backup og meta

ဘာတွေကြောင့်များ ကလေးကို ဉာဏ်ပိုဖွံ့ဖြိုး၊ ပိုထွားစေတာလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘာတွေကြောင့်များ ကလေးကို ဉာဏ်ပိုဖွံ့ဖြိုး၊ ပိုထွားစေတာလဲ

    ကလေးကထွားလိုက်တာ လို့အပြောခံချင်တာက ကိုယ်ဝန်စရှိကတည်းကပါ။ လကရင့်လာပြီ ဗိုက်ကမထွက်သေးဘူး၊ ကလေးကညှက်မှာလား မသိဘူးဆိုတဲ့ သုံးသပ်မှုတွေကို မေမေလောင်းတွေမကြားချင်ပါဘူး။မွေးပြီဆိုလည်း ဘယ်နှပေါင်လဲ လို့မေးကြတာထုံးစံ။ ကလေးကထွားတယ်၊ ဘယ်နပေါင်တောင်ရှိတာ လို့ ဒီဘက်ကလည်းပြန်ကြွားချင်တာပေါ့။ ဒီလိုကလေးအတွက်ပျော်ရွှင်မော်ကြွားရဖို့ကို ကိုယ်ဝန်ဆောင်စဉ်တည်းက ဂရုတစိုက်နေထိုင်ခဲ့ရပေမယ့် တကယ့်အရေးကြီးတဲ့အချိန်က အခုမှစမှာပါ။

    မွေးပြီးနောက်ပိုင်း ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှန်သမျှကလည်းမေမေတို့လက်ထဲမှာပါပဲ။ ဒါ့ကြောင့် ကလေးရဲ့ဖွံ့ဖြိုးမှု၊ ကြီးထွားမှုတွေကို ဘယ်အချက်တွေက သက်ရောက်မှုရှိနေသလဲဆို သိထားသင့်တယ်လေ။ သိထားမှလည်း အချိန်မီ ပိုဂရုစိုက်သင့်တာစိုက်၊ အတိုးအလျှော့လုပ်နိုင်တော့မှာပေါ့။

    ကလေးရဲ့ကြီးထွားဖွံ့ဖြိုးမှုမှာ လွှမ်းမိုးသက်ရောက်နေတဲ့အချက် (၆) ချက်

    (၁) မျိုးဗီဇ

    ကလေးတွေက မိဘဆီက မျိုးဗီဇတွေကို လက်ဆင့်ကမ်း ဆက်ခံကြတာသဘာဝပါ။ အရပ်အမောင်း၊ ကိုယ်အလေးချိန်၊ ခန္ဓါကိုယ်တည်ဆောက်ပုံ၊ မျက်လုံးအရောင်၊ ဆံပင်အရောင်၊ ဉာဏ်ရည်ဉာဏ်သွေး၊ပင်ကိုစွမ်းရည် စတဲ့ အပိုင်းတွေအားလုံးကို လွှမ်းမိုးနိုင်တဲ့အချက်တွေဖြစ်ပါတယ်။ ဒါတွေအပြင် နှလုံး၊ ဆီးချို၊အဝလွန် စတဲ့ရောဂါတွေကိုလည်း မျိုးဗီဇကနေ ဆက်ခံရရှိတတ်ပြီး ဒီအချက်ကြောင့် ကလေးရဲ့ဖွံ့ဖြိုးမှုကိုဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။

    (၂) ပတ်ဝန်းကျင်

    ကလေးရဲ့ဖွံ့ဖြိုးမှုမှာ ရုပ်ပိုင်းဆိုင်ရာရော၊ စိတ်ပိုင်းဆိုင်ရာကိုပါ သက်ရောက်မှုရှိစေတဲ့ ပတ်ဝန်းကျင်က တကယ်ကိုအရေးပါနေပါတယ်။ ကလေးရဲ့ငယ်ဘဝဖွံ့ဖြိုးမှုကိုသက်ရောက်နိုင်တဲ့ ပတ်ဝန်းကျင်ဆိုင်ရာအချက်တွေဆိုတာနေထိုင်မှုဝန်းကျင်အနေထား၊ လူမှုရေးဝန်းကျင်၊ မိသားစု၊သူငယ်ချင်းတွေနဲ့ဆက်ဆံရေး စတာတွေပါဝင်နေပါတယ်။ ပတ်ဝန်းကျင်ကောင်းမှာ ကြီးပြင်းလာတဲ့ကလေးတစ်ယောက်က ဆင်းရဲနွမ်းပါးမှု ဒါမှမဟုတ် အိမ်ထောင်ရေးပြိုကွဲတဲ့မိသားစု လိုမျိုး ဖိစီးမှုများတဲ့ပတ်ဝန်းကျင်တွေမှာမွေးဖွားရတဲ့ကလေးတွေနဲ့ယှဉ်ရင် လူမှုဆက်ဆံရေးနဲ့ ကိုယ်ရည်ကိုယ်သွေးအရည်အချင်းတွေမှာ ထူးချွန်ပြီး ပညာရေးထက်မြက်ကြတာတွေ့ရပါတယ်။ အရွယ်ရောက်လာတဲ့အခါ သိတတ်နားလည်မှုနဲ့ ရင့်ကျက်မှုလည်း ပိုရှိတာကိုလေ့လာမှုတွေအရ သိရပါတယ်။

    (၃) လိင်ကွဲပြားမှု

    ယောကျာ်းလေး၊မိန်းကလေးကွဲပြားမှုက ကလေးရဲ့အရပ်မြင့်လာတဲ့နှုန်းနဲ့ကြီးထွားမှုမှာ သက်ရောက်မှုရှိနိုင်ပါလိမ့်မယ်။ မိန်းကလေးတွေက ယောက်ျားတွေလောက်အရပ်မြင့်မလာတာ များပါတယ်။ ဒါပေမယ့် အမြဲတမ်းလည်း ဒီလိုမဖြစ်နိုင်သလို မိန်းကလေးတွေက အစ်ကိုတွေ မောင်တွေထက် အရပ်ပိုရှည်၊ ကြီးထွားမှုနှုန်းမြန်လာတာမျိုး လည်း ရှိတတ်ပါတယ်။ ပုံမှန်အားဖြင့် ကလေးရဲ့အရပ်ဘယ်လောက်ရှည်မလဲ ၊ ခန္ဓါကိုယ်ဘယ်လောက်ထွားလာမလဲ မှန်းတွက်ချင်တဲ့အခါ အမေနဲ့အဖေကို ကြည့်ကြပါတယ်။ သမီးမိန်းကလေးက အမေရဲ့အရပ်ကိုကျော်သွားပြီဆိုရင် သူ့ရဲ့အဖေက သိသိသာသာ အရပ်ပိုရှည်မယ်ဆိုတာ သိနိုင်ပါတယ်။ အလားတူပဲ သားယောက်ျားလေးတစ်ယောက်က အဖေ့ထက် အရပ်နိမ့်နေတယ်ဆိုရင် မျိုးဗီဇအကြောင်းရင်းကြောင့်ဖြစ်နိုင်ပါတယ်။ တခါတလေ အရပ်အနိမ့်အမြင့်က အဘိုးအဘွားတွေဘက်ကို လိုက်တတ်တာကြောင့် အမေ့ဘက်၊ အဖေ့ဘက်က အဘိုးအဘွားတွေကိုလည်း ကြည့်ပြီး ကလေးရဲ့အရပ်ကို မှန်းနိုင်ပါတယ်။ အများအားဖြင့်တော့ မိန်းကလေးနဲ့ ယောက်ျားလေးတွေရဲ့ ခန္ဓါကိုယ်ဖွံ့ဖြိုးမှုနှုန်းချင်း ကွာခြားကြပါတယ်။

    (၄) လှုပ်ရှားနေထိုင်မှုနဲ့ကျန်းမာရေး

    လှုပ်ရှားမှုဆိုတာက ကိုယ်လက်လှုပ်ရှားမှုလုပ်ဖို့ကို စည်းကမ်းတစ်ခုလိုသတ်မှတ်ဖို့ ဒါမှမဟုတ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းတွေ ဂရုတစိုက်လုပ်မှ ကလေးတွေပိုထွားမယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။ ခန္ဓါကိုယ်မှာကြွက်သားတွေကြံ့ခိုင်ဖို့နဲ့အရိုးသန်မာစေဖို့ ကလေးကို ပုံမှန်လှုပ်ရှားကစားချိန်ပေးပြီး အားကစားပေးလုပ်ရုံနဲ့လုံလောက်ပါတယ်။ငြိမ်ပြီး တီဗီပဲကြည့်နေတတ်တဲ့ကလေးထက်ပြေးလွှား ကစားနေတဲ့ကလေးက ကျန်းမာကြံ့ခိုင်ပြီး ကိုယ်ခံအားစနစ်ပိုကောင်းပါတယ်။ ခန္ဓါကိုယ်တည်ဆောက်ပုံ ပိုထွား၊ပိုကျစ်လျစ်စေပါတယ်။

    (၅)ဟော်မုန်း

    ဟော်မုန်းတွေက ခန္ဓါကိုယ်ရဲ့လုပ်ဆောင်ချက်အမျိုးမျိုးကို လွှမ်းမိုးသက်ရောက်မှု ရှိပါတယ်။ဟော်မုန်းတွေရဲ့အချိန်မှန်လုပ်ဆောင်ချက် တွေက ကလေးတွေရဲ့ကိုယ်ခန္ဓါကြီးထွားမှုနဲ့ဖွံ့ဖြိုးမှုတွေအတွက် အရေးကြီးပါတယ်။ ဟော်မုန်းထုတ်ပေးတဲ့ဂလင်းတွေရဲ့ လုပ်ဆောင်ချက်မညီမျှခဲ့ရင် ကလေးတွေမှာ မွေးရာပါချို့ယွင်းချက်ပါလာခြင်း၊ အဝလွန်ခြင်း၊ အပြုအမူပိုင်းပြဿနာများနဲ့ တခြားရောဂါများဖြစ်လာနိုင်ပါတယ်။ လူပျိုဖော် အပျိုဖော်ဝင်ချိန်မှာလည်း ခန္ဓါကိုယ်မှာဖြစ်သင့်တဲ့ဖွံ့ဖြိုးပြောင်းလဲမှုတွေ အတွက်ဟော်မုန်းတွေက အခရာကျနေပါတယ်။

    (၆) အာဟာရ

    ခန္ဓါကိုယ်မှာတည်ဆောက်ဖို့လိုအပ်တဲ့အရာမှန်သမျှကို အစားအသောက်တွေကနေ ရရှိတာဖြစ်တဲ့အတွက် ဒီအချက်ကိုမေ့မထားသင့် ပါဘူး။ ကလေးတွေမှာ အာဟာရဓါတ်တွေမပြည့်ဝဘူးဆိုရင် ကြီးထွားဖွံ့ဖြိုးမှုကို ဆိုးကျိုးသက်ရောက်စေတဲ့ အာဟာရချို့တဲ့မှု ရောဂါတွေဖြစ်လာနိုင်ပါတယ်။ အာဟာရတွေကို ညီမျှအောင်မစားဘဲ လွန်ကဲသွားပြန်ရင်လည်း ကလေးတွေကို အဝလွန်ခြင်းနဲ့ ဆီးချိုရောဂါ၊ နှလုံးရောဂါတွေအထိဖြစ်လာစေနိုင်ပါသေးတယ်။ ဒါ့ကြောင့် ကလေးတွေအတွက် ဗီတာမင်သတ္တုဓါတ်ပရိုတင်းတို့လို ကလေးရဲ့ကိုယ်ခန္ဓါနဲ့ ဦးနှောက်ဖွံ့ဖြိုးမှုအတွက် မရှိမဖြစ်လိုအပ်တဲ့အာဟာရဓါတ်တွေကို ရရှိဖို့လိုအပ်ပါတယ်။

    ဒါတွေသိထားပြီဆိုရင် ကလေးကိုပျိုးထောင်စောင့်ရှောက်ရာမှာမေမေတို့ဉာဏ်ရှိသလို အသုံးချလို့ရပါပြီနော်။ ကျန်းမာသွက်လက်တဲ့ အနာဂတ်ကြယ်ပွင့်လေးတွေဖြစ်လာဖို့ ကြိုးစားမွေးမြူကြရအောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Aye Thi Mon


    Aye Thi Mon မှ ရေးသားသည်။ · 20/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement