backup og meta

ကလေးကို ရိုက်ပြီး မဆုံးမသင့်ဘူးလို့ ပြောရတဲ့ အကြောင်းရင်း (၇) ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးကို ရိုက်ပြီး မဆုံးမသင့်ဘူးလို့ ပြောရတဲ့ အကြောင်းရင်း (၇) ချက်

    ကျွန်တော်တို့နိုင်ငံမှာတော့ ကလေးကို ရိုက်ပြီးဆုံးမတာက မျိုးရိုးစဉ်ဆက် ထိန်းသိမ်းလာကြတဲ့ ရိုးရာအမွေအနှစ် တစ်ခုလိုပါပဲ။ ရိုက်နှက်ဆုံးမခြင်းက ကလေးအတွက် ဘာအကျိုးမှမရှိဘူးလို့ ပြောပြန်ရင်လည်း ကျွန်တော်တို့၊ ကျွန်မတို့တုန်းက ဒီလိုပဲ ရိုက်နှက်ပြီး ကြီးပြင်းလာကြတာပဲလေ၊ ကျွန်မတို့ကလေးတွေလည်း အကုန် အကောင်းအတိုင်းပဲလေဆိုပြီး ပြန်ပြောတတ်ကြပါတယ်။ ဒီဆောင်းပါးမှာ ကောင်းစေချင်လို့ ရိုက်နှက်ဆုံးမလိုက်တဲ့ မိဘတွေရဲ့ အမှားတွေနဲ့ နောက်ဆက်တွဲ ကလေးမှာ တစ်ဘဝလုံးစာ ကျန်ခဲ့နိုင်တဲ့ စိတ်ဒဏ်ရာတွေအကြောင်းကို ပြောပြပေးချင်ပါတယ်။

    ၁။ ဘယ်အရာမဆို လက်ပါရင် ပြီးတယ်ဆိုတဲ့ အတွေးများဝင်လာခြင်း

    ကိုယ်က စံနမူနာလို့ သတ်မှတ်ထားတဲ့ မိဘက ကိုယ်အမှားတစ်ခုလုပ်တာနဲ့ လက်ပါပြီး ရိုက်နှက်ဆုံးမတယ်၊ အဲ့နောက်ဆက်တွဲအနေနဲ့ ကလေးရဲ့ ဦးနှောက်ထဲမှာ ဘယ်သူမဆို မှားရင် ရိုက်နှက်ဆုံးမမှ နားလည်နိုင်တယ်ဆိုတဲ့ အသိက ဝင်သွားတော့တာပါပဲ။ မှားသည်၊ မှန်သည်ဆိုတာလည်း နားမလည်တော့ဘဲ ဒါကိုပဲ သူတို့ရဲ့ စိတ်ထဲမှာ ဒဏ်ရာဒဏ်ချက်အဖြစ်နဲ့ တစ်ဘဝလုံး စွဲကျန်ခဲ့တော့တာပါ။

    ၂။ ကလေးရဲ့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားစိတ်ကို ကျစေခြင်း

    ကိုယ်ချစ်တဲ့မိဘတောင်မှ ကိုယ့်ကို မညှာမတာ ရက်ရက်စက်စက် ရိုက်နှက်တာကို ဘယ်ကလေးကရော စိတ်ဒဏ်ရာမဖြစ်ဘဲ ကြည်ကြည်ဖြူဖြူနဲ့ ပြုံးပြနေမလဲ။ ကိုယ်တိုင် ကလေးဘဝက အရိုက်ခံခဲ့တုန်းကရော နည်းနည်းမှ ဝမ်းမနည်းခဲ့ဘူးလား ပြန်တွေးကြည့်ပါ။ နှလုံးသားနုနယ်တဲ့ ကလေးတွေမှာ လူကြီးတွေထက် ပိုပြီး စိတ်ထိခိုက်ဖို့၊ စိတ်ဒဏ်ရာရနိုင်ဖို့ အရမ်းလွယ်ပါတယ်။ ဒီစိတ်ဒဏ်ရာကြောင့်ပဲ ကလေးရဲ့ စိတ်ထဲမှာ ငါ့မိဘ ငါ့ကို မချစ်လို့ ရိုက်တာဆိုတဲ့ အတွေးက အမြဲတမ်းစိုးမိုးနေပြီး ဒီစိတ်နဲ့ပဲ မပျော်မရွှင်ကြီးပြင်းလာရမှာပါ။

    ၃။ ပတ်ဝန်းကျင်ရဲ့ အထင်အမြင်သေးခြင်းကို ခံရခြင်း

    ဟယ် ဟိုကလေးကို သူ့အမေအဖေက ရိုက်နေပြန်ပြီ ကြည့်ပါဦး၊ ဘာအမှားလုပ်လဲမှ မသိတာဆိုပြီး ရပ်ကွက်အိမ်နီးချင်းတွေ ပြောတဲ့ စကားသံဟာ မိဘတွေအတွက်တော့ ဂရုစိုက်ဖြစ်ချင်မှ စိုက်ဖြစ်မယ်ဆိုပေမဲ့ ကလေးအတွက်တော့ ဒါဟာ အရှက်ရစရာ ကိစ္စပါပဲ။

    ၄။ ရိုက်နှက်ခြင်းမှ ရုပ်ပိုင်းဆိုင်ရာ ညှင်းပန်းနှိပ်စက်မှုအဖြစ် အဆင့်တက်လာခြင်း

    လူဆိုတာက အကျင့်တစ်ခုရသွားပြီဆိုရင် အဲ့ထက် ပိုဆိုးတဲ့အမူအကျင့်တွေ အမြဲလုပ်တတ်ပါတယ်။ ကလေးက အမှားတစ်ခုခုလုပ်မိလို့ လက်နဲ့ ရိုက်လိုက်တယ်။ ရိုက်တော့လည်း ကလေးက ဘာမှမထူးသွားတဲ့အပြင် ပိုပြီးတော့ အမှားတွေလုပ်လာတယ်။ အဲ့လိုနဲ့ ရိုက်တဲ့အကြိမ်ရေ တိုးလာတယ်။ ဘယ်လောက်ရိုက်ရိုက် မထူးဆန်းတဲ့ အခြေအနေတစ်ခုမှာ လက်နဲ့တင်မဟုတ်တော့ဘဲ အရာဝတ္ထုတွေနဲ့ ရိုက်နှက်တာ၊ ချောင်ပိတ်ပြီး နှိပ်စက်တာ၊ အစာမကျွေးဘဲ အငတ်ထားတာ၊ နာရီတွေနဲ့ချီအောင် အပြစ်ပေးတဲ့အဆင့်ထိ ရောက်လာနိုင်ပါတယ်။

    ၅။ ရိုက်မှ နားလည်မယ်ဆိုတဲ့ ရှေးရိုးစွဲဂျင်းအယူအဆ

    လက်နဲ့ ရိုက်လိုက်ရင် ကလေးက လိမ္မာသွားမယ်၊ မိဘစကားပိုနားထောင်မယ်၊ အမှားမလုပ်တော့ဘူးဆိုတာ လုံးဝဂျင်းသက်သက်ပါပဲ။ ကိုယ်ထင်ထားတာထက်ကို လုံးဝဆန့်ကျင်ပြီးတော့ ကလေးက ဒီ့ထက် ပိုဆိုးသွားဖို့ပဲ ရှိမှာပါ။

    ၆။ ကလေးတွေမှာ ဒေါသကြီးလာမယ်။

    မိဘတွေတောင် ဒေါသထွက်ပြီး ရိုက်သေးတာပဲ၊ အရိုက်ခံရတဲ့ ကလေးကရော ဒေါသမထွက်ဘူးလို့ ထင်ရင်တော့ လုံးဝမှားသွားမှာပါ။ ကလေးတွေမှာလည်း ဒေါသထွက်တတ်ပါတယ်။ ဒီဒေါသကို မျိုသိပ်လိုက်တာဖြစ်စေ၊ တခြားကလေးတွေကို အနိုင်ကျင့်ပြီး ဒေါသဖြေလိုက်တာမျိုးပိုလုပ်တတ်ပြီး ကြီးလာရင်လည်း တစ်ခုခုဆို လက်ပါတာ၊ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ အပြုအမူတွေ ကျူးလွန်းတတ်ပါတယ်။

    ၇။ စိတ်ဒဏ်ရာအဖြစ် တစ်ဘဝလုံး ကျန်ရစ်နေခဲ့မယ်။

    အသက်ကြီးလာလို့ ကိုယ့်ရဲ့ကလေးဘဝကို အမှတ်တမဲ့ ပြန်တွေးကြည့်လိုက်ရင် ပျော်စရာအချိန်တွေထက် ဒီလို ရိုက်နှက် နှိပ်စက်ခံရတဲ့ အချိန်ကာလတွေ၊ အဲ့ဒီအချိန်မှာ ဝမ်းနည်းငိုကြွေးခဲ့ရတာတွေကိုပဲ ပြန်တွေးမိပြီး ဒါတွေက အရိပ်မည်းတစ်ခုလို ကိုယ့်ဘဝနောက်နေ အမြဲကပ်ပါနေမှာပါ။

    ဒီဆောင်းပါးကို ဖတ်ကြည့်ပြီးတော့ မိဘတွေလည်း ကိုယ်လုပ်နေတဲ့အမှားတွေနဲ့ပတ်သက်ပြီး ကလေးတွေမှာ ဘယ်လိုစိတ်ဒဏ်ရာတွေ ကျန်ခဲ့နိုင်လဲဆိုတာ သိနိုင်မယ်လို့ မျှော်လင့်မိပါတယ်။ မိဘရယ်လို့ ဖြစ်လာပြီဆိုရင် စိတ်ဖိစီးမှုတွေ၊ ဘဝအခက်အခဲတွေကတော့ အမြဲတမ်းကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုစိတ်ဖိစီးမှုတွေကို သားသမီးတွေဆီ မပုံချလိုက်ဖို့နဲ့ ကလေးတွေ အမှားလုပ်မိတဲ့အခါ Postive Encouragement အပြုသဘောဆောင်ခြင်းဖြစ်တဲ့ ချိုသာစွာပြောဖို့၊ အမှားကို နားလည်ပြီး တာဝန်ယူတတ်ဖို့၊ ကိုယ်တိုင်ပြင်ဆင်တတ်ဖို့ လေ့ကျင့်ပေးဖို့ ထပ်မံမှာကြားရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။

    Hello Health Groupသည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement