backup og meta

အသက် (၂) နှစ်နဲ့အထက် ကလေးတွေကို မိခင်နို့ ဆက်တိုက်ရဦးမလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသက် (၂) နှစ်နဲ့အထက် ကလေးတွေကို မိခင်နို့ ဆက်တိုက်ရဦးမလား

    ပုံမှန်အားဖြင့်တော့ ကလေး မွေးကင်းစမှ အသက် ၆လ ပြည့်တဲ့အချိန်ထိကို မိခင်နို့ တစ်မျိုးတည်းသာ မဖြစ်မနေ တိုက်ရမှာပါ။ မိခင်နို့မှာ ကလေး ကြီးထွားဖွံ့ဖြိုးမှုအတွက် မရှိမဖြစ် လိုအပ်တဲ့ အာဟာရဓာတ်တွေ အကုန်ပါဝင်သလို ကလေးကိုလည်း ကျန်းမာစေနိုင်တယ်။

    ၆လ မပြည့်သေးသ၍ မိခင်နို့ကလွဲပြီး ဘယ်လို အရာမှ ကျွေးလို့၊ တိုက်လို့ မရပါဘူး။ ရိုးရိုး ရေသန့်တောင် တိုက်လို့ မရပါဘူး။ ရေက မသန့်ရှင်းရင် ကလေးအတွက် ဗိုက်အောင့်တာ၊ ဝမ်းလျှောတာ၊ နေမကောင်းတာတွေ ဖြစ်စေနိုင်လို့ပါ။

    မိခင်နို့ တိုက်ခြင်းရဲ့ ကောင်းကျိုးတွေက ဘာဖြစ်မလဲ။

    ၁။ ကလေးအတွက် တစ်နေ့တာ လိုအပ်တဲ့ အာဟာရဓာတ် အကုန်လုံးကို မိခင်နို့ရည်ကနေ ရရှိနိုင်တယ်။

    ၂။ ကလေးကို ဉာဏ်ကောင်း ထူးချွန်စေမယ့် DHA ဓာတ်တွေ၊ အရိုးနဲ့ သွား ကြံ့ခိုင်စေဖို့ ကယ်လ်စီယမ်ဓာတ်တွေ၊ အမြင်အာရုံ ကောင်းစေဖို့ ဗီတာမင် အေ၊ ကိုယ်ခံအားကို မြှင့်တင်ပေးဖို့ ဗီတာမင် စီဓာတ်အပြင် တခြားသော သတ္တုဓာတ်မျိုးစုံကိုလည်း ရရှိစေနိုင်ပါတယ်။

    ၃။ ကလေး ငယ်စဉ် အလွယ်တကူ ဖျားနာခြင်း မဖြစ်စေဖို့၊ နား၊ အသက်ရှူလမ်းကြောင်း၊ အူလမ်းကြောင်းနဲ့ သက်ဆိုင်တဲ့ ကျန်းမာရေးပြဿနာတွေ၊ ဓာတ်မတည့်ခြင်း၊ ဝမ်းချုပ်တတ်တာတွေကိုလည်း ကာကွယ်ပေးနိုင်တယ်။

    ၄။ ကလေး ကြီးပြင်းလာတဲ့အခါ အဝလွန်၊ အပိန်လွန်တာမျိုး မဟုတ်ဘဲ ကျန်းမာတဲ့ ကိုယ်အလေးချိန် တစ်ခု ရောက်အောင် ထိန်းပေးနိုင်တယ်။

    ၅။ မိခင် နဲ့ ကလေးကြား သံယောဇဉ်ကို ပိုတိုးစေသလို ကလေး ကြီးပြင်းလာတဲ့အခါ စိတ်ဓာတ် ကြံ့ခိုင်ပျော်ရွှင်စေတယ်။ မိသားစုအပေါ်မှာလည်း ပိုပြီး သံယောဇဉ် တွယ်တာလာနိုင်စေပါတယ်။

    ဒီတော့ အသက် ၂ နှစ်ကျော်ရင်ရော မိခင်နို့ ဆက်တိုက်ဖို့ လိုသေးလား။

    ကိုယ့်ကလေးရဲ့ အသက်က ၂နှစ်ကို ကျော်သွားရင်တော့ မိခင်နို့ ဆက်တိုက်လို့ ရသေးတဲ့အပြင် တခြား ဖြည့်စွက်အာဟာရတွေနဲ့ အရမ်းမမာတဲ့ အစားအစာတွေကို ဖြည်းဖြည်းချင်းနဲ့ နည်းနည်းချင်းစီ ကျွေးလို့ ရပါတယ်။

    မိခင်နို့ကတော့ ကလေး အသက်ငယ်တုန်းကလောက် အကြိမ်ရေ များများ တိုက်ဖို့ မလိုအပ်ပါဘူး။ တစ်နေ့ကို တစ်ကြိမ် သို့မဟုတ် ၂ကြိမ်လောက် တိုက်ရင် လုံလောက်ပါတယ်။

    ကျန်တဲ့ အချိန်တွေမှာ ကလေးကို အကျင့်လုပ်ပေးတဲ့အနေနဲ့ အစားအစာတွေကို ပျော့ပျော့လေး ချက်တာမျိုး၊ ကလေး ဝါးလို့ လွယ်လောက်မယ့် အစားအစာတွေကို အဓိက ကျွေးပေးပါ။

    ဘာတွေကို အဓိက ကျွေးမလဲ။

    Omega – 3 fatty acid တွေ ပါဝင်တဲ့ အဆီများတဲ့ ငါး၊ အသား၊ ပဲအမျိုးမျိုး၊ တို့ဟူး၊ ကြက်ဥပြုတ်တို့လိုမျိုး စားစရာတွေ၊ ငှက်ပျောသီး၊ သရက်သီး၊ စတော်ဘယ်ရီသီး စတဲ့ အလွယ်တကူ ဝါးစားလို့လည်း လွယ်ကူတဲ့ အသီးအနှံတွေကို ကျွေးပေးနိုင်ပါတယ်။

    စစချင်းမှာတော့ အများကြီး မဟုတ်ဘဲ နည်းနည်းချင်းနဲ့ ဖြည်းဖြည်းချင်း ကျွေးကြည့်ပါ။ ကလေးက အမာစာ စားရတာ အကျင့်ဖြစ်သွားပြီဆိုရင် နောက်ပိုင်းကျ အစာခွံ့ကျွေးရတာ လွယ်ကူသွားမှာပါ။

    ကလေး အသက် ၂ နှစ်ကျော်သွာပေးမယ့်လည်း ဖြည့်စွက်စာတွေကို အာဟာရပြည့်ဝအောင်ပြင်ဆင်ပေးရင်း  မိခင်နို့ကို ပုံမှန်တိုက်ကျွေးခြင်းဖြင့် ကိုယ် သိပ်ချစ်ရတဲ့ ကလေးတွေ ဖျားနာခြင်း ကင်းဝေးပြီး ကျန်းမာစေတယ်။ ကိုယ်ခန္ဓာ ကြီးထွားဖွံ့ဖြိုးမှုနဲ့ ဉာဏ်ရည်ထက်မြက်စေဖို့ တစ်ဖက်တစ်လမ်းကနေ ကူညီပေးနိုင်ပါတယ်။

    Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာ ကောင်းတဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement