ဘိုးဘိုးဘွားဘွားတို့နဲ့ မြေးလေးတို့ဟာ ကြားမှာ မျိုးဆက်တစ်ခုခြားပါတယ်။ မျိုးဆက်အပေါ်အောက်ဖြစ်တဲ့ မိဘနဲ့ သားသမီးကြားမှာတောင် နားလည်မှုလွဲတာ၊ သူ့ခေတ်နဲ့ ကိုယ့်ခေတ် အယူအဆ မတူတာတွေ ရှိသေးတာ၊ မြေးအဘိုးတွေကြားထဲမှာရော မရှိနိုင်ဘူးလား။
ဘိုးဘိုးဘွားဘွားတို့နဲ့ မြေးလေးတို့ဟာ ကြားမှာ မျိုးဆက်တစ်ခုခြားပါတယ်။ မျိုးဆက်အပေါ်အောက်ဖြစ်တဲ့ မိဘနဲ့ သားသမီးကြားမှာတောင် နားလည်မှုလွဲတာ၊ သူ့ခေတ်နဲ့ ကိုယ့်ခေတ် အယူအဆ မတူတာတွေ ရှိသေးတာ၊ မြေးအဘိုးတွေကြားထဲမှာရော မရှိနိုင်ဘူးလား။
ဒါပေမယ့် သားအချစ်၊ မြေးအနှစ်လေ။ ဒီအခက်အခဲတွေကို ဘိုးဘိုးဘွားဘွားတို့ရဲ့ မေတ္တာ၊ မြေးလေးတွေရဲ့ အချစ်နဲ့ ကျော်လွှားနိုင်ပါတယ်။ တချို့ဘိုးဘိုးဘွားဘွားတွေက မြေးအပေါ် စည်းကမ်းတင်းကြပ်သလောက် တချို့ကလည်း အလိုလိုက်ကြပါတယ်။ ဒီလိုပါပဲ။ မြေးလေးတွေမှာလည်း လိမ္မာတဲ့ မြေးလေး ရှိသလို၊ ပြောရခက်တဲ့ ကလေးတွေလည်း ရှိနေတာပါပဲ။
ဒီတော့ ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြားမှာ နွေးထွေးပြီး ပျော်ရွင်စရာကောင်းတဲ့ ဆက်ဆံရေးတစ်ခုဖြစ်အောင် ဘယ်လိုတည်ဆောက်ကြမလဲ။ နည်းလမ်းလေးတွေ မျှဝေပေးချင်ပါတယ်။
စာအုပ်ထဲက ပုံပြင်လေးတွေ အပြင် ဘိုးဘိုးဘွားဘွားတို့ ငယ်ငယ်က အကြောင်းတွေ၊ ဖေဖေမေမေတို့ ငယ်ငယ်က အကြောင်းတွေ ပြောပြပေးပါ။ မြေးလေးက သူသိတဲ့ သူတွေရဲ့ အကြောင်းတွေဆိုတော့ ပိုပြီး စိတ်ဝင်စားပါတယ်။
မြေးလေးတွေနဲ့ အတူတူနေတာ ဖြစ်နိုင်သလို၊ အိမ်ခွဲနေတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကလေးတွေနဲ့ အဆက်အသွယ်မပြတ်အောင် ဗိုက်ဘာ၊ မက်ဆင်ဂျာ၊ ဖုန်းဆက်၊ စာပို့တာတွေ လုပ်တတ်အောင် သင်ထားပါ။
မျိုးဆက်တစ်ခုတည်းက ဆင်းသက်လာတဲ့သူတွေပဲမို့လို့ စိတ်ဝင်စားတာတွေလည်း တူနိုင်ပါတယ်။ တချို့ကလေးတွေဆို မိဘတွေထက်စာရင် အဘိုးအဘွားတွေနဲ့ ပိုပြီးတောင် တူကြပါသေးတယ်။ ဒါကြောင့် နှစ်ယောက်လုံး စိတ်ဝင်စားနိုင်မယ့် အရာတစ်ခုခုကို ရှာပါ။ ပန်းပင်လေးတွေ စိုက်တာဖြစ်မယ်၊ ပုံဆွဲတာလေးတွေ ဖြစ်မယ် စသဖြင့်ပေါ့။
မျိုးဆက်တစ်ခုခြားပေမယ့် ကလေးတွေကိုလည်း လေးစားပြရပါမယ်။ သူတို့ရှေ့မှာ အမူအကျင့်ကောင်းလေးတွေ လုပ်ပြတတ်ရပါမယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့လေးတွေက ကိုယ့်ကို ကြည့်ပြီး သင်ယူနေတာမို့လို့ပါ။ ဒါဟာ သူတို့ကို တစ်ချိန်မှာ လူကြီးလူကောင်းလေးတွေ ဖြစ်ဖို့ တစ်ဖက်တစ်လမ်းကနေ သင်ပေးနေတာပါပဲ။
ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့က ချစ်ရမယ်၊ ရိုသေရမယ်ဆိုပေမယ့် ကြောက်နေတာမျိုးကိုတော့ မဖြစ်စေချင်ပါဘူး။ သူတို့ကြားမှာ တံတိုင်းတစ်ခုမခြားစေချင်ပါဘူး။ ဒါကြောင့် သူငယ်ချင်းလိုပေါင်းပါ။ သူငယ်ချင်းလိုပေါင်းပေမယ့် မြေးလေးတွေက အရိုအသေတန်တာမျိုးလည်း မဖြစ်ရပါဘူး။ ဒီအစွန်းနှစ်ခုကြားထဲမှာ မျှတအောင် နေသင့်ပါတယ်။ သူငယ်ချင်းလိုပေါင်းမှလည်း ကလေးတွေက သူတို့ခံစားနေရတာကို ပွင့်ပွင့်လင်းလင်း ပြောနိုင်မှာပါ။
မိသားစုတွေထဲမှာ သူတို့လေးတွေ မမြင်ဖူးတဲ့သူတွေ ရှိမယ်။ အဝေးမှာနေတဲ့ သူတွေ ရှိမယ်။ သူတို့တွေအကြောင်းကို ပြောပြပါ။ သူတို့တွေဟာလည်း မိသားစုဝင်တွေထဲက တစ်ယောက်ဆိုတာကို ပြောပြပေးပါ။
ဘိုးဘိုးဘွားဘွားတွေက မြေးလေးတွေကို အလိုလိုက်တတ်ကြတာ သဘာဝပါ။ ကလေးတွေက တစ်ခုခုလုပ်ချင်တယ်၊ လိုချင်တယ်ဆို မိဘတွေ မသိအောင်တောင် လုပ်ပေးချင်ကြပါတယ်။ ဒါပေမယ့် ကလေးတွေကို သိပ်အလိုမလိုက်ပါနဲ့။ ဥပမာ မုန့်ဖိုးတွေအများကြီး ပေးတာမျိုး၊ သူလိုချင်တယ်ဆိုတာနဲ့ ချက်ချင်း အလိုလိုက်ပြီး လုပ်ပေးတာမျိုးပေါ့။ ဒါက ကလေးကို စည်းကမ်းတကျနဲ့ ထိန်းသိမ်းချင်တဲ့ မိဘနဲ့တွေ့ရင် နားလည်မှုလွဲတာ စိတ်ခုစရာ လေးတွေ ဖြစ်သွားနိုင်ပါတယ်။
သားကမွေးတာ ဖြစ်ဖြစ်၊ သမီးက မွေးတာဖြစ်ဖြစ်၊ မြေးကြီးဖြစ်ဖြစ်၊ မြေးငယ်ဖြစ်ဖြစ် အတူတူပါပဲ။ ဒါကြောင့် မြေးလေးတွေကို ခွဲခြားဆက်ဆံတာမျိုး မလုပ်ပါနဲ့။ မိဘနဲ့ အဆင်မပြေဘူးဆိုရင်တောင်မှ မြေးလေးတွေကို ချစ်ပေးပါ။ အချစ်ခံရတဲ့ ကလေးတွေက စိတ်ဒဏ်ရာမရဘဲ ပိုပြီးကောင်းကောင်းကြီးပြင်းလာနိုင်လို့ပါ။
သူတို့ခေတ်မှာ ဆော့လို့ရတာအပြင် ဘိုးဘိုးဘွားဘွားတို့ခေတ်က ဆော့ခဲ့ကြတဲ့ ကစားနည်းတွေကိုလည်း သင်ပေးပါ။ တူတူဆော့ပေးပါ။ ဒီလို တူတူဆော့ပေးတာက နှစ်ဦးကြားက သံယောဇဉ်ကို တိုးစေသလို ကလေးတွေရဲ့ screen time ကိုလည်း လျှော့ချပေးနိုင်ပါတယ်။
အဓိကက ဘိုးဘိုးဘွားဘွားတွေရဲ့ ကျန်းမာရေးပါ။ မြေးတွေကို ထိန်းရင်းနဲ့ မတော်တဆ ထိခိုက်တာမဖြစ်စေဖို့ သတိထားပါ။ ဆေးသောက်ဖို့၊ အစာစားဖို့ မမေ့သွားအောင် ဂရုစိုက်ပါ။ ဘိုးဘိုးဘွားဘွားတို့ ကျန်းမာမှ မြေးတွေနဲ့ အကြာကြီး တူတူနေနိုင်မှာပါ။
မြေးလေးရဲ့ အကျင့်တွေ၊ သူစားတတ်တာလေးတွေ၊ သူ့မိဘက စည်းကမ်းလုပ်ထားတာတွေကို မေးမြန်းထားပါ။ ကိုယ့်ဆီရောက်မှ ကလေးတွေ အကျင့်ပျက်သွားတယ်ဆိုရင် မိဘနဲ့ စိတ်ကွက်ရပါလိမ့်မယ်။
ဒါကြောင့် ဒီနည်းလမ်းလေးတွေသုံးပြီး ဘိုးဘိုးဘွားဘွားနဲ့ မြေးလေးတို့ကြားမှာ နွေးထွေးတဲ့ဆက်ဆံရေး တည်ဆောက်ကြပါလို့။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။