backup og meta

ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ

    ရေကျောက်ဟာ ဗိုင်းရပ်စ်ပိုးကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး မိခင်ရော ကလေးကိုပါ ထိခိုက်စေပါတယ်။ အောက်မှာ ဖော်ပြထားတာကတော့ ဒီကူးစက်ရောဂါနဲ့ ပတ်သက်လို့ သိထားသင့်တဲ့ အချက်ငါးချက်ပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ ဆိုတာကို ဖတ်ကြည့်လိုက်ပါဦး။

    ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ ဘာတွေစိုးရိမ်ရလဲ

    ကိုယ်ဝန်ဆောင်ကာလမှာ ရေကျောက်ပေါက်တာ နမိုးနီးယား အဆုတ်ရောင်ရောဂါဖြစ်ဖို့ အခွင့်အလမ်းများပါတယ်။ ကလေးကိုပါ ထိခိုက်မလား၊ မထိခိုက်ဖူးလားဆိုတာက ကိုယ်ဝန်အပတ်နဲ့ ဆိုင်ပါတယ်။ တကယ်လို့ ကိုယ်ဝန် ရှစ်ပတ်နဲ့ အပတ်နှစ်ဆယ်ကြားမှာ မိခင် ရေကျောက်ပေါက်တယ်ဆိုရင် ကလေးမှာ Congenital Varicella Syndrome လို့ခေါ်တဲ့ ဆိုးရွားပြင်းထန်တဲ့ မွေးရာပါ ရောဂါတစ်မျိုးကို ခံစားရမှာပါ။

    ဒီရောဂါကြောင့် ဆက်ဖြစ်နိုင်တာတွေက ကလေးဟာ ခြေလက်တွေ ပုံစံမမှန်ဘဲ မွေးလာမယ်၊ အရေပြားမှာ အမာရွတ်တွေလိုမျိုး ပါလာမယ်၊ ခေါင်းလေးက အရမ်းသေးနေမယ်၊ မျက်လုံးတွေ ရောင်ကိုင်းနေမယ်၊ အမြင်အာရုံဆိုင်ရာ ပြဿနာတွေ၊ ခြေ၊ လက်တွေမှာ ပြဿနာတွေ နဲ့ ကြုံရမယ် ဒါမှမဟုတ် ဦးနှောက်နဲ့ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်နိုင်ပါတယ်။

    ရေကျောက်ပေါက်တာဟာ ကလေး အသေလေးမွေးတဲ့ အထိကို အန္တရာယ်ရှိနေပါတယ်။ တကယ်လို့ မီးဖွားဖို့ ရက်အနည်းငယ်အလို ဒါမှမဟုတ် မီးဖွားပြီး နှစ်ရက်လောက်အကြာမှာ ရေကျောက်ပေါက်တယ်ဆိုရင်လည်း သင့်ကလေးဟာ ဗိုင်းရပ်စ်နဲ့ ထိတွေ့မှုရှိနေဦးမှာ ဖြစ်ပါတယ်၊၊

    ဒါကြောင့် သင့်ကလေးအနေနဲ့ မွေးကင်းစရေကျောက်ပေါက်ဖို့ ဒါမှမဟုတ် ပိုဆိုးရင် neonatal varicella syndrome ဖြစ်ဖို့ ရာခိုင်နှုန်းပိုများနေပါတယ်။ နှစ်ခုလုံးက အသက်အန္တရာယ်ရှိတဲ့ ရောဂါတွေချည်းပါ။

    ရေကျောက်ပေါက်နေတဲ့ သူနဲ့ ထိတွေ့ပြီးရင် ဘာလုပ်သင့်သလဲ။

    တကယ်လို့ သင်ဟာ ရေကျောက်ရောဂါအတွက် ကိုယ်ခံအား ရှိပြီးသားဆိုရင် (ဆိုလိုတာက အရင်က ရေကျောက်ပေါက်ဖူးရင် ဒါမှမဟုတ် ကာကွယ်ဆေးထိုးဖူးရင်) စိုးရိမ်စရာ သိပ်မရှိလှပါဖူး။ တကယ်လို့ သင့်မှာ ကိုယ်ခံအားရှိ၊ မရှိ မသေချာဖူးဆိုရင် ဆရာဝန်ကို ဆက်သွယ်မေးမြန်းဖို့ လိုပါမယ်။ ဆရာဝန်က သွေးစစ်ခိုင်းပါလိမ့်မယ်။ သွေးစစ်လို့ ပဋိပစ္စည်းမရှိဖူးလို့ အဖြေထွက်ရင် immune globulin လို့ခေါ်တဲ့ ဗိုင်းရပ်စ်တိုက်ထုတ်နိုင်တဲ့ ပစ္စည်းတစ်မျိုးကို ထိုးဖို့ သင့်ဆရာဝန်က အကြံပေးပါလိမ့်မယ်။

    အဲ့ဒီအထဲမှာ ပဋိပစ္စည်းတွေ ပါဝင်ပါတယ်။ ရေကျောက်ကို ကာကွယ်ဖို့ ဒါမှမဟုတ် ဖြစ်ရင်လည်း ပြင်းထန်မှုကို လျှော့ချဖို့ဆိုရင် ရေကျောက်ရောဂါနဲ့ ထိတွေ့ပြီး ဆယ်ရက်အတွင်းမှာ immune globulin ကို ထိုးသင့်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီဆေးက သင့်ကလေးဆီကို ရောက်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် သင်မဖြစ်ရင် ဗိုက်ထဲက သင့်ကလေးဆီကို ရောက်ဖို့ အခွင့်အလမ်းနည်းပါတယ်။

    ရေကျောက်ရောဂါ ရပြီး ဘယ်လောက်ကြာရင် ရောဂါလက္ခဏာတွေ ပြလာမလဲ။

    ရောဂါနဲ့ ထိတွေ့ပြီး ဆယ်ရက်ကနေ နှစ်ဆယ့်တစ်ရက် အကြာမှာ ရောဂါလက္ခဏာတွေ ပြလာပါလိမ့်မယ်။ ပထမဆုံးအနေနဲ့ တုပ်ကွေးလက္ခဏာတွေ ပြပါလိမ့်မယ်(ဥပမာ အဖျားတက်တာ)။ ပြီးရင် ယားတဲ့ အနီစက်တွေထွက်လာပါမယ်။ အနီစက်တွေဟာ မျက်နှာနဲ့ ရင်ဘတ်မှာ အရင်ပေါ်ပြီး တစ်ကိုယ်လုံးကို ဖြည်းဖြည်းချင်း ပျံ့သွားပါလိမ့်မယ်။ အနီစက်တွေက ကြီးကြီးလာပြီး နောက်ပိုင်းမှာ ခြောက်သွားပြီး ကွာကျသွားပါလိမ့်မယ်။

    ရေကျောက်ရောဂါ ကာကွယ်ဆေးထိုးထားတဲ့သူဆီက ရောဂါကူးနိုင်လား။

    ဒီလိုအခြေအနေမျိုးက အရမ်းရှားတဲ့အတွက် စိုးရိမ်စရာ မလိုပါဖူး။ ဒါမျိုးအနေအထားကနေ ကူးတာထက် ရေကျောက်ပေါက်နေတဲ့ အတူနေမိသားစုဆီက ကူးတာက အများကြီး ပိုဖြစ်နိုင်ပါတယ်။

    သင့်ကလေးကို ရေကျောက်ရောဂါ အန္တရာယ်ကနေ ဘယ်လို ကာကွယ်မလဲ။

    တကယ်လို့ သင်ဟာ ရေကျောက်ပေါက်ပြီးသား ဒါမှမဟုတ် ကာကွယ်ဆေးထိုးပြီးသားဆိုရင် သင့်ခန္ဓာကိုယ်မှာ ရောဂါကို တိုက်ထုတ်နိုင်တဲ့ ပဋိပစ္စည်းတွေ ထွက်ပြီးသား ဖြစ်နေပါလိမ့်မယ်။ အဆိုပါ ပဋိပစ္စည်းတွေကို သင့်ဆီကတဆင့် ကလေးက ရမှာ ဖြစ်တဲ့အတွက် ကလေးကိုပါ ကာကွယ်ပြီးသား ဖြစ်သွားမှာပါ။

    တကယ်လို့ သင်ဟာ ရေကျောက်လည်း မပေါက်ဖူးဘူး၊ ကိုယ်ဝန်လည်း မရှိသေးဖူးဆိုရင် ကာကွယ်ဆေး ထိုးနိုင်ပါတယ်။ တစ်ခုရှိတာက ကာကွယ်ဆေး ထိုးပြီး ၃လအတွင်းမှာတော့ ကိုယ်ဝန်ရှိမလာအောင် ကာကွယ်ထားရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ ကာကွယ်ဆေးက ဗိုင်းရပ်စ်အရှင်နဲ့ လုပ်ထားတာမို့လို့ပါ၊၊

    သင့်မှာ ရေကျောက်မပေါက်ဖူးသလို ကာကွယ်ဆေးလည်း မထိုးဖူးဘူး၊ ဒါပေမယ့် ကိုယ်ဝန်ရှိနေပြီ ဆိုရင်တော့ ဆရာဝန်ဆီ သွားပါ။ သင့်ဆရာဝန်က သင့်ကို immune globulin ထိုးဆေး ထိုးဖို့ အကြံပြုပါလိမ့်မယ်။ ဒီထိုးဆေးကို ထိုးမယ်ဆိုရင် သင့်သွေးထဲမှာ ရေကျောက်ရောဂါအတွက် ပဋိပစ္စည်းတွေ ရှိလာမှာဖြစ်ပါတယ်။

    နောက်ထပ် အရေးကြီးတဲ့အချက်ကတော့ ကိုယ်ဝန်ဆောင်ချိန်မှာ နေမကောင်းဖြစ်နေတဲ့သူ (အထူးသဖြင့် ကလေးတွေ၊ ရေကျောက်က ကလေးတွေမှာ အဖြစ်များလို့ပါ) နဲ့ ဝေးဝေးနေပါ၊၊ သာမန်အအေးမိတာဆို သိပ်ပြဿနာ မရှိပေမယ့် ဒီလိုမျိုး ရေကျောက်ပေါက်နေတာဆိုရင် ကိုယ်ဝန်သည်ဆီကို ကူးသွားနိုင်လို့ပါ၊၊ လက္ခဏာတွေက ဆင်တူလေးတွေမို့လို့ သတိထားပြီး ကြိုရှောင်ထားသင့်ပါတယ်၊၊

    ကိုယ်ဝန်ဆောင်ချိန်မှာ ရေကျောက်ပေါက်တာဟာ ဆိုးရွားတဲ့ နောက်ဆက်တွဲ ပြဿနာတွေဆီ ဦးတည်လာနိုင်ပါတယ်။ ဒါကြောင့်မို့ သင့်ကလေးနဲ့ သင်ကိုယ်တိုင်ကို ကာကွယ်ပေးဖို့အတွက် ရေကျောက်ကာကွယ်ဆေးကို ကိုယ်ဝန်မရှိခင်မှာ ထိုးထားသင့်ပါတယ်။ တကယ်လို့ သင်ဟာ ကိုယ်ဝန်ရှိချိန်မှာ ရေကျောက်ရောဂါနဲ့ ထိတွေ့မှုရှိခဲ့တယ်ဆိုရင် ဆရာဝန်ကို အမြန်ပြောပြပါ။ ပြဿနာတွေ နည်းနိုင်သမျှ အနည်းဆုံး ဖြစ်စေဖို့အတွက် ထိုးဆေး ဒါမှမဟုတ် သောက်ဆေးတွေကို သင့်ဆရာဝန်က အကြံပြုပါလိမ့်မယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 25/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement