backup og meta

အိုမီခရွန် အကူးခံလိုက်ပြီး ကိုယ်ခံအား ရသွားရင် ကောင်းမလား။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အိုမီခရွန် အကူးခံလိုက်ပြီး ကိုယ်ခံအား ရသွားရင် ကောင်းမလား။

    လက်ရှိ မြန်မာနိုင်ငံအပါအဝင်  ကမ္ဘာ့နိုင်ငံအတော်များများမှာ ကိုဗစ်လူနာတွေ ပြန်များလာနေပါပြီ။ တရားခံကတော့ နောက်ဆုံး ဗီဇပြောင်းထားတဲ့ အိုမီခရွန် ပဲ ဖြစ်ပါလိမ့်မယ်။ လေ့လာမှုတွေ ဆက်လုပ်နေဆဲဆိုပေမယ့် ခုချိန်ထိ သိရသသလောက်ကတော့ အိုမီခရွန်က ဒယ်တာထက်စာရင် ကူးစက်တာမြန်တယ်။ ကာကွယ်ဆေးထိုးထားတဲ့ သူတွေမှာလည်း ဖြစ်တယ်ဆိုပေမယ့် ဆေးရုံတက်ရတာတွေ၊ သေနှုန်းတွေကတော့ သိသိသာသာ မများလာပါဘူး။

    အများစုက တုပ်ကွေးလက္ခဏာလောက်နဲ့ ပြီးသွားတာများပါတယ်။ အောက်ဆီဂျင်လိုအပ်ချက်လည်း ဒယ်တာလောက် မများတာကို တွေ့ရပါတယ်။ လက္ခဏာမပြင်းထန်တဲ့အတွက် ခေါင်းထဲမှာ ဘာရောက်လာလဲဆိုတော့ ‘ဒီပိုးက ပြင်းလည်း မပြင်းဘူးဆိုတော့ ကူးလည်း တုပ်ကွေးလိုမျိုးပဲ ပြီးသွားမှာပါ။ ကူးပြီးရင်လည်း ကိုယ်ခံအားက ရဦးမှာဆိုတော့ ဘယ်တော့ ကူးမလဲ ကြောက်နေမယ့်အစား တမင်အကူးခံလိုက်ပြီး ကိုယ်ခံအား ထွက်သွားတာကမှ ကောင်းဦးမယ်’ ဆိုပြီး တွေးဖူးကြမှာပါ။ ဒါက တကယ်ရော အလုပ်ဖြစ်ပါ့မလား။

    အိုမီခရွန် အကူးခံလိုက်ပြီး ကိုယ်ခံအား ရသွားရုံနဲ့ အဆင်ပြေသွားပါ့မလား။

    လာမယ့်ဘေး ပြေးတွေ့ရမယ့်အထဲမှာ အိုမီခရွန်တော့ မပါခဲ့တာ သေချာပါတယ်။ ဘာကြောင့် တမင် အကူးမခံသင့်သလဲဆိုတာကို အချက် ၆ချက်နဲ့ ရှင်းပြပေးပါ့မယ်။

  • ထင်ထားတာထက် ပိုပြင်းထန်နိုင်ပါတယ်။
  • ကိုယ်ကတော့ တုပ်ကွေးလောက်ပဲ ထင်လိုက်ပေမယ့် ကိုယ်အလှည့်ရောက်မှ ပြင်းထန်နေတာလည်း ဖြစ်နိုင်ပါတယ်။ မပြင်းထန်ဘူးဆိုရင်တောင် တုပ်ကွေးလို လက္ခဏာတွေက ပေါ့သေးသေးတော့ မဟုတ်ပါဘူး။ ဒီဝေဒနာတွေကို ရက်ပိုင်းလောက် ခံစားနေရတာကိုက လူကို နုံးစေနိုင်သလို အလုပ်ပျက် အကိုက်ပျက်လည်း ဖြစ်စေနိုင်ပါတယ်။ ဒီလောက်မဆိုးဘူးဆိုရင်တောင်မှာ အကူးခံနေရတဲ့အချိန်မှာ သီးသန့်ခွဲနေရမှာ ဖြစ်တဲ့အတွက် အလုပ်လည်း နားထားရမှာ ဖြစ်သလို သွားတာလာတာလည်း ကန့်သတ်ခံထားရမှာပါ။

  • သူများကို ကူးသွားနိုင်ပါတယ်။
  • ကိုယ့်ဆီမှာ မပြင်းထန်ပေမယ့် ကိုယ်ကနေ သူများကို ပိုးတွေ ပြန့်သွားစေနိုင်ပါတယ်။ အိုမီခရွန်က ကူးစက်နှုန်း မြန်တဲ့အတွက် ကိုယ်ကလေ နောက်ထပ် လူပေါင်းများစွာကို ကူးစေနိုင်ပါတယ်။ အကူးခံရတဲ့ သူတွေထဲမှာ အသက်ကြီးတဲ့သူ၊ ခုခံအားကျနေတဲ့သူ၊ ရောဂါအခံရှိသူတွေ ပါနေရင် သူတို့မှာ ပြင်းထန်ပြီး ဆေးရုံတက်ရတာ၊ သေဆုံးတာတွေ ဖြစ်သွားနိုင်ပါတယ်။ အထူးသဖြင့် တစ်အိမ်တည်း နေသူတွေမှာ ဒီလိုပြင်းထန်နိုင်တဲ့သူရှိရင် ပိုပြီး သတိထားသင့်ပါတယ်။

    • ခုခံအားက အကြာကြီး မခံပါဘူး။

    ကာကွယ်ဆေးတွေ ထိုးထားတာဖြစ်ဖြစ်၊ ရောဂါပိုး ဝင်ဖူးတာဖြစ်ဖြစ် ခုခံအားက ဖြစ်စမှာ များနေပေမယ့် အချိန်တစ်ခုကြာရင် ပြန်ပြီး ကျသွားပါတယ်။ ဒီခုခံအားတွေက တစ်သက်လုံး ခံတာ မဟုတ်ပါဘူး။ နောက်တစ်ခုက ပိုးတွေက ဗီဇပြောင်းလာတဲ့အခါ ခုခံအားကို ကျော်လွှားနိုင်ကြပါတယ်။ ဒါကြောင့် အိုမီခရွန်ဆိုရင် ကာကွယ်ဆေး ထိုးထားတဲ့သူ၊ အရင်က ဖြစ်ဖူးတဲ့သူတွေမှာ ပြန်ဖြစ်နေတာပါ။ ဒါကြောင့် အကူးခံလို့ ရလာမယ့် ခုခံအားကို အားကိုးလို့ မရပါဘူး။

    အိုမီခရွန် အကူးခံလိုက်ပြီး ကိုယ်ခံအား ရသွားရင် ကောင်းမလား။

    • ကျန်းမာရေးစနစ်ကို ဝန်ပိစေတယ်။

    ကိုယ်က တမင်အကူးခံလိုက်တယ်ဆိုပေမယ့် ကိုယ်ကနေ နောက်ထပ် လူတွေအများကြီး ကူးသွားတဲ့အခါ လှိုင်းဖြစ်သွားပါတယ်။ ဒီထဲမှာ ဆေးရုံတက်ရတဲ့သူတွေ၊ ပြင်းထန်တဲ့သူတွေလည်း ပါနိုင်တဲ့အတွက် မလိုအပ်ဘဲ ကျန်းမာရေးစနစ်ကို ဝန်ပိစေပါတယ်။ တခြားရောဂါတွေကို ကုသမှု ပေးဖို့ နှောင့်နှေးသွားနိုင်ပါတယ်။

    • မတော်တဆ ပြင်းထန်ခဲ့ရင် ကုသဖို့ ဆေးလုံလောက်မှု မရှိတာ ဖြစ်နိုင်ပါတယ်။

    တတိယလှိုင်းတုန်းက ရောဂါပြင်းထန်တဲ့သူတွေမှာ အောက်ဆီဂျင် ရှာရခက်တာ၊ ဆေးတွေ ဝယ်ရခက်တာကို တွေ့ဖူးမှာပါ။ အိုမီခရွန်မှာလည်း ဒီလိုမဖြစ်ဘူးလို့ မပြောနိုင်ပါဘူး။ ရောဂါပိုးဝင်ဝင်ချင်း ပေးရတဲ့ ဆေးတွေ စျေးကြီးတာ၊ ရှာရခက်တာကြောင့် အဖိတ်အစင် ဖြစ်တတ်ပါတယ်။

    ဒယ်တာတုန်းကတော့ အကူးခံရတဲ့ သူတွေက ပြန်သက်သာလာတာတောင် ကိုဗစ်ရဲ့ နောက်ဆက်တွဲ ပြဿနာတွေကို ခံစားရပါတယ်။ တချို့ဆို ဒီနောက်ဆက်တွဲတွေကြောင့်ပဲ အသက်ဆုံးရှုံးရတာတွေ ရှိပါတယ်။ အိုမီခရွန်က ရောဂါကူးချိန်မှာ မပြင်းထန်ဘူးဆိုပေမယ့် ပြီးရင် ဘာဖြစ်မလဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ ဒါကြောင့် လက်တည့်စမ်းပြီး အကူးမခံသင့်ပါဘူး။

    ဒါကြောင့် ခြုံပြောရရင် မတော်တဆ ကူးသွားတယ်ဆိုရင်တော့ မပြောတတ်ပေမယ့် တမင်တကာတော့ အကူးမခံသင့်ပါဘူး။ ဒါတွေက တစ်ခါကူးရင် တစ်သက်လုံး ခုခံအား ရတာလည်း မဟုတ်ပါဘူး။ ကိုယ်အလှည့်ကျမှ ပြင်းထန်တဲ့ အခြေအနေရောက်သွားတာ၊ ကိုယ်ကနေ နောက်ထပ်  လူတွေအများကြီး အကူးခံရတာ ဖြစ်နိုင်လို့ တမင်အကူးခံတာမျိုး မလုပ်ဖို့ အကြံပေးလိုပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 04/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement