backup og meta

သားအိမ်ပြင်ပသန္ဓေတည် ခြင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သားအိမ်ပြင်ပသန္ဓေတည် ခြင်း

    ကိုယ်ဝန်ရှိဖို့ဆိုရင် အရင်ဆုံးမျိုးအောင်ပြီး သန္ဓေတည်ရပါတယ်။ မမျိုးဥလေးနဲ့ သုက်ကောင်လေးက သားဥပြွန်မှာဆုံတွေ့မယ်။ မျိုးအောင်မယ်။ သန္ဓေသားလေးဖြစ်မယ်။ အဲ့ဒီသန္ဓေသားလေးက သားဥပြွန်ကနေပြန်ဆင်းလာပြီး သူ့အတွက် ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ သားအိမ်နံရံမှာ ပြန်လာတွယ်မယ်။ ဒါကပုံမှန်ကိုယ်ဝန်ဆောင်တဲ့ပုံစံပါ။ တချို့တွေကတော့ ထူးထူးခြားခြား သန္ဓေအောင်ပြီးခါမှ သန္ဓေတည်ခါနီးကျရင် သားအိမ်ကိုဆင်းမလာဘဲ သားဥပြွန်မှာ သန္ဓေတည်လိုက်ပါတယ်။ တချို့ကျတော့လည်း သားဥအိမ်၊ သားအိမ်ခေါင်း၊ ဝမ်းဗိုက်ထဲထိသန္ဓေတည်တတ်ပါတယ်။ ဒါကြောင့် အလွယ်ပြောရင် သားအိမ်ကလွဲပြီး တခြားနေရာမှာ သန္ဓေတည်ရင် သားအိမ်ပြင်ပသန္ဓေတည် တယ်လို့ ခေါ်ပါတယ်။

    သားအိမ်ပြင်ပသန္ဓေတည် တာ ဘာကြောင့်ဖြစ်ရတာလဲ။

    သားအိမ်ပြင်ပသန္ဓေတည် တဲ့ထဲမှာ သားဥပြွန်မှာ သန္ဓေတည်တာအများဆုံးပါ။ ၉၀ရာခိုင်နှုန်းလောက်ရှိပါတယ်။ သားဥပြွန်ကနေ သားအိမ်ကို ဆင်းလာတဲ့လမ်းမှာ ကြာနေတာကြောင့် သားဥပြွန်မှာ သန္ဓေတည်လိုက်တာပါ။ သားဥပြွန်မှာ ချို့ယွင်းချက်တစ်ခုခုရှိနေရင် သန္ဓေတည်ဖို့ အောက်ကိုဆင်းမလာနိုင်ဘဲ လမ်းမှာတန့်နေမှာပါ။ ဥပမာပြောရရင်

  • သားဥပြွန်မှာ ပိုးဝင်လို့ဖြစ်ဖြစ်၊ ခွဲစိတ်မှုလုပ်ထားရင်ပဲဖြစ်ဖြစ် ရောင်ရမ်းပြီး အနာရွတ်တွယ်လို့ ကျဉ်းသွားတာ
  • ဟော်မုန်းအပြောင်းအလဲတွေ
  • မျိုးဗီဇတွေ
  • မွေးရာပါချို့ယွင်းချက်တွေ
  • မျိုးပွားအင်္ဂါနဲ့ သားဥပြွန်ကို ထိခိုက်စေနိုင်တဲ့ ရောဂါတွေ စတာတွေပဲဖြစ်ပါတယ်။
  • ဘယ်သူတွေမှာ သားအိမ်ပြင်ပသန္ဓေတည် တာ ပိုဖြစ်နိုင်လဲ။

    • အသက်၃၅ကျော်မှ ကိုယ်ဝန်ဆောင်တဲ့ အမေတွေ
    • မိန်းမကိုယ်အတွင်းပိုင်း ခွဲစိတ်မှုလုပ်ထားတဲ့သူတွေ၊ ဗိုက်ခွဲဖူးတဲ့သူတွေ၊ ခဏခဏ ကိုယ်ဝန်ပျက်ကျတတ်တဲ့သူတွေ
    • မိန်းမကိုယ်အတွင်းပိုင်းပိုးဝင်ပြီး ရောင်ရမ်းဖူးသူတွေ
    • ​သားအိမ်တစ်ရှူးနေရာမှားရှိသူ (endometriosis)
    • သားအိမ်သွေးလုံးတည်သူတွေ ( adenomyosis)
    • သားကြောဖြတ်ထားပြီး (tubal ligation) သို့မဟုတ် သားအိမ်ထဲပစ္စည်းထည့်ပြီး ကိုယ်ဝန်တားထားလျက်နဲ့ ကိုယ်ဝန်ရသွားသူတွေ
    • သားဥကြွေဆေးတွေသုံးပြီး သန္ဓေအောင်အောင်လုပ်ထားသူတွေ
    • ဆေးလိပ်သောက်တဲ့သူတွေ
    • အရင်က သားအိမ်ပြင်ပသန္ဓေတည်ဖူးသူတွေ
    • မမျိုးပွားအင်္ဂါတွေ ပိုးဝင်ရောင်ရမ်းဖူးသူတွေ
    • ​ဆီးပူညောင်းကျ သို့မဟုတ် ကလိုင်မိုင်းဒီးယား စသဖြင့် လိင်ကတစ်ဆင့်ကူးစက်တဲ့ရောဂါဖြစ်ဖူးသူတွေ
    • သားဥပြွန်ပုံပျက်နေတဲ့သူတွေမှာ ဖြစ်နိုင်ချေများပါတယ်။

    သားအိမ်ပြင်ပသန္ဓေတည် တဲ့အခါ ဘာလက္ခဏာပြမှာလဲ။

    တချို့ဆိုရင် သိတောင်မသိလိုက်ပါဘူး။ တချို့ကျတော့လည်း ကိုယ်ဝန်ရှိသလိုမျိုး ရာသီထိမ်တာ၊ ပျို့တာ၊ ရင်သားနာတာစသဖြင့် ခံစားရပါတယ်။ ဆီးစစ်ကြည့်တော့လည်း ၂ကြောင်းပေါ်ပါတယ်။ နေရာလွဲတာကလွဲရင် သာမန်ကိုယ်ဝန်ဆောင်တွေနဲ့တူတူပါပဲ။

    ဒီသန္ဓေသားလေးကြီးလာလေလေ လက္ခဏာတွေ ပိုပေါ်လေလေပါပဲ။ အရင်ဆုံး လက္ခဏာကတော့

    • မိန်းမကိုယ်အတွင်းပိုင်းက အောင့်တာပါ။
    • သွေးလည်းနည်းနည်းဆင်းပါမယ်။ သားဥပြွန်ကနေ သွေးထွက်လာလေလေ ဗိုက်အောင့်လေပါပဲ။
    • ဝမ်းသွားချင်သလိုလို နေမထိထိုင်မသာဖြစ်နေပါမယ်။
    • ဒီထက်ပိုများလာရင်တော့ သွေးတွေ ဝမ်းခေါင်းထဲထိရောက်လာပြီး ပုခုံးနာတတ်ပါတယ်။ သန္ဓေသားလေးဒီထက်ပိုကြီးလာရင်တော့ သားဥပြွန်ပေါက်ထွက်သွားပြီး အသက်အန္တရာယ်ရှိပါတယ်။

    ဒါကြောင့် ကိုယ်ဝန်နုချိန်မှာ

    • ဗိုက်တော်တော်အောင့်နေတယ်
    • သွေးဆင်းလည်း များလာတယ်
    • ခေါင်းတွေမူးပြီး တစ်ချက်တစ်ချက်မိုက်ခနဲဖြစ်သွားတယ်ဆိုရင် ဆေးရုံကို မြန်မြန်သွားပါ။ ဒါက သားဥပြွန်ပေါက်ပြီး သွေးလွန်တဲ့လက္ခဏာပါ။

    သားအိမ်ပြင်ပသန္ဓေတည်တာရှိရင် အမြန်ဆုံးကုသပါ။ အချိန်ကြာလာလေလေ သားဥပြွန်ပေါက်နိုင်လေလေ သွေးထွက်လွန်ပြီး အသက်အန္တရာယ်ရှိလေလေပါ။

    သားအိမ်ပြင်ပသန္ဓေတည်တာ ရှိ၊ မရှိ ဘယ်လိုသိနိုင်မလဲ။

    သားအိမ်ပြင်ပ သန္ဓေတည်ခြင်း ဟုတ်၊ မဟုတ် အဖြေရှာဖို့ လူနာကို ရောဂါရာဇဝတင်မေးတာ၊ စမ်းသပ်တာတွေ လုပ်ပါလိမ့်မယ်။ အထူးသဖြင့်တော့ ရာသီသွေးပေါ်တာနဲ့ ပတ်သက်ပြီး မေးပါလိမ့်မယ်။ တချို့တွေက ရာသီထိမ်ပြီး ကိုယ်ဝန်ရှိနေတာကို သတိမထားမိတတ်ကြလို့ပါ။ ဒါ့အပြင် ပိုပြီးသေချာစေဖို့

    • တင်ပါးဆုံပိုင်းဆိုင်ရာ စမ်းသပ် စစ်ဆေးခြင်း

    သားအိမ်ရဲ့ အရွယ်အစားကိုလည်း စမ်းသပ်တာပါ။ ပုံမှန် ကိုယ်ဝန်တစ်ခုမှာ သားအိမ်ရဲ့ အရွယ်အစားဟာ ကြီးလာပါလိမ့်မယ်။ သားအိမ်ပြင်ပ သန္ဓေတည်ခြင်း မှာတော့ ဒီလိုမဟုတ်ပါဘူး။

    • အာထရာစောင်းရိုက်ခြင်း

    အာထရာစောင်း ရိုက်ပြီး သားအိမ်နဲ့ သားဥပြွန်ရဲ့ အခြေအနေကို သိနိုင်ပါတယ်။ ဒီစစ်ဆေးမှုမှာ သင့်ကိုယ်ဝန်က ဘယ်မှာသွားသန္ဓေတည်နေသလဲဆိုတာကိုပါ ရှင်းရှင်းလင်းလင်း မြင်ရပါလိမ့်မယ်။

    • hCG ဟော်မုန်းပမာဏ စစ်ဆေးခြင်း

    ပုံမှန်ကိုယ်ဝန်ဆောင်ခြင်းမှာ hCG ဆိုတဲ့ ဟော်မုန်းက တစ်နေ့တခြား တက်နေလေ့ရှိပါတယ်။ သားအိမ်ပြင်ပမှာ သန္ဓေတည်ရင်တော့ ဟော်မုန်းပမာဏ ကျသွားတာ၊ ဆက်တက်မလာတာကို တွေ့ရမှာ ဖြစ်ပါတယ်။

    သားအိမ်ပြင်ပသန္ဓေတည်တာကို ဘယ်လိုကုသလို့ရသလဲ

    ကုသနည်းတွေကတော့ ကိုယ်ဝန်ဘယ်နှပတ်မှာ တွေ့တာလဲဆိုတာရယ်၊ သားဥပြွန်ပေါက်မပေါက်ဆိုတာရယ်၊ လူနာရဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပါတယ်။ ဆေးပေးတာ၊ ခွဲစိတ်တာ၊ အရေးပေါ် ခွဲစိတ်ဖို့ လိုအပ်တာ စသဖြင့် အမျိုးမျိုး ရှိပါတယ်။

    ဆေးသောက်ခြင်း

    လတ်တလောမှာ သားဥပြွန်ပေါက်နိုင်ခြေလည်း နည်းတယ်။ သွေးဆင်းတာနည်းပြီး စောင့်ကြည့်လို့ရတဲ့ အနေအထားဆိုရင် Methotrexate လိုမျိုး တစ်ရှူးကြီးထွားမှုကို ရပ်စေတဲ့ ဆေးတွေနဲ့ ကုသနိုင်ပါတယ်။ အားသာချက်က ခွဲစိတ်စရာမလို၊ သားဥပြွန်ဖယ်စရာ မလိုတာပဲ ဖြစ်ပါတယ်။

    ခွဲစိတ်ခြင်း

    သားဥပြွန်ပေါက်နိုင်ခြေရှိတယ်ဆိုရင်တော့ ဝမ်းဗိုက်ကနေ အပေါက်ဖောက်ပြီး သန္ဓေသားကို ဖယ်ထုတ်ကာ ခွဲစိတ်ကုသမှု ခံယူရပါမယ်။ အဲ့ဒီမှာ သားဥပြွန်ရ၇ဲ့ အခြေအနေပေါ် မူတည်ပြီး ဖယ်ထုတ်မထုတ်ကို ဆုံ:ဖြတ်ကြပါတယ်။

    တကယ်လို့ သန္ဓေသားက ကြီးထွားလာပြီး သားဥပြွန်ပေါက်ကွဲလာပြီဆိုရင် အသက်ကယ်ဖို့အတွက် အရေးပေါ် ခွဲစိတ်ကုသဖို့ လိုအပ်ပါတယ်။ သားဥပြွန်နဲ့ သားဥအိမ်တွေ ဆိုးဆိုးဝါးဝါး ထိခိုက်လာပြီဆိုရင်တော့ ၎င်းတို့ကို ဖယ်ရှားဖို့ရာအတွက် ခွဲစိတ်ရန် လိုအပ်လာနိုင်ပါတယ်။

    သားအိမ်ပြင်ပသန္ဓေမတည်အောင် ကာကွယ်နည်းများ

    ကာကွယ်လို့ရတဲ့ နည်းလမ်းတော့မရှိပါဘူး။ ဖြစ်နိုင်ခြေနည်းချင်ရင်တော့

    • လိင်ဆက်ဆံဖော်နည်းပါစေ။
    • လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါတွေမဖြစ်အောင် အတူနေရင်ကွန်ဒုံးသုံးပါ။
    • ဆေးလိပ်မသောက်ပါနဲ့။ သောက်တတ်ရင် ကိုယ်ဝန်မယူခင်ကြိုဖြတ်ထားပါ။

    သားအိမ်ပြင်ပသန္ဓေတည်ဖူးပေမယ့် နောက်တစ်ခါ ကိုယ်ဝန်ထပ်ဆောင်လို့ ရပါတယ်။ ခွဲစိတ်ထားတာဆိုရင်တော့ အနည်းဆုံး၃လလောက် ပြန်စောင့်ပြီးမှ ကိုယ်ဝန်ပြန်ဆောင်သင့်ပါတယ်။ တစ်ခါဖြစ်ဖူးရင် နောက်တစ်ခါထပ်ဖြစ်နိုင်တာကြောင့် သားအိမ်ပြင်ပသန္ဓေတည်ခြင်းရဲ့ လက္ခဏာတွေကို စောစောသတိထားမိဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 03/07/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement