ကိုဗစ်ရော တုပ်ကွေးရောက ပိုးဝင်တာနဲ့ လက္ခဏာပြတာက ၁ရက်ကနေ ရက်ပေါင်းများစွာအထိ ကြာနိုင်ပါတယ်။ တုပ်ကွေးကနေ ပိုးဝင်ပြီး ၁ရက်ကနေ ၄ရက်အတွင်း လက္ခဏာပြပါတယ်။ ကိုဗစ်မှာတော့ အများစုက ပိုးကူးခံရပြီး ၅ရက်နေရင် လက္ခဏာပြပါတယ်။ ဒါပေမယ့် ဒါက ၂ရက်ကနေ ၁၄ရက်အထိလည်း ဖြစ်သွားနိုင်တယ်ဆိုတာကို မမေ့ပါနဲ့။
ဘယ်လောက်ကြာတဲ့အထိ သူများကို ရောဂါဖြန့်နိုင်သလဲ။
နှစ်ခုလုံးက ပိုးကူးပြီး ရောဂါလက္ခဏာမပြခင် ၁ရက်ကနေစပြီး သူများကို ကူးနိုင်ပါတယ်။ လက္ခဏာမပြခင်တည်းက ကူးနိုင်တဲ့အတွက် ကိုယ်က ထိတွေ့မှု ရှိထားပြီဆိုတာနဲ့ ဂရုစိုက်သင့်ပါတယ်။
တုပ်ကွေးဖြစ်တဲ့သူတွေကတော့ လက္ခဏာမပြခင် ၁ရက်ကနေ ကူးနိုင်ပါတယ်။ လူကြီးတွေ၊ ကလေးတွေဆိုရင်တော့ လက္ခဏာမပြခင် ၁ရက်ကနေ လက္ခဏာပြပြီး ၃-၄ရက်၊ အများစုကတော့ ၇ရက်အထိ ကူးနိုင်ပါတယ်။ မွေးစကလေးနဲ့ ခုခံအားကျနေတဲ့သူကတော့ ဒီထက်ပိုကြာကြာရောဂါဖြန့်နိုင်ပါတယ်။ ဒါကြောင့် တုပ်ကွေးမိရင် အလုပ်နား၊ ကျောင်းနားဖို့ ပြောတာပါ။ သူများကို ကူးမှာ စိုးလို့ပါ။
ကိုဗစ်နဲ့ ပတ်သက်ပြီးကတော့ ခုထိလေ့လာနေကြတုန်းပါပဲ။ လက်ရှိလေ့လာချက်တွေအရတော့ ကိုဗစ်က လက္ခဏာမပြခင် ၂ရက်ကနေ ပြပြီး ၁၀ရက်လောက်ထိ ကူးနိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် ၁၁ရက်ပြည့်တာနဲ့ ပေးပြန်တာပါ။ ဒီချိန်မှာ ဆေးစစ်ရင် ပေါ့စတစ်ထွက်နေပေမယ့် သူများကိုတော့ မကူးနိုင်တော့ပါဘူး။ ဒါက မပြင်းထန်တဲ့သူတွေပါ။ ဆေးရုံတက်ရလောက်အောင် ပြင်းထန်တဲ့သူတွေကတော့ ရက် ၂၀ကျော်လောက်ထိ ကူးနိုင်ပါတယ်။ ဒါကြောင့် အလွယ်မှတ်ရင် သာမန်လူနာ ၂ပတ်၊ ပြင်းထန်လူနာ ၃ပတ်ပါ။
ဘယ်လို ကူးသလဲ။
ကူးတဲ့ နည်းလမ်းကလည်း အတူတူလောက်ပါပဲ။ နှာချေချောင်းဆိုးလို့ ထွက်လာတဲ့ အမှုန်အမွှားတွေကို ရှူမိရင်ဖြစ်ဖြစ်၊ ဒီအမှုန်အမွှားတွေ ကပ်နေတဲ့ ပစ္စည်းတွေကိုကိုင်၊ ပြီးရင် လက်မဆေးဘဲ မျက်နှာကို ကိုင်ရင်လည်း ကူးတတ်ပါတယ်။ နောက်ပြီး အလုံပိတ်၊ လေဝင်လေထွက်မကောင်းတဲ့ အခန်းထဲမှာ အမှုန်အမွှားတွေက ၆ပေနဲ့အထက်ကို ပြန့်ပြီး ကူးနိုင်ပါသေးတယ်။
ဒါပေမယ့် ကိုဗစ်က ပိုဆိုးပါတယ်။ ရောဂါရှိသူတစ်ယောက်ကနေ နောက်ထပ်လူပေါင်းများစွာကို ကူးနိုင်တဲ့အပြင် ဗီဇခဏခဏပြောင်းတာကြောင့် လူအများကြီးကို ကူးပြီး ကပ်ရောဂါဖြစ်သွားတာပါ။
တုပ်ကွေးနဲ့ ကိုဗစ် ဘယ်ဟာကပိုပြင်းထန်သလဲ။
အသက်ကြီးတဲ့သူ၊ ကိုယ်ဝန်ဆောင်၊ ရောဂါအခံရှိတဲ့သူဆိုရင်တော့ ကိုဗစ်ပဲဖြစ်ဖြစ်၊ တုပ်ကွေးပဲဖြစ်ဖြစ် စိုးရိမ်စရာကောင်းပါတယ်။ ဒါကြောင့်လည်း ဒီအုပ်စုကို နှစ်တိုင်း တုပ်ကွေးကာကွယ်ဆေး ထိုးခိုင်းတာပါ။
ကိုဗစ်ကတော့ ပိုပြင်းထန်တယ်လို့ ပြောလို့ရပါတယ်။ လူလတ်ပိုင်း ကျန်းကျန်းမာမာတွေတောင်အခန့်မသင့်ရင် အသက်ဆုံးရှုံးနိုင်ပါတယ်။ နောက်ထပ် ထူးခြားချက်က ကလေးတွေ (အထူးသဖြင့် ၅နှစ်အောက်) မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ဆိုးကျိုး ဖြစ်တာာပါ။ ဒါကို Multisystem Inflammatory Syndrome in Children (MIS-C)လို့ ခေါ်ပါတယ်။ ဖြစ်ခဲပေမယ့် ဖြစ်လာရင် အသက်အန္တရာယ်ရှိတာမျိုးပါ။
တုပ်ကွေးနဲ့ ကိုဗစ်ရဲ့ နောက်ဆက်တွဲပြဿနာ
နှစ်ခုလုံးအနေနဲ့ ဖြစ်နိုင်တာက
- အဆုတ်ရောင်
- အဆုတ်ပျက်စီးတာ
- သွေးဆိပ်သင့်တာ
- နှလုံးထိတာ
- ကိုယ်တွင်းအင်္ဂါတွေ ပျက်စီးတာ
- နဂိုရောဂါအခံတွေ ပိုဆိုးလာတာ
- နှလုံး၊ ဦးနှောက်နဲ့ ကြွက်သားတွေ ရောင်ရမ်းတာ ဖြစ်တတ်ပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။