backup og meta

ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဒီနည်းလမ်းတွေကိုကျင့်သုံးပါ


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးရဲ့ ဖွံ့ဖြိုးမှုအတွက် ဒီနည်းလမ်းတွေကိုကျင့်သုံးပါ

    ကိုယ့်ရင်နှစ်သည်းချာ ရတနာလေးတွေ ကိုယ့်မျက်စိအောက်မှာ ကျန်းကျန်းမာမာနဲ့ ကြီးထွားဖွံ့ဖြိုးစေချင်တာ မိဘတိုင်းရဲ့ ရင်တွင်းကဆန္ဒပါ။ ကိုယ်ဝန်စဆောင်တည်းက ဗိုက်ထဲကလေးအတွက် ဆုတောင်းလိုက်ရတာ အမော။ မွေးပြီးတော့လည်း ကိုယ့်ကလေးတွေကို ညဏ်ရည်ပိုင်းမှာရော ကိုယ်ခန္ဓါကြီးထွားမှု အပိုင်းမှာရော သူများတွေထက် မသာရင်တောင် တန်းတူတော့ ဖြစ်စေချင်ကြတာချည်းပဲလေ။ ဒါတွေက ကလေးပေါ်မှာပဲ မူတည်နေတဲ့ အရာတွေ မဟုတ်ပါဘူး။ မိဘတွေဘက်လည်း သေချာ ဂရုစိုက် ပြင်ဆင်ရမယ့် အပိုင်းလေးတွေ ရှိပါတယ်။

    ဘယ်လိုမျိုး မိဘတွေ ဘက်က ဂရုစိုက်မှုတွေ လုပ်ပေးရမှာလဲ။ ။

    မွေးပြီး ၆ လလောက်အထိကိုတော့ မိခင်နို့တစ်မျိုးတည်းပဲတိုက်ပြီး ၆လကျော်ရင်တော့ ဖြည့်စွက်စာတွေ ကျွေးရတယ်ဆိုတာ အာလုံးသိပြီးဖြစ်မှာပါ။ အရေးကြီးဆုံးအချိန်က ၂ နှစ်ကျော်တဲ့ အချိန်ပါ။ ၂ နှစ်ကျော်ဆိုရင် ကလေးက စိတ်ပိုင်းဆိုင်ရာအရ ရော ရုပ်ပိုင်းဆိုင်ရာအရရော ဖွံ့ဖြိုးနေတဲ့ အချိန်လို့ ပြောလို့ရပါတယ်။ ၂ နှစ်ကျော်ပြီဆို ကလေးက ပတ်ဝန်းကျင်ကို စူးစမ်းလေ့လာနေတဲ့ အချိန်၊ သင်ယူနေတဲ့ အချိန်ဖြစ်တဲ့ အပြင် ၃ နှစ်ဆို မူကြိုကျောင်းတွေကို ပို့ရတော့မှာဆိုတော့ ကိုယ့်ကလေးသူများတွေကြားထဲ ဖွံ့ဖြိုးမှုအပိုင်းမှာရော၊ ညဏ်ရည်အပိုင်းမှာရော မသာလွန်ရင်တောင် နိမ့်ကျမနေဖို့တော့ အရေးကြီးတယ်လေ။ ဒါကြောင့် ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးမှုကို မိဘတစ်ယောက်အနေနဲ့ ဘယ်လိုဂရုစိုက်ပေးရမလဲဆိုတာလေးတွေ အကြံပြုချင်ပါတယ်။ ။

    ၁။ ကလေးရဲ့ အစားအသောက်ပိုင်းကို သေချာဂရုစိုက်ပေးပါ။ ။

    အစားအသောက်က ကလေးတစ်ယောက်ရုပ်ပိုင်းဆိုင်ရာဖွံဖြိုးမှု အတွက် အရေးကြီးတဲ့ နေရာကနေ ပါဝင်နေပါတယ်။ ပြဿနာက ကလေးအများစုက ငယ်တုန်းအချိန်ဆို အဆော့ပဲမက်ပြီး အစားသိပ်မမက်ကြတာဖြစ်ပါတယ်။ ကိုယ့်ကလေးကို အာဟာရြပည့်စေချင်ပါတယ်ဆိုမှ သူတို့က မစားဖြစ်နေတော့ ထမင်းကျွေးချိန်ရောက်ပြီဆို အမေတွေ အမြဲခေါင်းခဲရပါတယ်။ ကလေးတစ်ယောက်က တစ်နေ့ထမင်း၃ နပ်၊ သရေစာ ၂ ခါနဲ့ ရေများများသောက်ဖို့လိုအပ်ပါတယ်။ နေ့စဉ်စားတဲ့ အစားအသောက်တွေထဲမှာ နို့နဲ့ အသီး တစ်ခုခုကတော့ မပါမဖြစ်ကျွေးရပါမယ်။ နောက်ပြီး အာဟာရ အုပ်စုကြီး ၃ ခု မျှတအောင် မေမေတို့ အနေနဲ့ အစားအသောက်တွေကို ပြင်ဆင်သင့်ပါတယ်။ ထမင်းမစားဘဲ အရမ်းကြီး အချိုများတဲ့ အရည်တွေ၊ အသင့်စားသရေစာတွေချည်းပဲ ကလေးတွေစားနေလို့ဖြစ်ပါဘူး။ လုံးဝ ဘာမှကိုမစားတဲ့ ကလေးတွေ အတွက်ကတော့ ကြီးထွားဖွံ့ဖြိုးမှုကို ထောက်ပံ့ပေးတဲ့ အာဟာရနို့မှုန့်တွေ ဖျော်တိုက်ပါ။ သူတို့ဆီမှာ ကလေးတစ်ယောက် အတွက်လိုအပ်တဲ့ အာဟာရဓါတ်တွေ အချိုးညီမျှစွာ ပါပါတယ်။

    ၂။ အိပ်ရာစောစောဝင်ခိုင်းပါ။ ။

    ကလေးတစ်ယောက်ရဲ့ အိပ်ချိန်က ၈ နာရီ မှ ၁၀ နာရီ အတွင်းရှိသင့်တဲ့အတွက် ကလေးတွေကို စောစော အိပ်ရာဝင်ခိုင်းပါ။ အိပ်ရေးဝမှလည်း ကိုယ်တွင်း ခုခံအားစနစ်က အားရှိမှာဖြစ်ပါတယ်။ ခုလို ဆော့စရာဂိမ်းတွေ၊ ရုပ်ရှင်တွေ ပေါများနေတဲ့ ခေတ်ကြီးမှာ ကလေးတစ်ယောက် အချိန်မှန်အိပ်ဖို့ ငယ်ငယ်တည်းက လေ့ကျင့်ထားပေးသင့်ပါတယ်။ အိပ်ချိန်ပြည့်အောင် အိပ်တာနဲ့ ကလေးရဲ့ ညဏ်ရည်နဲ့က တိုက်ရိုက် အချိုးကျဆက်စပ်နေပါတယ်။

    ၃။ ကလေးပညာရေးကို ဦးစားပေးပါ။ ။

    ကျောင်းသွားရမယ့် အရွယ်ရောက်ရင်လည်း ကိုယ့်ကလေးကိုချစ်လွန်းလို့ ကျောင်းနောက်ကျ အပ်တာမျိုးက မလုပ်သင့်တဲ့ အရာတစ်ခုပါ။ ချစ်ရာမရောက်ဘဲ နှစ်ရာရောက်နေတတ်ပါတယ်။ ကလေးကို ကျောင်းပေးသွားတော့မှ ကလေးတစ်ယောက် စိတ်ပိုင်းဆိုင်ရာအနေနဲ့ ကိုယ့်အားကိုယ်ကိုးတတ်လာမယ်၊ တစ်ချို့ အခက်အခဲတွေကို ဖြေရှင်းတတ်လာမယ်၊ ဗဟုသုတတွေ ရလာမယ်၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံတတ်လာမယ်။ ကလေးရဲ့ အနာဂတ်ကို ဦးစားပေးစဉ်းစားတဲ့ မိဘတစ်ယောက်အနေနဲ့ ကလေးပညာရေးကို ဦးစားပေးသင့်ပါတယ်။ ကိုယ့်ကလေးထူးချွန်လို့ ရလာတဲ့ ပီတိက ဘာနဲ့မှ မလဲနိုင်ဘူးလေ။ ကလေးတစ်ယောက်ရဲ့ စိတ်ပိုင်းဆိုင်ရာ၊ ညဏ်ရည်ပိုင်းဆိုင်ရာ ဖွံဖြိုးအောင် အကောင်းဆုံး တည်ဆောက်ပေးနိုင်တာက ပညာရေးပဲမဟုတ်လား။

    ၄။ ကိုယ်လက်လှုပ်ရှားမှုလုပ်ခိုင်းပါ။ ။

    ဒါဟာ တော်တော်လေးကို အရေးကြီးပါတယ်။ ခုလိုမျိုး စမတ်ဖုန်းတွေ ပေါများတဲ့ ခေတ်ကြီးမှာ ကိုယ့်ကလေး မျက်နှာတစ်ချိန်လုံး ဖုန်းနဲ့အပ်မနေဖို့ ပိုလို့တောင် အရေးကြီးပါတယ်။ ကလေးပညာရေး က အရေးကြီးတယ်ဆိုပြီး အိမ်စာကိုအတင်းလည်း မလုပ်ခိုင်းပါနဲ့။ အမေတစ်ယောက်ရဲ့ တာဝန်တွေထဲမှာ ကိုယ့်ကလေးရဲ့ အချိန်တွေကို စီမံခန့်ခွဲတတ်ဖို့လည်းပါပါတယ်။ စားချိန်၊ အိပ်ချိန်၊ စာလုပ်ချိန်၊ ကစားချိန် အကုန်လုံးကို စီမံတတ်ရပါမယ်။ အကောင်းဆုံးကတော့ အားကစားတစ်မျိုးမျိုးကို ငယ်ငယ်ကတည်းက လိုက်စားခိုင်းတာမျိုးပါ။ စက်ဘီးစီးတာ၊ ဘောလုံးကန်တာလိုမျိုးပေါ့။ ကလေးကို ချစ်လွန်းလို့ အိမ်ထဲမှာပဲ နေခိုင်းတာမျိုးမလုပ်ဘဲ သူငယ်ချင်းတွေနဲ့ ပေးဆော့ပါ။ ကိုယ်လက်လှုပ်ရှားဆော့ကစားတာဟာ သင့်ကလေးရဲ့ သင်ယူနိုင်စွမ်းကိုမြင့်မားလာစေပြီး ကိုယ်ခန္ဓါကြီးထွားဖို့ အတွက်လည်း အထောက်အကူပြုပါတယ်။

    ၅။ စိတ်ရှည်ပါ။ ။

    အသက် ၂ နှစ်ကျော်တာနဲ့ ကလေးတစ်ယောက်က ပတ်ဝန်းကျင်ကို စူးစမ်းချင်စိတ်၊ အရာရာကို လေ့လာသင်ယူချင်စိတ်တွေ ရှိနေပါပြီ။ အနီးနားမှာ ရှိနေတဲ့ မေမေတို့၊ ဖေဖေတို့ကို သူတို့ သိချင်တဲ့ အရာတွေ အကြောင်း တတွတ်တွတ်နဲ့ တစ်ချိန်လုံးမေးတော့မှာပါ။ အဲ့ဒီလိုမျိုးအချိန်မှာ မေမေ၊ဖေဖေတို့ ဘက်က စိတ်ရှည်ရှည်နဲ့ ပြန်ဖြေပေးဖို့ လိုအပ်ပါတယ်။ လေ့လာစူးစမ်းချင်စိတ်ဟာ ကလေးတစ်ယောက်ရဲ့ ညဏ်ရည်ဖွံ့ဖြိုး အစပါပဲ။ ဒါကြောင့် ဘယ်လောက်ပဲ အလုပ်ရှုပ်နေပါစေ သင့်ကလေးကို အချိန်ပေးပါ။ ကလေးနဲ့အတူတူ အချိန်ဖြုန်းပါ။ ကလေးမေးသမျှကို စိတ်ရှည်ရှည်ပြန်ဖြေပေးပါ။ ငယ်ငယ်ထဲက မိဘတွေ ဂရုစိုက်တာခံရတဲ့ ကလေးတစ်ယောက်က အနာဂတ်မှာ လူကောင်းတစ်ယောက်ပဲဖြစ်ဖို့ရှိပါတယ်။

    ကိုယ်ပျိုးထောင်ထားတဲ့ ပန်းပင်လေး အစွမ်းကုန်ပွင့်လန်းပြီး ပွဲလယ်တင့်နေတာကို ဥယျာဉ်မှူးတိုင်း မြင်ချင်ကြပါတယ်။ ပျိုးထောင်တဲ့နေရာမှာလည်း မျိုးစေ့ဝယ်ပြီး မြေကြီးပေါ်ချထားလိုက်ရုံနဲ့အပင်ကောင်း တစ်ပင် ဖြစ်မလာနိုင်ပါဘူး။ သေချာ ပေါင်းသင်၊ ရေလောင်း၊ မြေသြဇာတွေထည့်ပြီး တယုတယစောင့်ရှောက်မှသာ ပွဲလယ်တင့်နိုင်တဲ့ ပန်းကောင်းတစ်ပွင့်ဖြစ်မှာပါ။ ။

    Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement