backup og meta

မိဘများ သိထားသင့်တဲ့ ကလေးနို့မှုန့် အာဟာရအကြောင်း

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မိဘများ သိထားသင့်တဲ့ ကလေးနို့မှုန့် အာဟာရအကြောင်း

    သားသမီးတွေအတွက်ဆိုရင် အမြဲတမ်း အကောင်းဆုံးဆိုတဲ့ အရာတွေကိုမှ ပေးစွမ်းချင်တယ်ဆိုတာ မိဘတွေရဲ့ စေတနာပါ။ ကိုယ်ဝန်ဆောင်ချိန်ကာစလို့ ကလေးမွေးပြီး ကျန်းမာစွာ ကြီးပြင်းလာတဲ့အထိ အရိပ်တကြည့်ကြည့်နဲ့ ပြုစုစောင့်ရှောက်ပေးဖို့တတ်သူတွေပါ။ ကိုယ့်ကလေး ကျန်းကျန်းမာမာနဲ့ ကြီးပြင်းလာဖို့မှာ အာဟာရဟာ အလွန်ကြီးမားတဲ့နေရာက ပါဝင်နေတယ်ဆိုတာကို မိဘတွေသိနားလည်ဖို့လိုအပ်ပါတယ်။

    ကလေးတွေအတွက် အဓိကလိုအပ်တဲ့ အစာအာဟာရ

    ကလေးမွေးပြီး ၆လအထိ အချိန်ကိုတော့ မိခင်နို့ တစ်မျိုးတည်းကိုသာ မဖြစ်မနေ တိုက်ဖို့ လိုအပ်ပါတယ်။ မိခင်နို့မှာ ကလေးတွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဗီတာမင်နဲ့ အာဟာရဓာတ် အစုံအလင် ပါဝင်တဲ့အပြင် ကလေးတွေကို ဉာဏ်ကောင်းထက်မြက်စေအောင်လည်း ကူညီပေးနိုင်ပါတယ်။ ကလေး အသက် ၆လနောက်ပိုင်းမှာတော့ မိခင်နို့အပြင် ဖြည့်စွက် အာဟာရအနေနဲ့ နို့မှုန့်ကိုပါ ကျွေးလို့ ရပါတယ်။

    ကလေးနို့မှုန့် မှာလည်း ကလေးတွေအတွက် အရိုးသန်စွမ်းစေမယ့် သံဓာတ်တွေ၊ ဦးနှောက် ဉာဏ်ရည်အတွက် Omega-3, Omega-6, DHA စတဲ့ သတ္တုဓာတ်တွေ ပါဝင်လို့ ကလေးကြီးထွားဖွံ့ဖြိုးမှုကို အထောက်အကူ ဖြစ်စေမှာပါ။

    ကလေးနို့မှုန့် အမျိုးအစား ဘယ်နှစ်မျိုးရှိလဲ။

    ပုံမှန်အားဖြင့်ဆိုရင် နို့မှုန့် အမျိုးအစား (၄) မျိုးကို အဓိက အတွေ့များပါတယ်။ ဒါတွေကတော့

    နွားနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်

    ဆိတ်နို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်

    ပဲနို့ကနေ အခြေခံပြီး ထုတ်ထားတဲ့ နို့မှုန့်

    • Hydrolysed Protein ဓာတ်ကို အခြေခံ ထုတ်ထားတဲ့ နို့မှုန့်တွေပဲ ဖြစ်ပါတယ်။

    များသောအားဖြင့် မိဘတွေက နွားနို့ကနေ အခြေခံ ထုတ်ထားတဲ့ နို့မှုန့် အမျိုးအစားကို ရွေးချယ်ကြပါတယ်။ နွားနို့မှာ ပါတဲ့ အာဟာရကို ကလေးက မခြေဖျက်နိုင်ဘူးဆိုရင် ဆိတ်နို့ ဒါမှမဟုတ် ပဲနို့ အခြေပြု နို့မှုန့်တွေကို ရွေးချယ်နိုင်ပါတယ်။ အစာမကြေတတ်တဲ့ ကလေးတွေအတွက်တော့ Hydrolysed Protein နို့မှုန့်တွေကို ရွေးချယ် ဝယ်ယူသင့်ပါတယ်။

    ကလေးနို့မှုန့် တွေကို ဝယ်ယူတဲ့အခါ ဘာတွေကို သတိထားဖို့ လိုအပ်လဲ။

    ၁။ နို့မှုန့်သည် အစားအစာနဲ့ ဆေးဝါးကြီးကြပ်ရေးဌာနက ဘေးကင်းစိတ်ချရကြောင်း အသိအမှတ်ပြု ထောက်ခံချက် ရထားလားဆိုတာ စစ်ဆေးဖို့ လိုပါတယ်။

    ၂။ အာဟာရဓာတ် ပါဝင်မှုနှုန်းကို သေချာစစ်ပါ။ အရိုးနဲ့ သွားကို ကြံ့ခိုင်စေပြီး သွေးအားနည်း ရောဂါမဖြစ်အောင် ကာကွယ်ပေးနိုင်မယ့် သံဓာတ်၊ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေဖို့၊ ဦးနှောက် ဖွံ့ဖြိုးစေဖို့ Omega-3၊ Omega-6၊ DHA စတဲ့ သတ္တုဓာတ်တွေ ပါမပါကို သေချာစစ်ရပါမယ်။

    ၃။ ကြီးထွားဖွံ့ဖြိုးမှုအတွက် ပရိုတင်းဓာတ်၊ ကယ်လ်စီယမ်ဓာတ်၊ ကိုယ်ခံအားစနစ်နဲ့ ကျန်းမာရေးအတွက် ဗီတာမင်ဓာတ်တွေကိုလည်း စစ်ကြည့်သင့်ပါတယ်။

    ၄။ မိဘတွေအနေနဲ့ တံဆိပ်ရွေးဝယ်ရတာ အဆင်မပြေရင် ကိုယ့်ကလေးကို ဆရာဝန်နဲ့ သေချာပြပြီးတော့ ဘယ်လို နို့မှုန့်မျိုးနဲ့ သင့်လျော်မလဲဆိုတာ ဆရာဝန်ကိုလည်း ညွှန်းဖို့ ပြောပေးလို့ ရပါတယ်။ ဈေးကွက်ထဲမှာ တွေ့ရာ နို့မှုန့်တံဆိပ် ရွေးဝယ်တာမျိုးတော့ မလုပ်သင့်ပါဘူး။

    မိခင်နို့ဟာ အကောင်းဆုံးပါ။ ဒါပေမယ့် မဖြစ်မနေအခြေအနေမှာ ကလေးနို့မှုန့် ကလည်း ကောင်းကျိုးတွေရှိပါတယ်

    ၁။ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို စံချိန်မီအောင်ဖြည့်တင်းပေးထားတဲ့အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို ရရှိနိုင်ပါတယ်။

    ၂။ ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုကို အားပေးတဲ့ DHA လိုအာဟာရဓာတ်တွေပါဝင်တဲ့အတွက် တီထွင်ဖန်တီးဉာဏ်နဲ့ ဦးနှောက်ဉာဏ်ရည်ကို ထက်မြက်စေပါတယ်။

    ၃။ အကျိုးပြုဘက်တီးရီးယား အာဟာရ lcFOS လို prebiotics တွေပါဝင်တာက ကလေးရဲ့ အစာခြေလမ်းကြောင်းနဲ့ ကိုယ်ခံအားစနစ်အတွက် အထောက်အကူပြုစေပါတယ်။

    ၄။ တခြားဗီတာမင်နဲ့ သတ္ထုဓာတ်တွေလည်း ပါဝင်တာကြောင့် လိုအပ်တဲ့အာဟာရဓာတ်ပြည့်စုံပါတယ်။

    ၅။ အလုပ်လုပ်နေရတဲ့ မိခင်တွေအတွက်လည်း အဆင်ပြေပါတယ်။

    ဒီတော့ ကိုယ့်ကလေးတွေနဲ့ ပတ်သက်လာရင် အရာရာကို အကောင်းဆုံး ဖြစ်အောင် ဖန်တီးပေးချင်တဲ့ မိဘတွေလည်း ဘယ်လိုနို့မှုန့် အမျိုးအစားကို ရွေးချယ်သင့်လဲ သိလောက်ပြီလို့ ထင်ပါတယ်နော်။ ဈေးကွက်ထဲမှာ တွေ့တဲ့ တံဆိပ်ဝယ်တာမျိုး မလုပ်ဘဲ ကိုယ့်ကလေးအတွက် အသင့်လျော်ဆုံးနဲ့ အာဟာရဓာတ် အပေးစွမ်းနိုင်ဆုံးဖြစ်မယ့် တံဆိပ်မျိုးတွေကိုပဲ အဓိက ဝယ်တိုက်ပါ။ အနည်းဆုံး ကလေး အသက် ၆လ မပြည့်မချင်း မိခင်နို့ တစ်မျိုးတည်းကိုသာ စွဲစွဲမြဲမြဲ တိုက်ပေးပါ။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 26/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement