home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကိုယ်ဝန်ရှိသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်ခြင်း၏ အကြောင်းအရင်းနှင့် လက္ခဏာများ

ကိုယ်ဝန်ရှိသကဲ့သို့ ထင်ယောင်ထင်မှားဖြစ်ခြင်း၏ အကြောင်းအရင်းနှင့် လက္ခဏာများ

ကိုယ်ဝန်ဆောင်ခြင်းဟာ ကလေးလိုချင်တဲ့ မိဘတွေအတွက်တော့ ပျော်ရွှင်ဝမ်းမြောက်စရာ အချိန်ပါပဲ။ ကိုယ်ဝန်ရှိလာကြောင်းကို စစ်ဆေးမှုမလုပ်ခင်မှာဘဲ ကိုယ်ခန္ဓါရဲ့ ပြောင်းလဲမှုများကို သတိပြုမိရာကနေ သိရှိနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ရှိကြောင်း လက္ခဏာအချို့တွေ့ရရုံနဲ့ ကလေးရှိတယ်လို့ မပြောနိုင်ပါဘူး။ တခါတရံမှာ ကိုယ်ဝန်မရှိဘဲ ရှိသယောင် ထင်ရတဲ့ လက္ခဏာတွေ ရှိတတ်ပါတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။

ဘယ်အရာတွေက ကိုယ်ဝန်ရှိသယောင် ဖြစ်စေသလဲ

ဒီပြသနာဟာ အမျိုးသမီးတွေမှာရော အံ့သြစရာကောင်းအောင်ပဲ အမျိုးသားတွေမှာပါ ဖြစ်တတ်ပါတယ်။ အကြောင်းအရင်း အတိအကျကိုတော့ မသိရပါဘူး။ ထိခိုက်ဒဏ်ရာရခြင်းနဲ့ ကိုယ်တွင်းဓါတုပစ္စည်းများ ဟန်ချက်မညီခြင်းကြောင့် ဖြစ်တယ်လို့ ယူဆရပါတယ်။ အဲဒီအခါ ကလေးရှိတယ်လို့ ထင်ရပါတယ်။

မြုံခြင်း၊ မကြာခဏ ကိုယ်ဝန်ပျက်ကျခြင်း၊ ကလေးကို ဆုံးရှုံးရခြင်း၊ သွေးဆုံးချိန်နီးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ပြိုလဲခြင်း၊ အိမ်ထောင်ပြုလိုခြင်း စတဲ့ပြသနာတွေကြောင့် ကလေးကို အရမ်းလိုနေချိန်မှာ ကိုယ်ဝန်ရှိလာသယောင် ထင်ယောင်ထင်မှား ဖြစ်လာတတ်ပါတယ်။ တခါတရံ ရင်သားများ ကြီးထွားလာခြင်း၊ ဝမ်းဗိုက်ပူလာခြင်း စတာတွေ ဖြစ်လာပြီး ဦးနှောက်ကနေ ကိုယ်ဝန်ရှိလာတယ်လို့ မှတ်ယူလိုက်ပါတယ်။ ကိုယ်ဝန်ရှိချိန်မှာ ထွက်ပေါ်တတ်တဲ့ ဟော်မုန်းတွေ ထွက်လာပြီး ကိုယ်ဝန်လက္ခဏာများ ပေါ်လာပါတယ်။

မျိုးဥအိမ်ကင်ဆာ၊ ဓါတုပစ္စည်းများ ဟန်ချက်မညီခြင်း စတဲ့ကျန်းမာရေး အခြေအနေတွေဟာလည်း ကိုယ်ဝန်ရှိသလို ဖြစ်စေပါတယ်။ သွေးဆုံးခါနီး အမျိုးသမီးတွေမှာလည်း စိတ်ကျခြင်း လက္ခဏာတွေ ပေါ်လာပြီး ကိုယ်ဝန်ရှိသလို ထင်လာရပါတယ်။

သိပ္ပံပညာရှင်တချို့ကတော့ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခြင်း၊ ဆင်းရဲခြင်း၊ ပညာမတတ်ခြင်းနဲ့ ပေါင်းသင်းဆက်ဆံရေးပြသနာများဟာ ဒီအခြေအနေကို ဖြစ်စေတယ်လို့ ဆိုပါတယ်။

ကိုယ်ဝန်ရှိသလို ထင်ရခြင်းရဲ့ လက္ခဏာတွေက ဘာတွေလဲ

အမှန်တကယ် ကိုယ်ဝန်ရှိချိန်မှာ တွေ့ရတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒါပေမယ့် ကလေးတော့ မရှိပါဘူး။ အောက်ပါလက္ခဏာတွေ ပါဝင်ပါတယ်။

– ရာသီစက်ဝန်းပြောင်းလဲခြင်း၊ ရာသီထိန်တတ်ခြင်း

– ဗိုက်ပူခြင်း

– ဆံပင်နှင့် အသားအရေ ပြောင်းလဲခြင်း။ အသားအရေ ခြောက်သွေ့ ကြမ်းတမ်းလာပါတယ်။

– ကိုယ်အလေးချိန် တက်လာခြင်း။ ပုံမှန်စားနေကြအတိုင်း စားနေချိန်မှာတောင် ကိုယ်အလေးချိန်ဟာ လျင်မြန်စွာ တိုးတက်လာပါတယ်။

– မကြာခဏ ဆီးသွားခြင်း

– ရင်သားများကြီးထွားပြီး နာကျင်လာခြင်း

– ကလေးလှုပ်သကဲ့သို့ ခံစားရခြင်း

– ပျို့အန်ခြင်း။

အဲဒီလက္ခဏာတွေဟာ ရက်သတ္တပတ် အနည်းငယ်ကနေ လအနည်းငယ်အထိ ကြာမြင့်နိုင်ပါတယ်။ ရှားရှားပါးပါး အမျိုးသမီးတချို့မှာ ကလေးမွေးခါနီး ဗိုက်နာသလို ကြုံရပါတယ်။ ဒီလိုအချိန်မှာ အတည်ပြုဆုံးဖြတ်ဖို့အတွက် ကျွမ်းကျင်သူတွေနဲ့ ပြသစစ်ဆေးသင့်ပါတယ်။ ကလေးမရှိရင် ဆရာဝန်ကနေ စိတ်ပိုင်းဆိုင်ရာ နှစ်သိမ့်မှုပြုပေးပါလိမ့်မယ်။

ကိုယ်ဝန်ရှိတယ်လို့ ထင်ယောင်ထင်မှားဖြစ်ခြင်းဟာ ရှားပါးတဲ့ အခြေအနေဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နိုင်ပါတယ်။ ဒီလိုပြောင်းလဲမှုတွေ ကြုံရချိန်မှာ မြန်နိုင်သမျှမြန်အောင် ဆေးကုသမှု ခံယူသင့်ပါတယ်။

Hello Health Group သည် ဆေးပညာ အကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

ရင်းမြစ်များ

False Pregnancy (Pseudocyesis). http://www.webmd.com/baby/guide/false-pregnancy-pseudocyesis#1. Accessed April 11, 2017.

Strange but true: False pregnancy. https://www.babycenter.com/0_strange-but-true-false-pregnancy_10364942.bc. Accessed April 11, 2017.

What Exactly Is A False Pregnancy Or Pseudocyesis?. http://americanpregnancy.org/getting-pregnant/false-pregnancy/. Accessed April 11, 2017.

False pregnancy (pseudocyesis). http://www.webmd.boots.com/pregnancy/guide/false-pregnancy-pseudocyesis. Accessed April 11, 2017.

စာရေးသူ ဓာတ်ပုံbadge
Dr. Thant Zin မှ ရေးသားသည်။ 18/11/2020 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Hello Sayarwon Panel မှ အချက်အလက် စစ်ဆေးထားပါသည်။