backup og meta

ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင်ဘယ်လိုပြုစုပျိုးထောင်ကြမလဲ


Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင်ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

    မိဘတိုင်းကတော့ ကိုယ့်ရဲ့ကလေး ရဲရင့်နေတာ သတ္တိရှိနေတာ လူပုံအလယ်မှာ အကြောက်အရွံ့ကင်းကင်းနဲ့ ရပ်တည်နေတာကို မြင်ချင်ကြတာချည်းပါပဲ။ ဒါပေမယ့် ဒီလို ရဲရင့်တဲ့ကလေး တစ်ဦးဖြစ်လာဖို့ဆိုရင် မှန်ကန်စွာ လမ်းညွှန်သင်ကြား ပြုစုပျိုးထောင်ပေးနိုင်ဖို့ လိုအပ်ပါတယ်။

    ဒီလိုပြုစုပျိုးထောင်ရာမှာလည်း အစွန်းနှစ်ဖက်လွတ်အောင် ပျိုးထောင်နိုင်ဖို့က သိပ်ကို အရေးကြီးပါတယ်။ အရာရာမှာ ကိုယ့်အားကိုယ်ကိုးလိုစိတ်ပျောက်ပြီး မိဘတွေကိုချည်း အားကိုးနေတာမျိုး မ ဖြစ်စေဖို့ လိုအပ်သလို လူအမြင်မတင့်တယ်စရာ အမူအကျင့်တွေ ပြုမူမိတဲ့အထိ ဆိုးသွမ်းသွားအောင် အလိုလိုက်မိတာမျိုးလည်း မဖြစ်စေဖို့ လိုအပ်ပါတယ်။

    ကလေးတစ်ယောက်ကို ရဲရဲရင့်ရင့် သတ္တိရှိရှိ ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ဖို့ဆိုရင် သူ့ကိုသင်ကြားပေးရမှာတွေ၊ ကိုယ်တိုင်စံပြအနေနဲ့ပြုမူပြရမှာတွေ၊ သဘာဝအတိုင်း နားလည်သဘောပေါက်အောင် လမ်းညွှန်ပြသရမှာတွေ အများကြီးပါပဲ။

    ဒါကြောင့်လည်း ကိုယ့်ကလေး ရဲရင့်ထက်မြက်လာစေဖို့ အကောင်းဆုံးပြုစုပျိုးထောင်နိုင်မယ့် နည်းလမ်းလေးတွေကို ပြောပြပေးချင်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ လမ်းညွှန်ချက်တွေကို လိုက်နာကျင့်ကြံကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

    ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာစေဖို့

    ကိုယ်တိုင် စံပြဖြစ်ပါစေ

    စကားတစ်ခွန်းရှိပါတယ်။ “သင့်ကလေး ရဲရင့်စေချင်ရင် သင်ကိုယ်တိုင် ရဲရင့်ပါ” ဆိုတာပါပဲ။ ကိုယ်တိုင်က သရဲကြောက်ပြနေရင် ကလေးလည်း သရဲကြောက်တာ မထူးဆန်းပါဘူး။ ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင် ပြုစုပျိုးထောင်ချင်တယ်ဆိုရင် သင်ကိုယ်တိုင်ရဲရင့်ထက်မြက်ဖို့ လိုအပ်ပါလိမ့်မယ်။ ကိုယ့်ရင်သွေးရဲ့ ရှေ့မှာ ကိုယ်တိုင်က စံပြရဲရင့်သူဖြစ်နေရင်ကလေးလည်း လေးစားအားကျပြီး အတုယူလာပါလိမ့်မယ်။

    စိန်ခေါ်နိုင်စွမ်းနဲ့ ဂုဏ်သိက္ခာကို နားလည်ပါစေ

    လူတိုင်းက ကလေးကို ကာကွယ်လို စိတ်ရှိကြပါတယ်။ သဘာဝတုံ့ပြန်မှုတစ်မျိုးလို့ဆိုရမှာပါ။ ကိုယ်က ကိုယ့်ကလေးကို ကာကွယ်ပေးချင်သလို ကိုယ့်ကလေးအရွယ်ရောက်လာချိန်မှာလည်း သူတို့ရဲ့ မျိုးဆက်တွေကို ကာကွယ်ပေးမှာ အသေအချာပါပဲ။ ဒီနေရာမှာ အရေးကြီးတာက စိန်ခေါ်မှုတွေကို ဘယ်လိုရင်ဆိုင်မလဲ၊ ဘယ်လိုဂုဏ်သိက္ခာရှိရှိ ရင်ဆိုင်မလဲဆိုတာကို ကိုယ်က သင်ကြားပေးလိုက်နိုင်ဖို့ပါ။ ကလေးတွေ အကြောက်တရားကင်းစင်ပြီး စိတ်ခေါ်မှုတွေကို တရားမျှတတဲ့နည်းလမ်းနဲ့ ကျော်ဖြတ်လိုစိတ်ရှိလာအောင် လမ်းညွှန်ပေးပါ။ လူအများရှေ့မှာ ရဲရင့်စွာ ပြောဆိုရဲတာမျိုး၊ အားကစားပြိုင်ပွဲတွေကို တက်ကြွစွာ ဝင်ပြိုင်တာမျိုးအလေ့အထတွေရှိလာအောင် ကူညီပေးပါ။

    ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

    ခံယူချက်ရှိလာအောင် သင်ကြားပေးပါ

    ရဲရင့်လိုက်ပါလို့ ပါးစပ်က ထိုင်ပြောနေရုံနဲ့ ရဲရင့်တဲ့ကလေး တစ်ယောက် အဖြစ်ပြောင်းလဲသွားမှာမဟုတ်ပါဘူး။ ဘာကြောင့်ဆိုတဲ့ ခံယူချက်ကို သိနားလည်အောင် ရှင်းပြနိုင်ဖို့ လိုအပ်ပါတယ်။ ယဉ်ကျေးမှုတွေ၊ ဓလေ့ထုံးတမ်းတွေ၊ ဗဟုသုတတွေ၊ စံနှုန်းတွေကို သိနားလည်စေပြီး မှန်ကန်တဲ့အရာတွေအတွက် မကောင်းမှုကို ဘာကြောင့်ရှက်ရွံ့သင့်တယ်၊ ကောင်းမွန်တာတွေအတွက် ဘာကြောင့်ရဲရင့်စွာရပ်တည်သင့်တယ် ဆိုတာတွေကို သဘောပေါက်အောင် ကိုယ်တိုင်ပြုစုသင်ကြားပေးရပါမယ်။

    လက်တွေ့ဘဝထဲက သူရဲကောင်းတွေကို ဥပမာပေးပါ

    တိုင်းပြည်ရဲ့ သူရဲကောင်းကြီးတွေ၊ ရဲရင့်ခဲ့သူတွေ၊ လူအများအကြိုးကို သယ်ပိုးထမ်းရွက်သူတွေအကြောင်းကို ပြောပြရှင်းပြ လေ့လာစေပြီး ကလေးကို ပျိုးထောင်ပေးပါ။ ငယ်စဉ်ကတည်းက ဒီလိုပုဂ္ဂိုလ်ကြီးတွေနဲ့ နီးစပ်လာခဲ့မယ်ဆိုရင် သူ့ရဲ့ ကိုယ်ပိုင်ရဲရင့်မှု စံနှုန်းတစ်ခုကို ကလေးမှာ တဖြည်းဖြည်းချင်းပေါက်ဖွားလာပါလိမ့်မယ်။

    အင်အားဖြစ်အောင် ခွန်အားပေးပါ

    ကလေးက ကြောက်တတ်တယ်ဆိုရင် သူ့ကို အားပေးရမယ်၊ သူ့ရဲ့ ရဲရင့်မှုတွေ သတ္တိတွေ ပေါ်ထွက်လာအောင် တဖြည်းဖြည်းချင်း ပျိုးထောင်ယူရမယ်။ မကြောက်ရဘူးဆိုပြီး အော်ဟစ်မာန်မဲဆုံးမနေတာက ကလေးကို စိတ်ဒဏ်ရာတွေသာ ပိုဖြစ်စေလိမ့်မယ်။ ကလေး သတ္တိရှိလာစေဖို့ ကိုယ်က အားအင်တွေ ပေးနေရမှာပါ။ သူ စိုးရိမ်ကြောင်ရွံ့နေတဲ့အရာတွေက ကြောက်စရာမဟုတ်ဘူးဆိုတာကို နားလည်သွားအောင် ပြုလုပ်ပေးရမှာပါ။ တစ်ခုရှိတာက ကလေးကို နောက်ကွယ်ကနေ အားအင်ပေးရမယ်ဆိုတာနဲ့ပဲ “ကကြီးက အစ အ အဆုံး” နေရာတကာနောက်ကနေ လိုက်လုပ်ပေးနေတာမျိုး လုပ်ခိုင်းတယ်လို့ မယူဆစေလိုပါဘူး။ စိတ်ဓာတ်ခွန်အား ရှိလာအောင် လမ်းပြရမှာပါ။

    ရဲရင့်တဲ့ကလေး တစ်ယောက်ဖြစ်လာအောင် ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

    ခိုင်မာအားကောင်းတဲ့ အယူအဆမျိုး ရှိလာအောင် ပံ့ပိုးပါ

    ကလေးတစ်ဦး ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ ဘဝခရီးလမ်းမှာ လှမ်းလျှောက်နိုင်စေဖို့ဆိုရင် ငယ်စဉ်ကတည်းက ယုံကြည်မှုခိုင်မာအားကောင်းနေဖို့ လိုအပ်ပါတယ်။ ငယ်ရွယ်စဉ်မှာ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိအောင် ကိုယ့်အားကိုယ်ကိုးတတ်အောင် သင်ကြားပေးတာက ကလေးကို ဘဝတစ်သက်တာမှာ သတ္တိအပြည့်နဲ့ ဖြတ်သန်းနိုင်အောင် ကူညီရာရောက်ပါတယ်။

    ရဲရင့်မှုနဲ့ မိုက်ရူးရဲမှုကို နားလည်ပါစေ

    အရမ်းအရေးကြီးတဲ့အချက်ပါ။ ဘယ်ဟာက ရဲရင့်တာ၊ ဘယ်အရာက မိုက်ရူးရဲတာ မကောင်းတဲ့အရာဆိုတာကို နားလည်စေဖို့လည်း အရေးကြီးပါတယ်။ နေရာတကာ လက်ရဲဇက်ရဲနဲ့ ဝင်လုပ်နေတိုင်း သတ္တိရှိတာမဟုတ်ပါဘူး။ သတ္တိရှိခြင်းဟာ လုပ်သင့်လုပ်ထိုက်တာကို မှန်ကန်စွာ ရင်ဆိုင်အကောင်အထည်ဖော်နိုင်စွမ်းပါ။ ကြမ်းတမ်းတာ၊ ရိုင်းတာ၊ မိုက်ရူးရဲဆန်တာတွေက သတ္တိနဲ့ဆန့်ကျင်ဘက်ဆိုတာကို သိနားလည်ပါစေ။ ကိုယ့်ကလေး မကြောက်တတ်အောင်ဆိုပြီး စည်းလွတ်ဘောင်လွတ် နေချင်သလိုနေဖို့ ခွင့်ပြုတာမျိုးက မှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးဆိုတာကို သိနားလည်စေချင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Ye Zon Aung မှ ရေးသားသည်။ · 20/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement