backup og meta

ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို စိတ်ပိုင်းဆိုင်ရာက ဘယ်လို ပံ့ပိုးပေးလဲ။


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးတစ်ယောက်ရဲ့ ခန္ဓာကိုယ်ဖွံ့ဖြိုးမှုကို စိတ်ပိုင်းဆိုင်ရာက ဘယ်လို ပံ့ပိုးပေးလဲ။

    ကလေးတစ်ယောက်ကို ပြုစုပျိုးထောင်နေတဲ့ ဖေဖေ မေမေတို့ရဲ့ နောက်ဆုံးရည်မှန်းချက်က ကိုယ့်ကလေးကို ကျန်းမာပြီး စိတ်ချမ်းချမ်းသာသာလေးနဲ့ ကြီးပြင်းစေချင်တာပါပဲ။ ဒီလို ဖြစ်လာဖို့အတွက်ကိုပဲ မေမေတို့ အကောင်းဆုံးကြိုးစားခဲ့ကြတာပဲလေ။ ကလေးအတွက် အကောင်းဆုံးဆိုတာတွေကိုကြီး ရွေးချယ်ပြီး ပေးခဲ့ကြတာပါ။

    ကလေးတစ်ယောက် ကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ ဘာတွေ လိုအပ်မလဲ။

    မေမေတို့ရဲ့ သားသားမီးမီးတွေ စိတ်ကူးထဲကအတိုင်း ကျန်းကျန်းမာမာကြီးပြင်းလာဖို့ဆိုရင်

    • ပြည့်ဝတဲ့အာဟာရ
    • သင့်တင့်တဲ့ ကိုယ်လက်လှုပ်ရှားမှု
    • ကျန်းမာရေးစောင့်ရှောက်မှု
    • မိသားစု ချစ်ခင်ပေးမှု စတာတွေ လိုအပ်ပါတယ်။

    မေမေတို့ အားလုံးပေးနိုင်ပေမယ့် တစ်ခါတလေမှာ ကလေးကို ချစ်ခင်မှုတွေ မပေးနိုင်ပါဘူး။ ဆိုလိုတာက ဖေဖေ မေမေတို့အနေနဲ့ ကလေးကို မချစ်တာမဟုတ်ဘဲနဲ့ ကလေးကို ပြည့်စုံအောင် ထားမယ်ဆိုတဲ့ စိတ်နဲ့ အချိန်ပြည့် စီးပွားရေးတွေ လုပ်နေရတဲ့အတွက် ကလေးနဲ့ လက်ပွန်းတတီးနေချိန်တွေ၊ ကလေးကို ချစ်ကြောင်းပြဖို့တွေကို မေ့သွားတတ်ပါတယ်။

    တကယ်တော့ ဒီအချက်က ကလေးရဲ့ စိတ်ကျန်းမာရေးကို အများကြီး အထောက်အကူပြုပါတယ်။ တချို့မေမေတွေက တွေးပါတယ်။ ကလေးက ဒီလောက် အာဟာရတွေ ပြည့်အောင် ကျွေးတာကို စားလည်း မစားဘူး။ ပိန်ပိန်လေးပဲ ကျန်တော့တယ်။ တစ်ခုမစား တစ်ခုစားမလားဆိုပြီး အမျိုးမျိုး ပြောင်းကျွေးပေမယ့် ကလေးက ထင်သလောက် မစားပါဘူး။  ဒါဟာ ဘာကြောင့်များပါလဲ။

    သူတို့ စိတ်လေး နေမကောင်းလို့ပါပဲ။ ကလေးတွေလည်း လူကြီးလိုပဲ ဝမ်းနည်းတတ်တယ်၊ စိတ်ညစ်တတ်ပါတယ်။ ထုတ်သာမပြောတာပါ။ သူတို့စိတ်ထဲမှာ ဖေဖေနဲ့ မေမေက သူ့ကိုများ မချစ်တော့ဘူးလားဆိုပြီး စိုးရိမ်စိတ်လေးတွေ ရှိတတ်ပါတယ်။ ဒါတွေက ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အများကြီး ထိခိုက်တတ်ပါတယ်။

    ကလေးတွေ ဘယ်လို စိတ်ဒဏ်ရာတွေ ခံစားတတ်သလဲ။

    • ကြောက်ရွံ့စိတ်

    ကလေးကို မေမေက ဆူလိုက်တာ၊ ဖေဖေက ရိုက်လိုက်တာ စတာတွေဟာ ကလေးကို ကြောက်လန့်စေပါတယ်။ နောက်ပြီး ကလေးကို သရဲကြီးလာတော့မယ်တို့၊ ဒေဝေါကြီး လာဖမ်းတော့မယ်ဆိုတဲ့ စကားတွေကလည်း ကလေးကို မရေရာ မသေချာတဲ့ ကြောက်စိတ်တွေ ဖြစ်စေပါတယ်။

    • အထီးကျန်စိတ်

    ကလေးက အဖော်မက်တယ်လို့ မေမေတို့ ပြောတတ်ကြပါတယ်။ သူက သူနဲ့ အတူဆော့ပေးမယ့် အဖော်တစ်ယောက်လောက် လိုချင်တာပါ။ ပြီးတော့ အဲ့အဖော်ကို မျက်စိအောက်က အပျောက်မခံအောင် ချစ်တတ်ကြပါတယ်။ ဘာလို့များပါလိမ့်။ ဖေဖေနဲ့ မေမေတို့ သူနဲ့ မဆော့လို့ပေါ့။ သူ့ကို အချိန်မပေးလို့ပေါ့။

    • စိုးရိမ်စိတ်

    ‘နင်ဒီလိုဆိုးနေရင် တစ်ယောက်တည်းထားခဲ့မှာနော်’ ဆိုတဲ့ စကားက ကလေးအတွက် သိပ်ကိုပြင်းထန်လွန်းပါတယ်။ နောက်ပြီး သူနဲ့ယှဉ်ရင် အငယ်လေးကို ဦးစားပေးလွန်းတာကလည်း သူ့ကို မချစ်တော့လို့များလား၊ သူ့ကို ထားခဲ့တော့မှာလားဆိုတဲ့ စိုးရိမ်စိတ်ကို ဖြစ်စေပါတယ်။

    • ရန်လိုစိတ်

    ငယ်ငယ်တည်းက မိဘတွေ ရန်ဖြစ်တာကို ခဏခဏတွေ့ရမယ်၊ မိဘတွေက ကလေးကို အသိမပေးဘဲ ကွာရှင်းကြ၊ မိတကွဲ ဖတကွဲနေရတဲ့ ကလေးတွေမှာ တွေ့ရတတ်ပါတယ်။ တကယ်ဆိုးတာ မဟုတ်ဘဲ အရွဲ့တိုက်စိတ်လေး တစ်မျိုးပါပဲ။ ထမင်းပန်းကန်တွေ မှောက်ချမယ်၊ မကြိုက်ဘူးလို့ပြောတာတွေကိုပဲ တမင်ရွေးလုပ်တတ်တဲ့ ဂျစ်ကန်ကန် အကျင့်လေးတွေပေါ့။

    ဒီလို စိတ်ဒဏ်ရာတွေနဲ့ ကလေးတွေဟာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ ဖြစ်တတ်ပါသလား။

    ရေရှည်မှာဆိုရင် သိပ်ကို ဖြစ်နိုင်တာပေါ့။ ကြီးထွားမှုမြန်တဲ့အချိန်မှာ ကလေးက စားမယ်၊ သောက်မယ်၊ ကစားမယ်၊ ခုန်ပေါက်မယ်၊ ပြေးမယ် ဒီလိုဖြစ်နေရမှာပါ။ စိတ်ဒဏ်ရာတွေနဲ့ ကလေးက

    • ထင်သလောက် မစားတော့ပါဘူး။ ခုနကပြောသလို တစ်မျိုး မဟုတ် တစ်မျိုး ပြောင်းကျွေးလည်း စိတ်မဝင်စားတော့ပါဘူး။ လူကြီးတွေလိုပဲ ခံတွင်းမတွေ့ဘူးလေ။
    • လေ့လာချက်တွေအရ ဒီလို စိတ်ညစ်တတ်တဲ့ ကလေးတွေရဲ့ အစာခြေတဲ့ စနစ်ကလည်း ပုံမှန်မဟုတ်တော့ပါဘူးတဲ့။ အစာကောင်းကောင်း မခြေနိုင်ရင် အာဟာရကိုလည်း ကောင်းကောင်းစုပ်ယူမှာ မဟုတ်လို့ ကလေးက ကောင်းကောင်းကြီးထွားမှာ မဟုတ်ပါဘူး။
    • နောက်ပြီး အိပ်စက်တာကိုလည်း အနှောင့်အယှက်ဖြစ်ပါတယ်တဲ့။ အိပ်ရေးဝမှ ကြီးထွားသင့်သလောက် ကြီးထွားမယ့် ကလေးတွေက အိပ်ရေးလည်း ပျက်ရော ပိန်ပိန်လေးပဲ ကျန်ခဲ့တော့တာပေါ့။
    • သွေးလည်ပတ်မှုကိုလည်း ထိခိုက်စေပါတယ်တဲ့။
    • နောက်ပြီး လူကြီးတွေလိုပဲ သူတို့စိတ်ညစ်လို့ ထွက်လာတဲ့ စိတ်ဖိစီးမှု ဟော်မုန်းတွေက ကလေးကြီးထွားဖို့ လိုအပ်တဲ့ ဟော်မုန်းတွေကို သွားပြီး နှောင့်ယှက်တတ်ပါတယ်။
    • မပျော်တဲ့ကလေးက သူများကလေးတွေကို ပြေးလွှားဆော့ကစားမှာ မဟုတ်ပါဘူး။ တစ်နေရာမှာပဲ ငြိမ်ငြိမ်လေးနေမယ်။ ငူငူငိုင်ငိုင်လေး ဖြစ်နေမယ်။ ဒီအရွယ် ပြေးလွှား လှုပ်ရှားမှ အရပ်ထွက်လာမယ့် ကလေးက ခုလို ထိုင်နေရင် ကြာလာရင် ညှပ်ပြီး ချိလာမှာပါ။
    • စိတ်ဖိစီးလွန်းတဲ့ ကလေးတွေက ဗိုက်အောင့်တာတို့၊ ခေါင်းကိုက်တာတို့ ပြောတတ်ပါတယ်။ မကြာခဏ နေမကောင်း ဖြစ်တတ်ပါတယ်။ တကယ်တော့ သူတို့မှာ ဘာရောဂါမှ မရှိပါဘူး။ စိတ်ဖိစီးလွန်းလို့ ရုပ်က ဒဏ်တွေ ခံနေရတာပါ။

    ဒါဆို မေမေ ဖေဖေတို့ ဘာလုပ်သင့်သလဲ။

    ကလေးစိတ်ညစ်ရတဲ့ အကြောင်းကို ရှာဖွေပြီး ဖြေရှင်းပေးပါ။ ပြီးတော့

    • ကလေးကို အချိန်ပေးပါ။ နှစ်ယောက်လုံး အပြင်ထွက်အလုပ်လုပ်ရတယ်ဆိုရင်တောင် တစ်ယောက် တစ်လှည့်ပေါ့။
    • အချိန်ပေးပြီး ဆော့ပါ။ အချိန်ပေးပြီး ထမင်းတူတူစားပါ။ သူနဲ့ အိမ်စာလေးတွေ တူတူလုပ်ပါ။
    • တီဗွီတွေ ဖုန်းတွေ ပေးမကြည့်ပဲနဲ့ မိဘတွေနဲ့အတူ ပျော်စရာကောင်းတာလေးတွေ လုပ်ပေးပါ။
    • မေမေ့ အလုပ်တွေ၊ ဖေဖေ့ အလုပ်တွေ တတ်နိုင်သမျှ ကူပါစေ။ သူက မိဘတွေအတွက် အရေးပါကြောင်း ခံစားမိပါစေ။
    • ကလေး အပြစ်လုပ်ထားရင် ဆူမယ့်အစား ပြေပြေလည်လည် ဖြေရှင်းပါ။
    • ကလေးအပေါ် ရိုက်နှက်တာ၊ ခြောက်လှန့်တာတွေ မလုပ်ပါနဲ့။
    • ကလေးရဲ့ စိတ်ခံစားချက်တွေကို နားလည်ပေးပါ။ စိတ်ခံစားချက်ကို ဖော်ပြတတ်ဖို့ အခွင့်အရေးပေးပါ။

    ဒါကြောင့် မေမေ ဖေဖေတို့ ကလေးက ညှက်လိုက်တာ၊ ပိန်လိုက်တာဆိုရင် ထမင်းတွေပဲ အတင်းမကျွေးဘဲ ကိုယ့်ကလေးရဲ့ စိတ်အခြေအနေကို အရင်သုံးသပ်ကြည့်ပါ။ စိတ်ဖိစီးမှုတွေကြောင့် ကလေးရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြီးထွားမှုတွေမှာ အနှောင့်အယှက်ဖြစ်တတ်တယ်ဆိုတာကို မမေ့လိုက်ပါနဲ့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 12/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement