သင့်စိုးရိမ်မှုတွေက ဘာတွေလဲ။

close
မတိကျ
နားလည်ရခက်
အခြား

သို့မဟုတ် လင့်ခ်ကူးယူမည်

မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဝါသနာကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဝါသနာကို ဘယ်လိုပြုစုပျိုးထောင်ကြမလဲ

ကလေးဆိုတဲ့အရွယ်ကို အရာရာကို စူးစမ်းလေ့လာချင်စိတ်ရှိပြီး အတုမြင်အတတ်သင်ကြမယ့် အရွယ်ကောင်းတစ်ခုပါပဲ။ ပြောရမယ်ဆိုရင် လူကြီးတစ်ယောက် ဖြစ်လာဖို့အတွက် ကိုယ့်ရဲ့ အနာဂတ်ကို ကိုယ်တိုင်လျှောက်လှမ်းဖို့ ပထမဆုံး ခြေလှမ်းစတင်ရမယ့် အရွယ်ပဲပေါ့။ ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးမှာ ဘယ်လိုဝါသနာတွေ ရှိလဲ၊ ဘယ်လိုနေရာမှာ ထက်မြက်လဲ၊ သူတို့လေးတွေရဲ့ အရည်အချင်းကို ဘယ်လိုသွေးပေးရမလဲဆိုတာ သိမှပဲ ကလေးရဲ့ ကောင်းမွန်စွာ ကြီးပြင်းလာနိုင်မှုမှာ အထောက်အကူဖြစ်မှာပါ။

ဝါသနာတွေဟာ ကလေးတွေရဲ့ ဘဝကို ဘယ်လိုပြောင်းလဲပေးနိုင်လဲ။

ကလေးတစ်ယောက် ကိုယ်သဘောကျတာကို လုပ်နေရတဲ့အချိန်ဟာ သူတို့လေးတွေအတွက်တော့ ပျော်စရာအကောင်းဆုံးအချိန်ပါပဲ။ ဒါ့အပြင် ဝါသနာဆိုတာ ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကို မြှင့်တင်ပေးနိုင်သလို ကိုယ်လုပ်တဲ့ကိစ္စနဲ့ပတ်သက်ပြီး တာဝန်ယူချင်စိတ် ရှိစေတယ်။ ကလေးတွေအနေနဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေ တိုးလာနိုင်သလို သူတို့တွေ ကြိုးစားရင် ဘာမဆိုဖြစ်အောင် လုပ်နိုင်တဲ့စိတ်ကို ပုံသွင်းပေးတယ်။ ဒီတော့ အောင်မြင်ထက်မြက်တဲ့ အနာဂတ်တစ်ခုဆီသို့ အရောက်ပို့ဆောင်ပေးနိုင်တဲ့ ခြေလှမ်းဆိုလည်း မမှားလောက်ပါဘူးနော်။

ဒီတော့ မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ ဝါသနာကို ဘယ်လိုပျိုးထောင်ကြမလဲ။

မိဘတွေအများစုက ဒီဘက်ခေတ်မှာ ကလေးရဲ့ ပညာသင်ကြားမှုအပိုင်းမှာပဲ အာရုံစိုက်တတ်ကြပြီး ကျန်တဲ့ကိစ္စတွေကို မေ့လျော့ထားတတ်ကြပါတယ်။ စာချည်းပဲ လုပ်နေရတဲ့ ကလေးတစ်ယောက်ဟာ ပျော်ရွှင်မှု၊ ကလေးတွေမှာ ရှိသင့်တဲ့ လွတ်လပ်မှုတွေလည်း ပျောက်ဆုံးသွားမှာ ဖြစ်သလို တီထွင်ဖန်တီးနိုင်စွမ်းတွေလည်း ကျဆင်းသွားနိုင်ပါတယ်။ ဒါကြောင့် မိဘတွေအနေနဲ့ ပညာရေးကိုလည်း အလေးထားသင့်သလို ကိုယ့်ကလေးရဲ့ စိတ်နဲ့ ခန္ဓာကျန်းမာရေးနဲ့ အနာဂတ်အတွက် သင့်တော်တဲ့ ဝါသနာတွေကိုလည်း တစ်ဖက်တစ်လမ်းကနေ မြေတောင်မြှောက်ပေးတာတွေ လုပ်သင့်ပါတယ်။ ဒါဆို အရင်ဆုံး ဘယ်ကနေစလုပ်မလဲဆိုရင်

၁။ ကိုယ့်ကလေးက ဘာကို ဝါသနာပါလဲဆိုတာ အရင်ဆန်းစစ်လေ့လာဖို့ လိုပါတယ်။ ဥပမာ – အားကစားလုပ်ရတာ ဝါသနာပါတာလား၊ ဂီတ၊ ပန်းချီ၊ အနုပညာဘက်လား၊ သိပ္ပံပညာကို စိတ်ဝင်စားလား အစရှိသဖြင့်ပေါ့။

၂။ အမြဲတမ်း ကလေးနဲ့ စကားပြောနေပါ။ ကလေးနဲ့ မိဘကြားမှာ လွတ်လွတ်လပ်လပ် ရင်ဖွင့်လို့ရတဲ့ ဆက်သွယ်မှုတစ်ခု ရှိနေပါစေ။

၃။ ကလေးက ဝါသနာပါတာ မရှိဘူး ဒါမှမဟုတ် ဘာကို ဝါသနာပါလဲဆိုတာ မသိရင် မိဘတွေအနေနဲ့ ကိုယ့်ကလေးရဲ့ အကြိုက်၊ ပုံစံ၊ စိတ်နေသဘောထားနဲ့ ကိုက်ညီမယ်ထင်တာတွေကို အစမ်းလုပ်ကြည့်ခိုင်းတာ၊ အိမ်အလုပ်တွေကို ဝိုင်းကူလုပ်ခိုင်းကြည့်တာ၊ ဟင်းချက်တဲ့အချိန် ဘေးနားကနေ ဝိုင်းကူတာ၊ နေရာဒေသ အသစ်တွေကို အလည်အပတ်အဖြစ် ခေါ်သွားတာ၊ အားကစားလေ့ကျင့်တာမျိုးတွေ လုပ်ခိုင်းကြည့်ပါ။ ကလေးဆိုတဲ့အရွယ်က အရာရာကို သင်ယူလိုစိတ် ပြင်းထန်တတ်တဲ့အတွက် သူတို့လေးတွေ ကြိုက်မယ့်ဝါသနာတစ်ခုကို အချိန်တိုအတွင်း ရှာတွေ့မှာပါ။

၄။ ကလေးတစ်ယောက်က သူဘာတွေ ဝါသနာပါလဲဆိုတာ ပြောပြတဲ့အခါ အကောင်းဘက်က တွေးပြီး လက်ခံပါ။ မှားတယ်၊ မှန်တယ်၊ ကောင်းတယ်၊ ဆိုးတယ်ဆိုပြီး ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ကလေးကို လုပ်ချင်တာလုပ်ခွင့်ပေးထားလိုက်ပါ။

၅။ ဝါသနာဆိုတာ ကလေးတွေရဲ့ စိတ်ကိုပျော်ရွှင်စေဖို့အတွက် အားလပ်ချိန်တွေမှာ လုပ်သင့်တဲ့အရာတစ်ခုပါ။ ဒီအတွက် ကလေးက အရမ်းတော်နေစရာမလိုပါဘူး။ ဥပမာပြောရရင် ကိုယ့်ကလေးက ပန်းချီဆွဲရတာ ဝါသနာပါတယ်၊ ဒါပေမယ့် သူဆွဲနေတဲ့ပုံက သိပ်ကြည့်လို့အဆင်မပြေဘူး၊ ဆွဲထားတာ သိပ်မလှဘူးဆိုပါစို့။ ဒီလိုအချိန်မှာ မိဘတွေအနေနဲ့ အပြစ်တင်တာ၊ ဝေဖန်တာ၊ အမှားထောက်ပြလိုက်တာ၊ တခြားသူနဲ့ နှိုင်းယှဉ်လိုက်တာမျိုး လုံးဝမလုပ်သင့်ဘူးဆိုတာ သိထားပါ။

ဒီအပြုအမူက ကလေးတစ်ယောက်ရဲ့ စိတ်ထဲမှာ သူမလုပ်နိုင်ဘူးဆိုတဲ့ အတွေးမှားတွေကို ရိုက်သွင်းပေးလိုက်တာနဲ့ အတူတူပါပဲ။ အဲ့ဒီအစား ကလေးကို အားပေးပါ၊ ချီးမွမ်းပါ၊ ထပ်ပြီးကြိုးစားဖို့ကိုလည်း မှာပါ၊ ကလေးက ဘာပဲလုပ်လုပ် မိဘတွေအနေနဲ့ အမြဲတမ်း အနောက်ကနေ ပံ့ပိုးပေးနေမယ်ဆိုတဲ့အကြောင်းကို ကလေးရဲ့ရင်ထဲ စွဲနေအောင် ပြောပြပေးပါ။

၆။ ကလေးတစ်ယောက်ရဲ့ ဝါသနာ ဘာလဲဆိုတာ သိပြီးရင် မိဘတွေအနေနဲ့ ဒီဝါသနာနဲ့ပတ်သက်ပြီး လေ့လာရှာဖွေတာတွေ၊ ဝါသနာကို မြှင့်တင်ပေးနိုင်မယ့် အထောက်အကူပစ္စည်းတွေ ဝယ်ပေးတာ၊ သူတို့ရဲ့ ဝါသနာနဲ့ သက်ဆိုင်နေတဲ့ နယ်ပယ်တစ်ခုမှာ အောင်မြင်နေသူတွေရဲ့ အကြောင်း ကလေးကို ပြောပြတာမျိုး လုပ်ပေးလို့ရပါတယ်။

၇။ ဝါသနာတစ်ခု ရွေးချယ်ရာမှာ ကလေးရဲ့ စိတ်ဆန္ဒသည်သာ ၁၀၀ ရာခိုင်နှုန်း အဓိကကျပါတယ်။ ဝါသနာတစ်ခုနောက်လိုက်ဖို့ အတင်းဖိအားပေးတာမျိုး မလုပ်သင့်သလို မိဘတွေရဲ့ စိတ်တိုင်းကျရွေးချယ်ထားတဲ့ ဝါသနာတစ်ခုကို ကလေးကိုအတင်းလုပ်ခိုင်းတာတွေ မလုပ်ပါနဲ့။

ကဲ ဒါဆိုရင် ကလေးရဲ့အနာဂတ်လှပစေဖို့ ရတက်မအေးဖြစ်နေတဲ့ မိဘတွေလည်း ကိုယ်သိပ်ချစ်ရတဲ့ကလေးအတွက် ဝါသနာကို ပြုစုပျိုးထောင်ဖို့ ဒီနေ့ကစပြီး ကြိုးစားလိုက်ကြရအောင်နော်။

Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ နေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

health-tool-icon

ကလေးကာကွယ်ဆေးထိုး အချိန်ဇယား

ကာကွယ်ဆေးထိုးအချိန်ဇယားကို အသုံးပြုပြီး သင့်ကလေး ဘယ်ကာကွယ်ဆေးကို ဘယ်အရွယ်မှာ ထိုးသင့်တယ်ဆိုတာကို လေ့လာလိုက်ပါ။

ကလေးက ယောကျာ်းလေးလား၊ မိန်းကလေးလား

အမျိုးသား

အမျိုးသမီး

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Ye Myo Myat မှ ရေးသားသည်။ 6 ရက် အကြာက တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။