backup og meta

ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 19 နာရီ အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ်

    ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ် …… ပြိုင်ဆိုင်မှုတွေများလာတဲ့ ခေတ်ကာလ အခြေအနေအရ မိဘတိုင်းဟာ သူတို့ရဲ့ ကလေး ဉာဏ်ရည် ထက်မြက်မှု မရှိမှာ၊ ကောင်းမွန်စွာ ကြီးထွားဖွံ့ဖြိုး မလာမှာ၊ မကျန်းမာမှာကို စိုးရိမ်တတ်ကြပါတယ်။ ကလေးတွေကောင်းမွန်စွာကြီးပြင်းလာဖို့အတွက် မိဘတွေရဲ့ ဂရုစိုက်မှုတွေ အများကြီးလိုအပ်ပါတယ်။  အခုတစ်ခေါက်တော့ မေမေတိုင်းအတွက် လက်တွေ့အသုံးတည့်စေမယ့် ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်နည်းတွေကို ပြောပြပေးသွားပါမယ်။

    မိဘကစတင်ပါ

    ကိုယ့်ရဲ့ ကလေးကို ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်အဖြစ် ပျိုးထောင်တော့မယ်ဆိုရင် အရင်ဆုံး ကိုယ့်ကိုယ်ကိုယ် ပြုပြင်ရပါမယ်။ ဒါကတော့

  • ကလေးကို ဆူပူနေတာမျိုး မလုပ်ပါနဲ့။
  • ကလေးကို ရွယ်တူအခြားကလေးတွေနဲ့ နှိုင်းယှဉ်တတ်တဲ့ အကျင့်ကို လုံးဝဖျောက်ပါ။ (ကလေးကို အခြားကလေးနဲ့ နှိုင်းပြီး ဆူတာမျိုးပါ)
  • စိတ်ရှည်ရှည်ထားဖို့ မမေ့ပါနဲ့။ (စိတ်ရှည်တဲ့ မိဘအသိုင်းအဝိုင်းကြားမှာ ကြီးပြင်းတဲ့ ကလေးတွေက ဉာဏ်ရည်ပို ထက်မြက်ကြလို့ပါ)
  • ကလေးရဲ့ စူးစမ်းလိုစိတ်ကို မကန့်သတ်ပါနဲ့။ (စူးစမ်းလိုစိတ်က ဦးနှောက်ဖွံ့ဖြိုးဖို့ အကောင်းဆုံး ထောက်ပံ့ပေးနိုင်ပါတယ်)
  • ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ပျိုးထောင်ကြမယ်

    ကလေးကို ကျန်းမာထက်မြက်စွာနဲ့ ကြီးပြင်းလာစေချင်တဲ့ မေမေတိုင်းရဲ့ ဆန္ဒပြည့်ဝစေဖို့ဆိုရင် ကလေးကို ငယ်စဉ်အချိန်ကစလို့ အသက် ၅ နှစ်တာ ကာလအတွင်းမှာ ဒီအချက်လေးတွေကို လက်တွေ့လုပ်ဆောင်ပြီး ပျိုးထောင်လိုက်ပါ။

    ကျန်းမာထက်မြက်တဲ့ ကလေးတစ်ယောက်ဖြစ်အောင် ဆိုရင် –

     () အချိန်ပေးလို့ စကားပြောပါ

    ကလေးတစ်ယောက် ဆက်ဆံရေး ကောင်းဖို့ ဉာဏ်ရည်ထက်မြက်ဖို့ဆိုရင် ဘာသာစကားစွမ်းရည် ကောင်းဖို့က မဖြစ်မနေ လိုအပ်ပါတယ်။ ကလေးကို ငယ်စဉ်ကတည်းက သူပြောချင်တာလေးတွေကို နားထောင်ပေးတာမျိုး လုပ်ပေးပါ။ ကလေးကို ဘာတွေလုပ်တယ်၊ ဘာတွေစားတယ်၊ ဘယ်လိုတွေဆော့တယ်၊ ဘယ်သူတွေနဲ့တွေ့တယ်ဆိုတာမျိုးလေးတွေကို အပြန်အလှန် မေးမြန်းပြောဆိုတာတွေ လုပ်ပေးပါ။

    ဒီလိုလုပ်ပေးတာက ကလေးကို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတိုးစေနိုင်သလို ဆက်ဆံပြောဆိုနိုင်မှု စွမ်းရည် တိုးတက်စေမှာပါ။

     () ပြဿနာတွေ ဖြေရှင်းတတ်အောင် သင်ကြားပေးပါ

    ကလေးကို သူကိုယ်တိုင် ဖြေရှင်းနိုင်လောက်မယ့် ကိစ္စလေးတွေဆိုရင် ဘေးကနေ ပံ့ပိုးပေးတာလောက်ပဲ လုပ်လို့ ကိုယ်တိုင်ဖြေရှင်းခွင့် ပေးပါ။ ကလေးတစ်ယောက်အနေနဲ့ ပြဿနာ အကုန်လုံးကို ဖြေရှင်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်ပေမယ့် လုံးဝ မိဘအပေါ်လုံးဝ မှီခိုနေတာမျိုး မဖြစ်စေဖို့ သတိပြုပါ။

    ဥပမာ အတုံးလေးတွ ဆက်တာမျိုး၊ တွက်ချက်အဖြေထုတ်ရတဲ့ ပဟေဠိမျိုးပေါ့။ ဒီလိုလုပ်ဆောင်ပေးတာက ကလေးရဲ့ ဦးနှောက်ကို လှုံ့ဆော်ပေးရာရောက်သလို ကလေးရဲ့ ပြဿနာ ဖြေရှင်းနိုင်စွမ်းကို မြှင့်တင်ပေးရာလည်း ရောက်ပါတယ်။ ပြဿနာကို အကောင်းဆုံး အ​ဖြေထုတ်လိုက်နိုင်တိုင်း ကလေးက ယုံကြည်မှုလည်းတိုးလာနိုင်ပါတယ်။

     () ကလေးကို စကားလုံးတွေ၊ ဂဏန်းတွေ စောစောသင်ပေးထားပါ

    ကလေးကို စကားလုံးတွေ၊ ဂဏန်းတွေ သင်ပေးဖို့ ကျောင်းနေအရွယ်အထိ စောင့်မနေပါနဲ့။ စကားစပြောနိုင်ပြီ၊ မှတ်ဉာဏ်ကို စတင်တည်ဆောက်ပြီဆိုတဲ့ အချိန်ကတည်းက ဂဏန်းတွေ (၁၊ ၂၊ ၃၊ ၄၊ ၅ စသဖြင့်ပေါ့) သင်ပေးပါ။ ဂဏန်းတွေကို ဒီအတိုင်းမသင်ချင်ရင် မုန့်လေးတွေ၊ အရုပ်လေးတွေနဲ့ တစ်ခု၊ နှစ်ခု၊ သုံးခု ဆိုပြီး သင်လို့ရပါသေးတယ်။

    နောက်သင်လို့ရတာတစ်ခုက တိရစ္ဆာန်လေးတွေ၊ အရာဝတ္ထုလေးတွေရဲ့ နာမည်ပါ။ ဥပမာ c-o-w (cow) နွား ဆိုတာမျိုး၊ e-l-e-p-h-a-n-t (elephant) ဆင်ကြီးဆိုတာမျိုးကို ကစားစရာအရုပ်လေးတွေ ကိုင်ရင်းဖြစ်ဖြစ် ရုပ်ပုံကားချပ်ကို ပြရင်းဖြစ်ဖြစ် သင်ပေးပါ။ ကလေးက စာလုံးပေါင်းတွေကို မမှတ်နိုင်သေးရင်တောင် အသံထွက်နဲ့ အရာဝတ္ထုတွေ၊ တိရစ္ဆာန်လေးတွေကို တွဲမှတ်မိနေမှာပါ။

     () သီချင်း ပေးနားထောင်ပါ

    လေ့လာမှုတွေအရ ကလေးတွေကို သီချင်း နားထောင်စေတာက မှတ်ဉာဏ်ကောင်းစေသလို၊ အာရုံစူးစိုက်နိုင်စွမ်း၊ သင်ယူနိုင်စွမ်းကောင်းစေပြီး စိတ်အားထက်သန်စေတယ်လို့ သိရပါတယ်။ သီချင်းနားထောင်တာက ကလေးရဲ့ ဦးနှောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုကို ထိခိုက်စေတဲ့ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။

     () အာဟာရပြည့်ဝအောင် ကျွေးပါ

    ကလေးတစ်ယောက် ကျန်းမာပျော်ရွှင်နေဖို့က လုံလောက်တဲ့ အာဟာရကို ရရှိဖို့လည်း လိုပါမယ်။ ဒါကြောင့် ကလေးနေ့စဉ် စားသုံးတဲ့ အစားအစာတွေထဲမှာ ကလေးရဲ့ ဉာဏ်ရည်၊ ကိုယ်ခံအား နဲ့ ခန္ဓာကိုယ် ကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူပြုပေးမယ့် အာဟာရဓာတ်တွဖြစ်တဲ့ ပရိုတင်း၊  အကျိုးပြု ဘက်တီးရီးယားအာဟာရ (Prebiotics)၊ ဇင့်ဓာတ်၊ ဗီတာမင် A ၊ ဗီတာမင် E၊ အမျှင်ဓာတ်၊ သံဓာတ်၊ lutein၊ nucleotide နဲ့ DHA (Omega-3 fatty acids) တို့ လုံလောက်ပြည့်ဝစွာ ပါဝင်စေဖို့လိုပါမယ်။

    ဒါကြောင့် ကလေးကို နေ့စဉ် ထမင်း၊ ကြက်သား၊ အဆီမပါတဲ့ အနီရောင်အသား၊ ပန်းဂေါ်ဖီစိမ်း၊ ဆယ်လ်မွန်ငါး၊ ပဲနီလေး၊ ဥအမျိုးမျိုး၊ အစိမ်းရောင် ဟင်းသီးဟင်း ရွက်တွေ၊ သစ်သီးတွေ၊ အခွံမာသီး နဲ့ အစေ့အဆန်လိုမျိုး စားစရာတွေ ပြင်ဆင်ကျွေးမွေးသင့်ပါတယ်။ ဒါ့အပြင် အာဟာရဖြည့်စွက်ထားတဲ့ နို့မှုန့်တွေမှာလည်း ကလေးရဲ့ကြီးထွားမှုကို အထောက်အကူပြုနိုင်တဲ့ အာဟာရဓာတ်တွေ ပြည့်စုံစွာပါတဲ့အတွက် နေ့စဉ် ကလေးရဲ့ စားသောက်မှုပုံစံထဲမှာ ပါဝင်ဖို့ သင့်လျော်ပါတယ်။

     () စာအုပ် အတူတူဖတ်ပါ

    စာဖတ်တာက စဉ်းစားဉာဏ်ကို ရင့်သန်စေပါတယ်။ သင်ယူလေ့လာနေဆဲ ကလေးတစ်ယောက်အတွက် အတွေးသစ်၊ စိတ်ကူးသစ်တွေကို ပေးစွမ်းနိုင်မယ့် အရာတစ်ခုပါ။ ကလေးက စာမဖတ်နိုင်သေးရင်တောင် မေမေက ဘေးကထိုင်လို့ ဖတ်ပြပါ။ ကလေး စိတ်ဝင်စားလောက်မယ့် အရောင်တောက်တောက် အရုပ်လှလှလေးတွေ ပါတဲ့ ပုံပြင်စာအုပ်၊ ကလေးပညာပေး ရုပ်ပြစာအုပ်တွေက ကလေးကို ဉာဏ်ရည်ထက်မြက်စေဖို့ အကောင်းဆုံး ထောက်ပံ့ပေးမှာပါ။

    ငယ်စဉ်ကတည်းက စာဖတ်ဝါသနာပါအောင် ပျိုးထောင်ပေးတာက ဉာဏ်ရည်ထက်မြက်စွာနဲ့ အရွယ်ရောက် ကြီးပြင်းလာစေဖို့ မျိုးစေ့ချလိုက်တာပါ။ ကလေးကို တစ်နေ့ကို ၁၅ မိနစ်ကနေ နာရီဝက်လောက်အထိ စာဖတ်ပြတဲ့ အလေ့အထလေး ပျိုးထောင်ပါ။

     () အခြားကလေးတွေနဲ့ အတူဆော့ကစားစေပါ

    ပြေးလွှားဆော့ကစားတာက ကလေးကို ကျန်းမာသန်စွမ်းစေပါတယ်။ ဒီလိုဆော့ကစားတာက ဦးနှောက်ဆဲလ်တွေဖြစ်ပေါ်မှုကို ထောက်ပံ့ပေးသလို ဦးနှောက်တွင်း သွေးစီးဆင်းရောက်ရှိမှု ကောင်းစေတာကြောင့်  စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေဖို့ အထောက်အပံ့ပေးနိုင်ပါတယ်။

    ကလေးကို ရွယ်တူကလေးတွေနဲ့ တက်တက်ကြွကြွ ပေးကစားခြင်းက တာဝန်သိစိတ် တိုးစေပြီး အဖွဲ့လိုက် လှုပ်ရှားမှုစွမ်းရည် ကောင်းစေသလို အချိန် စီမံခန့်ခွဲနိုင်မှုလည်း ကောင်းစေမှာပါ။

    မေမေတို့ရဲ့ ချစ်ခြင်းမေတ္တာ ဂရုစိုက်မှုတို့ကို ဒီအချက်လေးတွေနဲ့ ပေါင်းစည်းလိုက်မယ်ဆိုရင် သားသားမီးမီးတို့က ဉာဏ်ရည်ထက်မြက်ပြီး ကျန်းမာတဲ့ ကလေးတွေအဖြစ် ကြီးပြင်းလာမှာ အသေအချာပါ။ အရိပ်တကြည့်ကြည့် ပျိုးထောင်လာရတဲ့ သားသားမီးမီးတို့ကို ကျန်းမာထက်မြက်စွာ ကြီးပြင်းလာအောင် ပျိုးထောင်နိုင်တဲ့ လက်တစ်စုံ ဖြစ်ပါစေ မေမေတို့ရေ……………….

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Aye Thi Mon မှ ရေးသားသည်။ · 19 နာရီ အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement