backup og meta

ကလေးတွေအတွက် အကောင်းဆုံးအာဟာရများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတွေအတွက် အကောင်းဆုံးအာဟာရများ

    ကလေးတွေကို ကျွေးတဲ့ အစားအသောက်တွေမှာ အကောင်းဆုံးအာဟာရများ ပါရမယ်ဆိုတာ မိဘတိုင်းသိပြီးသားဖြစ်မှာပါ။ ၂ နှစ်ကျော်တဲ့ ကလေးတစ်ယောက်က လူကြီးတွေစားသလို လိုက်စားနိုင်တယ်ဆိုပေမယ့် ကလေးနဲ့ လူကြီး လိုအပ်တဲ့အာဟာရတွေကမတူပါဘူး။ ဒါကြောင့် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေကို ကလေးအတွက် သက်သက်စီစဉ်ပေးဖို့ အရေးကြီးပါတယ်။ အာဟာရ အာဟာရဆိုပြီး ကြားဖူးနေကြဖြစ်ပေမယ့် ပြည့်ဝမျှတတဲ့အာဟာရ ရအောင် အစားအသောက်ကိုတွေ ဘယ်လို ပြင်ဆင်ကျွေးရမလဲဆိုတာ မေမေတို့ မသိဖြစ်နေတတ်ပါတယ်။ အာဟာရပြည့်ဝတဲ့ အစားအသောက်နဲ့ပက်သက်ပြီး ခေါင်းခဲနေတဲ့ မေမေတို့အတွက် ခုပြောပြမယ့် အကြောင်းအရာတွေက အထောက်အကူပြုလိမ့်မယ်လို့ထင်ပါတယ်။

    ဘာကြောင့် အကောင်းဆုံးအာဟာရများ ကို ကလေးတွေ ရဖို့လိုအပ်တာလဲ။ 

    အစားအသောက်ဆိုတာ ကလေးတွေ ကြီးထွားဖို့၊ မှတ်ဉာဏ်ရင့်သန်စေဖို့၊ သင်ယူနိုင်စွမ်းမြင့်တက်စေဖို့ အတွက် အဓိကကျတဲ့ အခန်းကနေပါဝင်နေပါတယ်။ မျှတတဲ့ အာဟာရ ရဖို့အတွက် အစာအုပ်စုကြီး၃ ခုက ပင်မ ကျောရိုးကြီးပါ။ ကလေးတွေကို ဘာကျွေးရမှန်းမသိတဲ့ မေမေတို့ အနေနဲ့ အစာအုပ်စုကြီး၃ခု ( အင်အားဖြစ်စေတဲ့အုပ်စု၊ ကိုယ်ခန္ဓာကြီးထွားစေတဲ့အုပ်စု၊ ရောဂါကာကွယ်ပေးတဲ့အုပ်စု) ပါတဲ့ ပိုစတာကို ဝယ်ပြီး ထမင်းစားခန်းထဲ ချိတ်ထားလိုက်ပါ။

    ကလေးအတွက် အစားအသောက်တွေ ပြင်ဆင်တိုင်း ပိုစတာလေးကိုကြည့်ပေါ့။ တချို့ ပိုစတာ မရှိသေးတဲ့ မေမေတို့ကလည်း ခုအောက်မှာပြောပြထားတဲ့အတိုင်း အစားအသောက်တွေကို ပြင်ဆင်လို့ရပါတယ်။ ကဲ ဘယ်လိုပြင်ဆင်ရမလဲ ကလေးကိုဘာတွေ ကျွေးရမလဲဆိုတာ ဆက်ကြည့်ရအောင်။

    ပြီးပြည့်စုံတဲ့ အာဟာရတစ်ခုရဖို့အတွက် ခုပြောပြမယ့် အာဟာရ ၈ မျိုးပါအောင် ကလေးတွေနေ့တိုင်း စားပေးရပါမယ်။ ။

    ၁။ ပရိုတင်း ( အသားဓာတ်)

    • ပရိုတင်းဓာတ်ဆိုတာ ဆဲလ်တွေတည်ဆောက်တဲ့နေရာမှာ အဓိကဖြစ်လို့ ကိုယ်ခန္ဓာကို ကြီးထွားဖွံ့ဖြိုးစေပါတယ်။
    • ပရိုတင်းကို ဖြိုခွဲလိုက်ရင် ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ စွမ်းအင်တွေ ထွက်လာတယ်။
    • ပရိုတင်းမှာပါတဲ့ အမိုင်နိုအက်ဆစ်( amino acid)တွေက ရောဂါပိုးဝင်တာတွေကနေလည်း ကာကွယ်ပေးပါတယ်။

    ဒါကြောင့် ကလေးတစ်ယောက်ဟာ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေကို များများစားပေးသင့်ပါတယ်။ ပရိုတင်းဓာတ်ကြွယ်ဝတဲ့ အစားအသောက်တွေက ဘာတွေလဲ။ ထူးထူးခြားခြားစဉ်းစားနေစရာ မလိုပါဘူး။ ပရိုတင်း( အသားဓာတ်) ဆိုတော့ အသားတွေ စားလိုက်တာနဲ့ ရပါတယ်။ ကြက်သား၊ ဝက်သား၊ အမဲသား၊ ငါးဥ အမျိုးမျိုး၊ ပဲအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေက ပရိုတင်းဓာတ် ကြွယ်ဝတဲ့ အစားအစာတွေပါ။

    ၂။ ကာဗိုဟိုက်ဒရိတ် (ကစီဓာတ်)

    ကစီဓာတ်ဆိုတာ ကြီးထွားဖို့တာဆူနေတဲ့ ကလေးတစ်ယောက်အတွက် တကယ်ကို အရေးကြီးတဲ့ အာဟာရတစ်ခုပါ။ ကိုယ်ခန္ဓာရဲ့တစ်ရှူးတွေကို တည်ဆောက်တဲ့နေရာမှာ ကာဗိုဟိုက်ဒရိတ်က အဓိက ကူညီပေးပါတယ်။ ကာဗိုဟိုက်ဒရိတ်ကို ကစီဓာတ်၊ သကြားဓာတ်နဲ့ အမျှင်ဓာတ် ၃ မျိုးလုံးကနေရပါတယ်။ ကလေးတွေအတွက်ကတော့ ကာဗိုဟိုက်ဒရိတ်ရအောင် ကစီဓာတ်နဲ့ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကို ပိုစားပေးသင့်ပါတယ်။ ကာဗိုဟိုက်ဒရိတ်ကြွယ်ဝတဲ့ အစားအသောက်တွေကတော့

    • ထမင်း
    • ပေါင်မုန့်
    • ဘီစကစ်မုန့်
    • အာလူး စတာတွေ ဖြစ်ပါတယ်။ ဒါတွေကလည်း ကလေးတွေ အကြိုက်ဖြစ်လို့ ကလေးတွေ မစားမှာ စိတ်ပူစရာတော့ မလိုဘူးနော်။

    ၃။ အဆီဓာတ်။

    လူကြီးတွေလိုမျိုး အဆီဓာတ်ကို တင်းတင်းကျပ်ကျပ် ရှောင်စရာမလိုပါဘူး။ ကလေးတွေအတွက်တော့ စွမ်းအင်တွေရဖို့ အဆီဓာတ်က အရေးကြီးပါတယ်။ ဒါဆို ဘယ်လိုအစားအသောက်တွေစားပေးရင် ကျန်းမာတဲ့အဆီဓာတ်တွေရမလဲ။

    • ဟင်းချက်ဆီ( မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ)
    • နို့နဲ့ နို့ထွက်ပစ္စည်းတွေ
    • ငါးအမျိုးမျိုး
    • အစေ့အဆန် ( မြေပဲ၊ သစ်ကြားသီး၊ ဗန်ဒါစေ့) တို့က အဆီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။ အဆီဓာတ်ရအောင်ဆိုပြီး ကလေးတွေကို ဆီကြော်မုန့်တွေတော့ မကျွေးသင့်ဘူးနော်။ ဆီကြော်မုန့်တွေထဲမှာ ကျန်းမာရေးနဲ့ မညီတဲ့ ပြည့်ဝဆီတွေပဲပါလို့ပါ။

    ၄။ ကယ်လ်စီယမ်။

    ကလေးတစ်ယောက်က ကိုယ်ခန္ဓာကြီးထွားဖို့အတွက်တင်မက အရိုးအဆစ်နဲ့ သွားတွေသန်မာဖို့လည်း အရေးကြီးပါတယ်။ အရိုးအဆစ်သန်မာဖို့အတွက် မရှိမဖြစ်လိုအပ်တာကတော့ ကယ်လ်စီယမ်ပါ။ သူက အရိုးအဆစ် သန်မာစေဖို့အတွက်ပဲမဟုတ် သွေးတိတ်စေဖို့၊ အာရုံကြော၊ နှလုံးနဲ့ ကြွက်သားတွေ ပုံမှန်အလုပ်လုပ်ဖို့အတွက်လည်း ကူညီပေးနေတဲ့သူပါ။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကတော့

    • နွားနို့၊ ဒိန်ချဉ်၊ ဒိန်ခဲ
    • ကြက်ဥအနှစ်၊ တို့ဖူး
    • ပန်းဂေါ်ဖီအစိမ်း၊ ဟင်းနုနွယ်
    • ပုစွန်ဆိတ်၊ အရိုးပြုတ်ရည်တို့ပဲဖြစ်ပါတယ်။

    ၅။ သံဓာတ်။

    ကလေးတစ်ယောက်က လူကြီးတွေထက်စာရင် သံဓာတ်ချို့တဲ့ သွေးအားနည်းဝေဒနာတွေ ပိုခံစားရတတ်ပါတယ်။ သွေးအားနည်းဝေဒနာကို ကာကွယ်ဖို့အတွက်ဆို သံဓာတ်က မရှိမဖြစ်ပါ။ ဘာကြောင့်လဲဆိုတော့ သံဓာတ်က သွေးနီဥတွေတည်ဆောက်ဖို့အတွက် အဓိကနေရာက ပါဝင်တဲ့အပြင် ကိုယ်ခန္ဓာအတွက်လိုအပ်တဲ့ အောက်ဆီဂျင်ကို သွေးနီဥတွေ သယ်တဲ့နေရာမှာလည်း ကူညီပေးပါတယ်။ ဒါကြောင့်သံဓာတ်ကြွယ်ဝတဲ့

    • အနီရောင်ရှိတဲ့အသား၊ အသည်း
    • ငါးအမျိုးမျိုး၊ ပုစွန်ဆိတ်
    • ပဲအမျိုးမျိုး၊ တိုဖူး
    • ဟင်းနုနွယ်၊ ကန်စွန်းရွက်၊ ပန်းဂေါ်ဖီစိမ်း
    • အစေ့အဆန် ( ဖရုံစေ့)
    • ချောကလက်တွေပါဝင်တဲ့ အစားအသောက်တွေကို ကလေးတွေအနေနဲ့ လုံလောက်အောင် စားပေးရပါမယ်။ ဒါမှ သံဓာတ်အားနည်းပြီး သွေးအားနည်းတဲ့ ဝေဒနာတွေ ကလေးတို့ မခံစားရမှာဖြစ်ပါတယ်။

    ၆။ ဖောလိတ် ( Folate)။

    ကိုယ်ဝန်ဆောင်မိခင်တွေ ဖောလိတ် ( Folate) ခေါ် ဖောလစ်အက်ဆစ် (Folic acid ) ဆေးပြားတွေသောက်ရတာ အားလုံးသိပြီးဖြစ်မှာပါ။ ဘာကြောင့်သောက်ရတာလဲဆိုတော့ ဖောလိတ် ( Folate) ဟာ သန္ဓေသားဖွံ့ဖြိုးမှုကို အားပေးလို့ဖြစ်ပါတယ်။ သန္ဓေသားဘဝကနေ လွန်မြောက်လာတဲ့ ကလေးတွေမှာလည်း ဖောလိတ် ( Folate) ဓာတ်က ဆက်လိုနေသေးပါတယ်။ သူက ကလေးတစ်ယောက်ရဲ့ကြီးထွားမှုကို ကူညီပေးတဲ့အပြင် သွေးအားနည်းတာကိုပါ ကာကွယ်ပေးလို့ဖြစ်ပါတယ်။

    အမေဗိုက်ထဲမှာတုန်းက အမေဆီကနေ ဖောလိတ် ( Folate)ဓာတ်ရပေမယ့် အပြင်ရောက်လူလားမြောက်လာတဲ့ အခါကျရင်တော့ ဖောလိတ် ( Folate)ဓာတ်ကြွယ်တဲ့အစားအသောက်တွေကို စားပေးဖို့လိုပါတယ်။

    • ပဲအမျိုးမျိုး( ပဲနီလေး၊ ကုလားပဲ၊ ပဲကြီး)
    • ကညွတ်ပင်၊ ဟင်းနုနွယ်၊ ပဲပင်ပေါက်၊ သကြားမုန်လာ၊ ပန်းဂေါ်ဖီစိမ်း
    • ဥ အမျိုးမျိုး
    • သစ်ကြားသီး
    • အမဲအသည်း တို့ဟာ ဖောလိတ် ( Folate) ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေဖြစ်ပါတယ်။

    ၇။ အမျှင်ဓာတ်

    ကလေးတွေကို အမျှင်ဓာတ်ပါတဲ့ အသီးအရွက်တွေကျွေးဖို့ဆိုတာ မေမေတို့ အတွက်ကတော့ စိန်ခေါ်မှုကြီး တစ်ခုပါ။ ကလေးတွေက အသားတွေကို ပိုကြိုက်ကြပြီး အသီးအရွက်တွေကိုဆို ကြေးများတတ်ကြပါတယ်။ ဘယ်လောက်ပဲ ကြေးများများ အမျှင်ဓာတ်ဆိုတာ ရောဂါကာကွယ်ပေးတဲ့ အုပ်စုထဲပါနေတော့ ကလေးတွေ စားမှကိုဖြစ်မှာပါ။ ချော့ကျွေးရမှာပေ့ါ။

  • အသီး ( ပန်သီး၊ ထောပတ်သီး၊ ငှက်ပျောသီး ) ။ အသီးတွေအားလုံးလိုလိုမှာ အမျှင်ဓာတ်က ကြွယ်ဝပြီးသားပါ။
  • အစိမ်းရောင်ရှိတဲ့ အရွက်အမျိုးမျိုး
  • ပဲအမျိုးမျိုး တို့က အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေပါ။ အမျှင်ဓာတ်က ကလေးတွေအဖြစ်များတဲ့ ဝမ်းချုပ်တာကို အကောင်းဆုံးဖြေရှင်းပေးနိုင်တဲ့ အရာတစ်ခုပါ။
  • ၈။ ဗီတာမင်နဲ့ သတ္တုဓာတ်။

    ပြီးပြည့်စုံတဲ့ အာဟာရတစ်ခုမှာ ဗီတာမင်နဲ့ သတ္တုဓာတ်တွေကို ချန်ခဲ့လို့မရပါဘူး။ သူတို့ကလည်း သူ့နေရာနဲ့သူ အရေးကြီးတဲ့ တာဝန်တွေကိုထမ်းဆောင်နေရတာပါ။ ဗီတာမင်နဲ့ သတ္တုဓာတ် ကြွယ်ဝတဲ့ အစားအသောက်တွေကတော့

    • ဗီတာမင် A (ဟင်းနုနွယ်၊ မုန်လာဥနီ၊ ကန်စွန်းဥ၊ စပျစ်သီး)
    • ဗီတာမင် B (အသားငါး၊ ဥအမျိုးမျိုး၊ ပဲအမျိုးမျိုး၊ အသည်း)
    • ဗီတာမင် C ( ချဉ်သော အသီးအရွက်များ)
    • ဗီတာမင် D ( အသားငါး၊ နို့နဲနို့ထွက်ပစ္စည်း၊ ပဲအမျိုးမျိုး၊ အရိုးပြုတ်ရည်)
    • ဗီတာမင် E ( နေကြာစေ့၊ မြေပဲ၊ ထောပတ်သီး၊ ကီဝီသီး)
    • ဗီတာမင် K ( ကိုက်လန်၊ ဟင်းနုနွယ်၊ ပန်းဂေါ်ဖီစိမ်း၊ ပဲနို့၊ ဒိန်ခဲ) တို့ပဲဖြစ်ပါတယ်။ ဗီတာမင်ကြွယ်ဝတဲ့ အစားအသောက်တွေမှာ သတ္တုဓာတ်တွေပါ ပါပြီးသားဖြစ်ပါတယ်။

    ခုပြောပြခဲ့တာတွေကတော့ အကောင်းဆုံးအာဟာရများ ရဖို့အတွက် ကလေးတစ်ယောက်စားသင့်တာတွေပဲဖြစ်ပါတယ်။ အာဟာရမျှတတဲ့ အစားအသောက်တွေ ကလေးအတွက်စီစဉ်ရတာ ခေါင်းစားနေတဲ့ မေမေတို့အတွက် ခုပြောခဲ့တဲ့ အစားအသောက်တွေထဲက အနည်းဆုံး တစ်ခုစီပါအောင် ကျွေးနိုင်ရင် သင့်ကလေး အာဟာရ မပြည့်မှာကို စိတ်ပူစရာ မလိုတော့ဘူးနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 16/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement