေးကာကွယ်ဆေးနဲ့ ကိုဗစ်ကြားက ဆက်စပ်မှုကို ဆက်လက်လေ့လာသွားရမှာ ဖြစ်ပြီး အနာဂတ်မှာ ကိုဗစ်ကာကွယ်ဆေး မလုံလောက်တဲ့ နိုင်ငံတွေမှာ အထောက်အကူဖြစ်ဖို့ မျှော်လင့်ပါတယ်တဲ့။

ဒီလေ့လာမှုရဲ့ အကြီးတန်းစာရေးသူ၊ မီယာမီ မီလာဆေးတက္ကသိုလ် ပလတ်စတစ်ဆာဂျရီပါမောက္ခ Dr Devinder Singhက ‘ခုချိန်ထိ ကိုဗစ်ကာကွယ်ဆေးကို အပြည့်အဝထိုးထားတာက လူနည်းစုပဲ ရှိပါသေးတယ်။ ဒီကပ်ရောဂါရဲ့ ဆိုးရွားပုံနဲ့တော့ ကိုဗစ်ကြောင့် သေဆုံးတာ၊ နောက်ဆက်တွဲဖြစ်နှုန်းတွေကို လျှော့ချဖို့ နည်းလမ်းတွေကို ဆက်ပြီး ရှာဖွေသင့်တယ်’ လို့ ဆိုပါတယ်။

ဒီတွေ့ရှိမှုက အင်မတန်မှ အရေးပါပါတယ်။ ခုထိကမ္ဘာမှာ ကိုဗစ်ကြောင့် ဒုက္ခရောက်နေရတဲ့ နိုင်ငံတွေ အများကြီး ရှိပါတယ်။ ဒီတွေ့ရှိမှုက ကိုဗစ်ကို ထိန်းချုပ်တဲ့နေရာမှာ အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်။

ဒါဆို ရာသီတုပ်ကွေးကာကွယ်ဆေးကို ကိုဗစ်ကာကွယ်ဆေးအစား ထိုးလို့ရမလား။

Ms Taghioffက ‘တချို့သော သူတွေက ကိုဗစ်ကာကွယ်ဆေးကို ထိုးဖို့ ကြောက်ရွံ့နေကြတာမျိုး ရှိပါတယ်။ ဒီလို လူတွေအတွက် တုပ်ကွေးကာကွယ်ဆေးက အထောက်အကူ ဖြစ်နိုင်ပါတယ်။

ဒီလိုဆိုလို့ ကိုဗစ်ကာကွယ်ဆေး မထိုးဘဲ တုပ်ကွေးကာကွယ်ဆေးနဲ့ အစားထိုးနိုင်တယ်လို့ ပြောတာမဟုတ်ပါဘူး။ ရနိုင်မယ်ဆိုရင်တော့ လူတိုင်း ကိုဗစ်ကာကွယ်ဆေးကို ထိုးဖို့ တိုက်တွန်းပါတယ်။’ လို့ပြောသွားပါတယ်။

ဆိုလိုတာက ကိုဗစ်ကာကွယ်ဆေးရရင် ကိုဗစ်ကာကွယ်ဆေးထိုး၊ မရသေးတဲ့အချိန်မှာ တုပ်ကွေးကာကွယ်ဆေး ထိုးထားတာက မတော်တဆများ ကိုဗစ်ဖြစ်လာခဲ့ရင် မပြင်းထန်အောင် အတိုင်းအတာတစ်ခုအထိ ကာကွယ်ပေးထားနိုင်တယ်လို့ ပြောချင်တာပါ။ ဒါ့ပြင် တစ်ခါတလေ တုပ်ကွေးကလည်း ကပ်ရောဂါနီးပါး ခေါင်းထောင်တတ်လေတော့ ထိုးထားတာက အကျိုးမယုတ်ပါဘူး။

ဒါကြောင့် အရင်နှစ်တွေက မထိုးထားဘူး။ ထိုးလေ့ထိုးထ မရှိဘူးဆိုရင်တောင် နောင်နှစ်တွေမှာတော့ ထိုးထားပါလို့ အကြံပေးချင်ပါတယ်။

ဒီထက်ပိုအရေးကြီးတာက တုပ်ကွေးကာကွယ်ဆေးပဲ ထိုးထိုး၊ ကိုဗစ်ကာကွယ်ဆေးပဲ ထိုးထိုး ပြီးရင်တော့ နှာခေါင်းစည်းတပ်လက်ဆေး၊ လူစုလူဝေးရှောင် စတဲ့ ကာကွယ်ရေး နည်းလမ်းတွေကို ဆက်လက်ကျင့်သုံးနေဖို့ပဲ ဖြစ်ပါတယ်။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Htet Htet Zaw Win မှ ရေးသားသည်။ 09/09/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။