ရာသီမလာတော့ဘူးဆိုရင် သင့်ကိုယ်သင် ကိုယ်ဝန် ရှိနေပြီလို့ သံသယဝင်နေပြီး ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ လို့ သင်သိချင်နေပါလိမ့်မယ်။ ဒီအတွက် ကိုယ်ဝန်ဆောင်ခြင်းရဲ့ အစောပိုင်းလက္ခဏာများကို သတိထားကြည့်နိုင်သလို ကိုယ်တိုင် ကိုယ်ဝန်စစ်ဆေးမှုလည်း ပြုလုပ်နိုင်ပါတယ်။
ကိုယ်ဝန်ရှိ၊ မရှိ ဘယ်လောက်မြန်မြန် သိနိုင်မလဲ
ကိုယ်ဝန်ရှိ၊ မရှိ ကို သိဖို့ နည်းလမ်း နှစ်ခုရှိပါတယ်။ လက္ခဏာကို စစ်ဆေးတာရယ်၊ ဆေးစစ်တာရယ်ပါ။
ကိုယ်ဝန်ဆောင်ခြင်းရဲ့ အစောပိုင်းလက္ခဏာများ
ရာသီမလာဘူးဆိုရင် တန်းပြီး ဆေးစစ်နိုင်သလို ကိုယ်ဝန်အစောပိုင်း လက္ခဏာများကိုလည်း သတိထား ကြည့်နိုင်ပါတယ်။ ဒါတွေကတော့
သင် အလွန်အမင်း ပင်ပန်းနေသလို ခံစားရနိုင်ပါတယ်။ အားမရှိသလို၊ နုံးသလိုလည်း ခံစားရနိုင်ပါတယ်။ ဘာမှလုပ်ချင် ကိုင်ချင်စိတ်လည်း ရှိမှာမဟုတ်ပါ။ အိပ်ပဲအိပ်ချင်နေပါလိမ့်မယ်။
သင့်ရင်သားများ အရင်ကထက်ပိုပြီး ပြည့်နေသလိုလို၊ တင်းနေသလိုလို ခံစားရပါလိမ့်မည်။ သင့် သားမြတ်ခေါင်းပတ်လည်က အညိုရောင်ဧရိယာလည်း ပိုကြီးနေပါလိမ့်မယ်။ ဒီရင်သား အပြောင်းအလဲတွေက ပရိုဂျက်စတီရုန်း ဟော်မုန်း သွေးထဲမှာ များလာတာကြောင့်ပါ။
ဒါက လူတိုင်းသိပြီးသားလက္ခဏာပါ။ ကိုယ်ဝန်ရှိတဲ့အခါ ပျို့တာ၊ အန်တာတွေ ခံစားရတတ်ပါတယ်။ ပရိုတင်းဓာတ် များတဲ့ အစားအစာတွေနဲ့ ချင်းက ကူညီပေးနိုင်ပါတယ်။
သာမန်ထက် အနံ့ခံအာရုံ ကောင်းနေသလို အနံ့တွေကြောင့် မအီမသာ ဖြစ်တာမျိုးလည်း ကြုံရနိုင်ပါတယ်။
ဒီလက္ခဏာတွေက ကိုယ်ဝန်ရှိစအချိန်မှာ တွေ့ရတတ်တယ်ဆိုပေမယ့် ကိုယ်ဝန်မရှိဘဲလည်း ဖြစ်တတ်ပါတယ်။ ဒီထဲမှာ မပါတဲ့ တခြားလက္ခဏာတွေလည်း ခံစားရနိုင်ပါတယ်။ ဒါကြောင့် ပိုသေချာချင်ရင် ဆေးစစ်ပါ။
ဘယ်အချိန်မှာ ကိုယ်ဝန်စစ်နိုင်မလဲ။
ကိုယ်ဝန်ရှိ၊ မရှိ ကို ဆေးစစ်တဲ့နည်း ၂နည်းရှိပါတယ်။ သွေးစစ်တာရယ်၊ ဆီးစစ်တာရယ်ပါ။
စစ်ဆေးမှု နှစ်ခုလုံးက ကိုယ်ထဲမှာ ကိုယ်ဝန်ဆောင်ဟော်မုန်း hCG ရှိမရှိကို စစ်တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ရှိရင် သန္ဓေသားလေးက သားအိမ်ကို တွယ်တာနဲ့ hCGဟော်မုန်းကို စထုတ်ပေးပြီး အလျင်အမြန် များလာတာကြောင့်ပါ။
(၁) သွေးစစ်ခြင်း
သွေးထဲက ကိုယ်ဝန်ဆောင် ဟော်မုန်း ဘီတာ hCG ကို စစ်တာ ဖြစ်ပါတယ်။ သွေးစစ်ဆေးမှုရလဒ်က ဆီးစစ်တာထက် ပိုတိကျပါတယ်။ ပိုပြီးတော့လည်း စောစောသိနိုင်ပါတယ်။ သွေးစစ်ခြင်းကို သားဥကြွေပြီး ၆-၈ ရက်မှ စစစ်နိုင်ပါတယ်။ ဆိုလိုတာက ရာသီမလာတဲ့အထိ စောင့်စရာ မလိုပါဘူး။ သားဥကြွေပြီး တစ်ပတ်လောက်နေရင် စစ်လို့ ရပါပြီ။
သွေးစစ်မှုမှာလည်း နှစ်မျိုးရှိပါတယ်။
- သွေးထဲမှာ hCG ရှိမရှိ စစ်ဆေးခြင်း
- သွေးထဲရှိ hCG ပမာဏကို စစ်ဆေးခြင်း
(၂) ဆီးစစ်ခြင်း
hCGက ဆီးထဲကို ရောက်တာ အနည်းငယ် နောက်ကျပါတယ်။ သားဥကြွေပြီး ၁၂ရက်ကနေ ၁၅ရက်လောက်နေမှ ဆီးထဲမှာ စစ်လို့ ပေါ်တာ ဖြစ်ပါတယ်။ ဒါကြောင့် အလွယ် ရာသီလာရမယ့်ရက်မှာ မလာသေးရင် ဆီးစစ်ကြည့်လို့ ပြောတာ ဖြစ်ပါတယ်။ တကယ်လို့ ရာသီလာမယ့်ရက်က ဘယ်ရက်မှန်းမသေချာရင်တော့ အတူနေပြီး ၃ပတ်ကြာတဲ့အခါ စစ်နိုင်ပါတယ်။
ရလဒ်မှန်မမှန်က စစ်တဲ့ နည်းမှန်ရဲ့လားဆိုတာနဲ့ ခန္ဓာကိုယ်ကနေ hCG ဟော်မုန်း ထုတ်တဲ့ ပမာဏပေါ် မူတည်ပါတယ်။ မနက်ပိုင်းမှာ အိပ်ရာနိုးနိုးချင်း သွားတဲ့ဆီးနဲ့ စစ်ကြည့်ရင်ပိုမှန်နိုင်ပါတယ်။
ကိုယ်ဝန်ရှိ၊ မရှိ ကိုယ်တိုင်စစ်တဲ့နည်းတွေက အမြဲမှန်ချင်မှ မှန်မှာပါ။ ဒါကြောင့် အတည်ပြုဖို့ ဆရာဝန်နဲ့ ပြသဖို့ လိုပါတယ်။ နောက်ပြီး လက္ခဏာတွေကို ကြည့်ပြီး ကိုယ်ဝန်ရှိမရှိ မသတ်မှတ်ရပါ။ ဆီးစစ်တာ ဒါမှမဟုတ် သွေးစစ်တာကသာ ပိုသေချာတဲ့ နည်းလမ်း ဖြစ်ပါတယ်။
[embed-health-tool-ovulation]