backup og meta

ကိုယ်ဝန်ဆောင်ကာလမှာ အချိန်ပိုလုပ်ရင် မွေးလာမယ့် ကလေးက ညှက်သွားနိုင်လား

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ကာလမှာ အချိန်ပိုလုပ်ရင် မွေးလာမယ့် ကလေးက ညှက်သွားနိုင်လား

    ကိုယ်ဝန်ဆောင်ကာလမှာ မတ်တပ်ရပ်ပြီး အကြာကြီး အလုပ်လုပ်ရတာဟာ မွေးလာမယ့် ကလေးရဲ့ အရွယ်အစားအပေါ် အကျိုးသက်ရောက်မှု ရှိစေပါတယ်။ လေ့လာမှု အသစ်တခုရဲ့ အဆိုအရ မတ်တပ်ရပ်ပြီး အကြာကြီး အလုပ်လုပ်ရတဲ့ ကိုယ်ဝန်ဆောင်တွေနဲ့ တပတ်ကို နာရီ၄၀ထက်ပိုပြီး အလုပ်လုပ်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မွေးလာမယ့်ကလေးဟာ ပုံမှန်ထက်ပိုသေးနိုင်တယ်လို့ သိရပါတယ်။

    အကြာကြီး မတ်တပ်ရပ်ရရင် မွေးလာမယ့် ကလေးဟာ သေးနိုင်တယ်

    ဒီလေ့လာမှုမှာ ဘာကိုဆက်ပြီးတွေ့လဲဆိုတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ကြာကြာ မတ်တပ်ရပ်ရတဲ့ အလုပ်တွေ (ဥပမာ အရောင်းစာရေး၊ကလေးပြုစုစောင့်ရှောက်ရေးအလုပ် ဒါမှမဟုတ် စာသင်ကြားရေးအလုပ်မျိုး) လုပ်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေကနေ မွေးလာတဲ့ ကလေးတွေရဲ့ ခေါင်းဟာ မွေးပြီးကာစမှာ ပုံမှန်ထက် တစ်စင်တီမီတာပိုသေးတာကို တွေ့ရပါတယ်။ ဒါ့အပြင် အလုပ်ချိန်များများလုပ်ရတာဟာလည်း ကလေးရဲ့ ပေါင်ချိန်အပေါ် သက်ရောက်မှုရှိနေတာကို တွေ့ခဲ့ရပြန်ပါတယ်။ ဒီလေ့လာမှုမှာ ပါတဲ့ အမျိုးသမီးတွေရဲ့ တဝက်နီးနီးလောက်ဟာ တပတ်ကို ၂၅နာရီကနေ ၃၉နာရီကြား အလုပ်လုပ်ကြတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ဖြစ်ပါတယ်။ နှစ်ဆယ့်ငါးရာခိုင်နှုန်းလောက်ကတော့ တပတ်ကို နာရီလေးဆယ်ထက်ပိုပြီး အလုပ်လုပ်ရပါတယ်။ တပတ်ကို နာရီ ၄၀ထက် ပိုအလုပ်လုပ်ရတဲ့ မိခင်တွေက မွေးဖွားလာတဲ့ ကလေးတွေဟာ တပတ်ကို ၂၅နာရီအောက် အလုပ်လုပ်ရတဲ့ မိခင်တွေက မွေးလာတဲ့ ကလေးတွေထက် ပိုသေးတာကို တွေ့ရပါတယ်။ ဒါပေမယ့် လမစေ့ဘဲမွေးတာ၊ပေါင်မပြည့်တာ ဒါမှမဟုတ် လစေ့ရဲ့ သားနဲ့ ကလေးအရမ်းသေးတာမျိုးတွေအတွက်တော့ ထူးထူးခြားခြား ကွာခြားမှုမရှိဖူးလို့ ဆိုပါတယ်။ သန္ဓေသားရဲ့ ခေါင်းအရွယ်အစားနဲ့ ကိုယ်အလေးချိန်တွေမှာ ကွာခြားမှုရှိတာဟာ ကိုယ်ဝန် ၂၇ပတ်နောက်ပိုင်းမှာ ပိုပြီး သိသာလာပါတယ်။ ဒီကွာခြားမှုတွေဟာ နောက်ပိုင်း ကလေးကြီးထွားလာတဲ့အပေါ် ဆက်လက်ပြီး လွှမ်းမိုးမှု ရှိမရှိကတော့ သေချာမသိရပါဘူး။

    အလုပ်ခွင်မှာ ကိုယ်ဝန်ဆောင်တွေကို ဘယ်လိုကာကွယ်ပေးမလဲ

    ဒီလေ့လာချက်အရ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ အလုပ်လုပ်ရတဲ့ အနေအထားနဲ့ ပတ်သက်ပြီး ပြောင်းလဲမှုလေးတွေ (ဥပမာ။ ။ အလုပ်ချိန်အများကြီး မဆင်းဖို့ကန့်သတ်ပေးတာ၊ညဆိုင်းတွေ မဆင်းခိုင်းတာ၊ မတ်တပ်အကြာကြီးရပ်ရတဲ့၊ အလေးအပင် မရတဲ့ အလုပ်တွေ မလုပ်ခိုင်းတာ၊ ဆူညံသံတွေကြားမှာ အလုပ်မလုပ်ခိုင်းတာ စသည်) ပြုလုပ်ပေးဖို့ အကြံပြုထားပါတယ်။ ကိုယ်ဝန်ဆောင်နိုင်တဲ့ အရွယ် အမျိုးသမီးတွေရဲ့ လုပ်အားနှုန်း ပမာဏဟာ ဆက်လက်ပြီး မြင့်တက်များပြားနေတာဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်အမျိုးသမီးတွေအတွက် အဆင်ပြေသင့်တော်ကောင်းမွန်မယ့် လုပ်ငန်းခွင် အနေအထားကို ဖန်တီးပေးဖို့က မရှိမဖြစ် အရေးကြီးတယ်လို့ ယုံကြည်ထားကြပါတယ်။ အမျိုးသမီးတွေအနေနဲ့လည်း ကိုယ်လုပ်ရမယ့်အလုပ်ဟာ အလေးအပင်မရတာ၊ အကြာကြီး လမ်းလျှောက်ရတာ၊ မတ်တပ်ရပ်ရတာ၊ ညဆိုင်းတွေဆင်းရတာ ဒါမှမဟုတ် အလုပ်ချိန်များတာမျိုးရှိမရှိကို ကြိုတင်စဉ်းစားသင့်ပါတယ်။ ကျွမ်းကျင်သူတွေရဲ့ အကြံပြုချက်အရ အလုပ်ချိန်များတဲ့ ဒါမှမဟုတ် အလုပ်မှာ အကြာကြီး မတ်တပ်ရပ်ရတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့ အလုပ်ချိန်ညှိနှိုင်းတာမျိုး၊ ကလေးရဲ့ ကြီးထွားမှုကို Ultrasound နဲ့ ပုံမှန်ထက်ပိုပြီး အကြိမ်များများ စစ်ဆေးတာမျိုး ပြုလုပ်သင့်တယ်လို့ သိရပါတယ်။ တကယ်လို့ ဖြစ်နိုင်ရင် Ultrasound အကြိမ်ရေများများရိုက်တာကို ကိုယ်ဝန် ၂၇ပတ်နောက်ပိုင်းမှာ ပိုပြီး လုပ်သင့်ပါတယ်။

    သုံးသပ်ချက်

    ဒီလေ့လာချက်ဟာ ကျွန်တော်တို့ တချိန်လုံးမေးနေလေ့ရှိတဲ့ မေးခွန်းဖြစ်တဲ့ “ကိုယ်ဝန်ဆောင်နေစဉ် အလုပ်လုပ်တာ စိတ်ချရရဲ့လား။ ဘာအန္တရာယ်များရှိလဲ” ဆိုတဲ့ မေးခွန်းအတွက် အဖြေဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ အမျိုးသမီးအများအပြားဟာ ငွေလိုတဲ့အတွက် အလုပ်မလုပ်တော့တာမျိုး ဒါမှမဟုတ် အလုပ်ချိန်လျှော့ချလိုက်တာမျိုးကို ပြုလုပ်ဖို့ မဖြစ်နိုင်ပါဖူး။ ဒီလေ့လာချက်က အခိုင်အမာဆိုထားတာကတော့ အလုပ်လုပ်တာကြောင့် မွေးလာတဲ့ ကလေးသေးညှက်တာဟာ ကိုယ်ဝန်၂၇ပတ် မတိုင်ခင်အထိ ဖြစ်မလာသေး၊မသိသာသေးသလို အလုပ်လုပ်ခြင်းကြောင့် ပေါင်မပြည့်၊လမစေ့တဲ့ ကလေးမွေးတာမျိုး မဖြစ်စေနိုင်ဖူး ဆိုတာပါပဲ။

    ခြေထောက်မြှောက်တဲ့ လေ့ကျင့်ခန်းလုပ်ပါ

    ဖြစ်နိုင်မယ်ဆိုရင် မကြာခဏ ခေတ္တနားချိန်ယူပြီး သင့်ခြေထောက်ကို အပေါ်မြှောက်ထားပါ။ ဒီလိုလုပ်တာဟာ သင့်ကလေးရဲ့ အရွယ်အစားပေါ် အကျိုးသက်ရောက်မှု မရှိဖူးဆိုရင်တောင် ကိုယ်ဝန်ရင့်လာတဲ့အချိန်တွေမှာ ဖြစ်လာတတ်တဲ့ ခြေထောက်ဖောရောင် နာကျင်တာတွေကို သက်သာစေမှာတော့ အမှန်ပဲ ဖြစ်ပါကြောင်း။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 21/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement