backup og meta

ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ... အခု....ရပ်

ကလေးက ထမင်းခွံနေချိန်မှာ ထမင်းမစားဘူးဘဲလုပ်နေတယ်။ သိပ်နေတာကို တော်တော်နဲ့မအိပ်ဘူး။ အရမ်းမဆော့ပါနဲ့ဆိုတာကို တောက်တောက်နဲ့လျှောက်ပြေး နေတယ်။ ကလေးကလည်းပြောရခက်လိုက်တာ စိတ်မရှည်တော့ဘူး။ ဘယ်လိုပြောပြောမရပါလားဆိုပြီးဖြစ်နေချိန်မှာ ဘာလုပ်တတ်ကြလဲမေမေဖေဖေတို့ ကြောက်အောင်ခြောက်တယ်ဟုတ်။ ဒီလို လုပ်မိနေပြီဆိုရင်တော့ ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ… အခု….ရပ် လိုက်ကြပါစို့။

ကလေးတွေကို လိုသလိုပုံစံကျစေဖို့ မိဘတွေထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခု

ကလေးက ပြောရဆိုရခက်တဲ့အချိန်မှာ မိဘအများစုထုတ်သုံးတတ်တဲ့ နည်းလမ်းတစ်ခုရှိတယ်လေ။ ဒါကတော့ ကလေးကိုကြောက်အောင်ခြောက်ပြီး ဖြစ်စေချင်တဲ့ပုံစံအတိုင်း လုပ်ခိုင်းတာ၊ နေခိုင်းတာပါ။ ဘာတွေနဲ့ အများဆုံး ခြောက်လှန့်တတ်ကြလဲ သိလား။ ငယ်စဉ်ကတည်းက ကိုယ်တွေကိုယ်တိုင်တောင် ခြောက်ခံခဲ့ရသေးတယ်လေ။

ဒေဝေါကြီးရေ လာပါ။ ထမင်းမစားဘူးလုပ်နေတယ်၊ မအိပ်သေးဘူးလား ဒေဝေါကြီးကို ခေါ်လိုက်မှာနော်ဆိုတာမျိုးလေ။ ဒီတစ်ခုတည်းလားဆိုတော့ မဟုတ်သေးပါဘူး။ ဂေါ်ဇီလာကြီးဆိုတာမျိုး ရုပ်ရှင်ထဲကကြောက်စရာသတ္တဝါကြီးတွေ၊ ပင့်ကူကြီး၊ အိမ်မြှောင်ကြီး၊ ကလေးဖမ်းတဲ့လူကြီးဆိုတာမျိုးတွေလေ။ ကိုယ်တိုင်တောင် အခြောက်ခံခဲ့ရဖူးတယ်ဟုတ်။

ဒီလို ခြောက်လှန့်လိုက်လို့ ကလေးကဖြစ်စေချင်တဲ့အတိုင်း ငြိမ်ငြိမ်လေးလိုက်လုပ်ပေးတာက စိတ်ကျေနပ်စရာဖြစ်ပေမယ့်ရေရှည်မှာ ကလေးအတွက် မကောင်းပါဘူး။ အကြောက်တရား ကြီးစိုးခံလိုက်ရပါတယ်နော်။

အကြောက်တရားနဲ့ ကြီးပြင်းစေမှုက ကလေးအရွယ်မှာတင်ပြီးဆုံးသွားမှာမဟုတ်ပါဘူး။ အသက်ကြီးတဲ့အထိ စိတ်ထဲမှာ တစ်ချိန်လုံးစွဲနေမယ်ဆိုတာကို သတိရစေချင်ပါတယ်။

ခြောက်လှန့်မှုနည်းလမ်းကို အများဆုံးခံကြရတဲ့ အသက်အရွယ်အပိုင်းအခြား

ဒီလိုခြောက်လှန့်မှုတွေကို ပက်လက်ကလေးနေရတဲ့ မွေးစအရွယ်နဲ့ မှောက်တတ်၊ လေးဖက်ထောက်သွားတတ်တဲ့ အရွယ်တွေမှာ သိပ်မကြုံရပါဘူး။ လမ်းလျှောက်တတ်စစကားပြောတတ်စအရွယ် ၂ နှစ်ကနေ ၃ နှစ်အတွင်းမှာအများဆုံးခြောက်လှန့်ခံရတာပါ။

မိဘတွေ သတိမထားမိတာက ဒီအရွယ်မှာ ကလေးတွေက မှတ်ဉာဏ်ကို စတင်တည်ဆောက်နေတဲ့အရွယ်လည်းဖြစ်ပါတယ်။ ဒီမှတ်ဉာဏ်က အသက်ကြီးတဲ့အထိ တောက်လျောက်ပါသွားတာပါ။ ကလေးရဲ့မှတ်ဉာဏ်က ၁ နှစ် ကနေ ၃ နှစ်အတွင်းမှာ စတင်ဖွံ့ဖြိုးတာဖြစ်ပြီး ဒီအချိန်က အဓိကသတိထားရမယ့်အချိန်လည်းဖြစ်ပါတယ်။

ဒါကြောင့်ဖြစ်နိုင်ရင် ကလေးကိုမခြောက်ပါနဲ့။ အတတ်နိုင်ဆုံး စိတ်ရှည်ရှည်နဲ့ နားလည်အောင်ရှင်းပြပေးပါ။ တစ်သက်တာအတွက် မှတ်ဉာဏ်တည်ဆောက်တဲ့အရွယ်မှာ ကလေးကို အကြောက်တရားမကြီးစိုးစေဖို့ အထူးဂရုပြုပေးပါနော်။

ကလေးကို ခြောက်လှန့်တော့ ဘာတွေဖြစ်လာမလဲ

ကလေးက အရွယ်လေးရောက်လာတဲ့အခါ တစ်ယောက်တည်း ဘယ်မှမသွားရဲဘူး။ ရေချိုးခန်း၊ အိမ်သာသွားဖို့လည်း ကြောက်တယ်။ တစ်ယောက်တည်းမအိပ်ရဲဘူး။ အိပ်နေရင်း အမေအင်္ကျီစကို ဆွဲထားတာမျိုးကြုံရတယ်။ ဒီအခါကျ မိဘတွေ ပြောမိတာက မရှိတာကို ဘာတွေများတွေးကြောက်နေတာလဲပေါ့။

ပြန်တွေးကြည့်လိုက်နော်။ ဒါက ကိုယ်တွေလုပ်ခဲ့မိတာကြောင့် ကလေးက အကြောက်တရားနဲ့ ကြီးပြင်းလာခဲ့လို့ပါ။ နေလေးနည်းနည်းဝင်သွားတာနဲ့ အိမ်နောက်ဖေးမသွားရဲတော့ဘူး။ အိမ်သာထဲ မဝင်ရဲဘူး။ရေချိုးခန်းထဲမသွားရဲဘူးဆိုတာတွေ ဖြစ်လာပြီလေ။

မရှိတာကို တွေးကြောက်တတ်ပြီလေ။ မီးပျက်တဲ့အချိန်တွေဆို နောက်ကနေ တကောက်ကောက်လိုက်နေရောပဲနော်။ သူ့ခမျာကြောက်တာကိုး။

ကလေးကိုကြောက်အောင်ခြောက်လှန့်နေတာတွေ… အခု….ရပ်

ကလေးက ခြောက်လှန့်မှုတွေနဲ့ ကြီးပြင်းလာတဲ့အခါ ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ထိခိုက်မှုတွေ ဖြစ်လာပါတယ်နော်။ ရလဒ်အနေနဲ့

  • ကိုယ့်ကိုကိုယ် ယုံကြည်မှုနည်းမယ်

ခြောက်လှန့်မှုတွေနဲ့ ကြီးပြင်းခဲ့ရမှုက ကလေးကို ယုံကြည်မှု ကျဆင်းစေနိုင်ပါတယ်။ ကလေးက မလိုအပ်ဘဲ အရာရာကို တွေးကြောက်နေတတ်တဲ့ အကျင့်စွဲသွားနိုင်ပါတယ်။

  • စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုခံစားရနေပါမယ်

ကလေးက စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုအားနည်းပြီး ဘယ်သူ့ကိုမှ မယုံကြည်တော့တာမျိုး ဖြစ်လာနိုင်ပါ။ ဒီအခြေအနေက ကလေးကို စိုးရိမ်စိတ်များစေပြီးရေရှည်မှာ စိတ်ဓာတ်ကျတာမျိုး ခံစားရစေနိုင်ပါတယ်နော်။ ကလေးက အရာရာကို အဆိုးမြင်တတ်လာတာမျိုးလည်း ဖြစ်စေနိုင်ပါတယ်နော်။

  • စိုးရိမ်စိတ်ကဲစေမယ်

ကလေးက အရာရာကို စိုးရိမ်နေတတ်ပြီး ကောင်းကောင်းမအိပ်တာ၊ အစားကောင်းကောင်းမစားတာမျိုးတွေ ရှိလာနိုင်ပါတယ်။ သူငယ်ချင်းမိတ်ဆွေနည်းပြီး တစ်ယောက်တည်းနေရင်းက အထီးကျန်ဆန်တာမျိုးတွေလည်း ဖြစ်လာနိုင်ပါတယ်။ ပေါင်းသင်းဆက်ဆံရေးပိုင်းမှာ အားနည်းသွားတာမျိုးတွေဖြစ်လာနိုင်ပါတယ်။

  • အဆိုးမြင်တတ်လာမယ်

ကလေးတွေက အရမ်းငယ်သေးတဲ့အရွယ်မှာ ရိုက်သွင်းခံလိုက်ရတဲ့ အတွေးကို သက်ဆုံးတိုင်သယ်သွားတတ်ကြပါတယ်။ သူတို့အတွေးမှာ ပတ်ဝန်းကျင်ကကြောက်စရာတွေနဲ့ ပြည့်နေတယ်လို့တွေးမိရင် ဘယ်အရာကို အကောင်းတွေးတော့မလဲနော်။ စိတ်ပိုင်းဆိုင်ရာအရခြောက်လှန့်ခံရတဲ့ ကလေးတွေက အခြားကလေးတွေထက် အဆိုးပိုမြင်တတ်ကြပါသတဲ့။

ငယ်စဉ်အရွယ်မှာ ခြောက်လုံးလှန့်လုံးတွေနဲ့ ကြီးပြင်းခဲ့ရတဲ့ ကလေးတွေက အရွယ်ရောက်လာတဲ့အခါ စိတ်ဓာတ်ကျတာ၊ စိတ်ကစဉ့်ကလျားဖြစ်တာတွေကို အခြားသူတွေထက် ခံစားရနိုင်ခြေပိုများနေပါတယ်။ ဒါကြောင့် ကလေးကို ချစ်ရင်ခြောက်လှန့်နေတာတွေကို အခုချက်ချင်းရပ်ပါလို့ပြောပါရစေနော်။

ကလေးကိုခြောက်လှန့်ခံရမှုကြောင့်ဖြစ်တဲ့ အကျိုးဆက်တွေမခံစားရစေဖို့အတွက် ခြောက်လှန့်တာမဟုတ်ဘဲ ဆန်းသစ်တဲ့ နည်းလမ်းလေးတွေနဲ့ ပြဿနာကိုဖြေရှင်းပါနော်။ နားလည်အောင်ရှင်းပြပေးတာ အကျိုးသင့်အကြောင်းသင့်လေးပြောပြပေးတာမျိုးပေါ့။

မှတ်ဉာဏ်တည်ဆောက်စအရွယ်မှာ စိတ်ဒဏ်ရာမရစေဖို့ ကလေးကိုခြောက်လှန့်နေတာတွေ……. အခု…….ရပ်……………

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Reasons You Should Not Scare A Babyhttps://www.boldsky.com/pregnancy-parenting/baby/2014/why-you-should-not-scare-a-baby-043985.htmlAccessed Date 5 March 2019

Scaring kids with ghosts and monsters can have psychological effectshttps://lifestyle.inquirer.net/269082/scaring-kids-ghosts-monsters-can-psychological-effects/#ixzz5hGaZylzM Accessed Date 5 March 2019

Is it good to make kids afraid?https://www.psychologytoday.com/us/blog/moral-landscapes/201010/is-it-good-make-kids-afraid Accessed Date 5 March 2019

ယခုပုံစံ

28/08/2023

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကလေးတွေ အရိုးသန်မာစေမယ့် ရိုးစင်းတဲ့ နည်းလမ်း ၃ သွယ်

ကလေးသံဓါတ်မချို့တဲ့စေဖို့ မေမေတွေဒီလိုကာကွယ်ပေးကြမယ်


Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 28/08/2023 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement