backup og meta

ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

မိဘတွေအတွက် အခက်အခဲဆုံးအချိန်က သားသားမီးမီးတို့ ဖျားနာတဲ့အချိန်ပါ။ ကလေးတွေ ဖျားနာတာက တော်တော်လေး စိတ်အနှောင့်အယှက်ဖြစ်စေနိုင်တဲ့ အရာပါ။ မပြင်းထန်ဘူးဆိုရင်တောင်မှ စိတ်ပူတာက လျော့မသွားပါဘူး။ ဒီတစ်ခေါက်တော့ ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ ကတော့

  • အအေးမိဖျားနာ

အအေးမိဖျားနာတာကတော့ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေးပြဿနာတွေထဲက တစ်ခုပါ။ အအေးမိဖျားနာတာက ဗိုင်းရပ်စ်ကြောင့် ဖြစ်တာဖြစ်ပြီး ပတ်ဝန်းကျင်မှာ အနီးကပ်ထိတွေ့နေတဲ့သူတွေဆီကနေ ကူးစက်ပါတယ်။ အအေးမိတာကို ကာကွယ်ဖို့ မဖြစ်နိုင်ပေမယ့် ကိုယ်ခံအား ကောင်းအောင် ဂရုစိုက်ပေးတာက ထိရောက်တဲ့ နည်းလမ်း တစ်ရပ်ပါ။

အအေးမိဖျားနာခဲ့ရင်လည်း OTC ဆေးတွေ သောက်ပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။ ဆေးပမာဏမှန်အောင် တိုက်ဖို့တော့ လိုပါတယ်။

အအေးမိတာနဲ့အတူ ကြွက်သားတွေ ကိုက်ခဲတာ၊ ခေါင်းတွေ ကိုက်တာကိုပါ ခံစားရနိုင်ပါတယ်။ ကိုယ်ပူတာ၊ အဖျားတက်တာ၊ ကိုယ်လက်တွေ ကိုက်ခဲတာမျိုး ခံစားရနိုင်ပါတယ်။

  • နားပိုးဝင်တာ

နားပိုးဝင်တာကလည်း သားသားမီးမီးတို့မှာ အဖြစ်များပါတယ်။ ကလေးတွေက အရွယ်ရောက်ပြီးသူတွေထက် နားပိုးဝင်နိုင်ခြေ ပိုများပါတယ်။ နားပိုးဝင်တာက ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ် ကူးစက်မှုတွေကြောင့်ပါ။

နားပိုးဝင်တဲ့အခါ နားနာတာ၊ အဖျားတက်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ အိပ်ရခက်တာ၊ နားအူတာမျိုး ခံစားရနိုင်ပါတယ်။

  • တုပ်ကွေး 

တုပ်ကွေးက အသက်ရှူလမ်းကြောင်းကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်ကူးစက်တာကြောင့် ဖြစ်တဲ့ ဖျားနာမှုတစ်ရပ်ပါ။ ရောဂါပိုး ရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ အမှုန်တွေကနေတဆင့် ကူးစက်ပါတယ်။ တုပ်ကွေးဖြစ်ပြီဆိုရင် အိမ်တွင်း ကုထုံးတွေ ဖြစ်ကြတဲ့ အနားယူတာ၊ အရည်များများ သောက်တာ၊ ဆေးသောက်တာတွေ လုပ်ဆောင်ပြီး သက်သာအောင် လုပ်ဆောင်ပေးလို့ ရပါတယ်။

တုပ်ကွေးကို ကာကွယ်ဖိူ့ အကောင်းဆုံး နည်းလမ်းက နှစ်စဉ် တုပ်ကွေး ကာကွယ်ဆေး ထိုးနှံတာပါ။ တုပ်ကွေးကာကွယ်ဆေးက မျိုးစိတ်မတူလို့ မကာကွယ်ပေးနိုင်ရင်အောင် လက္ခဏာ ပြင်းပြင်းထန်ထန် မခံစားရအောင် ထောက်ကူပေးပါတယ်။

တုပ်ကွေးဗိုင်းရပ်စ် ကူးစက်ခံရတဲ့အခါ အဖျားတက်တာ၊ လည်ချောင်းနာတာ၊ ခြေကုန်လက်ပမ်း ကျတာ၊ ချမ်းတုန်တာတွေကို ခံစားရနိုင်ပါတယ်။

ကလေးတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ကျန်းမာရေးပြဿနာများ

  • လေပြွန်ရောင်တာ

လေပြွန်ရောင်တယ်ဆိုတာက အဆုတ်ထဲက လေပြွန်တွေ ရောင်နေပြီး အဆုတ်ထဲမှာ ချွဲတွေဖြစ်ပေါ်နေတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ လေပြွန်ရောင်ပြဿနာ အများစုက အသက်ရှူလမ်းကြောင်း အထက်ပိုင်းကို ဗိုင်းရပ်စ် ဝင်ရောက်ကူးစက်တာကြောင့် ဖြစ်တာပါ။

ဒီလိုမျိုး လေပြွန်ရောင်တာက ချောင်းဆိုးတာ၊ ရင်ဘတ်ထဲက အောင့်တာ၊ ခြေကုန်လက်ပမ်းကျတာ၊ ခေါင်းကိုက်တာ၊ ကိုယ်လက်တွေ ကိုက်ခဲတာ၊ လည်ချောင်းနာတာတွေကို ခံစားရနိုင်ပါတယ်။

  • RSV

Respiratory syncytial virus (RSV) ဆိုတာက အသက်ရှူလမ်းကြောင်းကို ထိခိုက်စေတဲ့ ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေမှာ ပိုပြင်းထန်ပါတယ်။ လေပြွန်တွေကို ရောင်ရမ်းစေပြီး ရလဒ်အနေနဲ့ အဆုတ်ရောင်စေနိုင်ပါတယ်။

Respiratory syncytial virus (RSV)  ကူးစက်ခံရတဲ့အခါ အဖျားဝင်တာ၊ ချောင်းဆိုးတာ၊ နှာစေးတာ နဲ့ နှာချေတာလိုမျိုး ကျန်းမာရေးပြဿနာတွေကို ခံစားရနိုင်ပါတယ်။

  • ခြေ၊ လက်၊ ပါးစပ် ရောဂါ

ခြေ၊ လက်၊ ပါးစပ်ရောဂါ (HMFD) က တော်တော်လေး ကူးစက်မြန်ပေမယ့် အရမ်းတော့ မပြင်းထန်ပါဘူး။ မွေးကင်းစ ကလေးတွေနဲ့ အသက် ၅ နှစ်အောက် ကလေးတွေမှာ အဖြစ်များပါတယ်။ အသက် ၅ နှစ် အထက် နဲ့ အရွယ်ရောက်ပြီးသူတွေမှာလည်း ဖြစ်နိုင်ပါတယ်။

ခြေ၊ လက်၊ ပါးစပ်ရောဂါ (HMFD) ကူးစက်ခံရတဲ့အခါ အရေပြားမှာ အနီရောင် အပိမ့်တွေထွက်တာ၊ အဖျားတက်တာ၊ ပါးစပ်မှာ အနာပေါက်တာ၊ တုပ်ကွေးလို လက္ခဏာတွေ ခံစားရတာမျိုး ရှိနိုင်ပါတယ်။

  • မျက်စိနာတာ

မျက်စိနာတာကလည်း ကလေးတွေမှာ အဖြစ်များတဲ့ ကျန်းမာရေး ပြဿနာ တစ်ရပ်ပါ။ ဘက်တီးရီးယားကြောင့် ဖြစ်နိုင်သလို ဗိုင်းရပ်စ် ကူးစက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ မျက်လုံးထဲကို ဘက်တီးရီးယား နဲ့ ဗိုင်းရပ်စ် ဝင်ရောက် ကူးစက်တာကြောင့် ဖြစ်ရတာပါ။ သက်သာစေဖို့ဆိုရင် ပိုးသတ်လိမ်းဆေး ဒါမှမဟုတ် မျက်စဉ်းဆေး အသုံးပြုပေးလို့ ရပါတယ်။

မျက်စိနာပြီဆိုရင် မျက်ဖြူသား နီမြန်းမယ်၊ မျက်ဝတ်တွေ ထွက်မယ်၊ မျက်လုံး ယားမယ်၊ မျက်လုံး တစ်ဖက် ဒါမှမဟုတ် နှစ်ဖက်စလုံး ရောင်မယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။

  • အထက်လန်အောက်လျှော

အထက်လန် အောက်လျှောဆိုတာက အစာခြေစနစ် ပြဿနာ တစ်ရပ်ပါ။ ဗိုင်းရပ်စ်​ကြောင့် ဖြစ်ရတာပါ။ ဒီဗိုင်းရပ်စ်က ကူးစက်မြန်ပါတယ်။ လက္ခဏာတွေက ရက်အနည်းငယ် အတွင်းမှာ သက်သာသွားတတ်ပြီး သက်သာစေဖို့ဆိုရင် ကောင်းကောင်း အနားယူဖို့ လိုမှာဖြစ်သလို အော့အန်တာနဲ့ ဝမ်းသွားတာကြောင့် ဆုံးရှုံးသွားတဲ့ အရည်ဓာတ်တွေကို ပြန်လည် ဖြည့်တင်းဖို့အတွက် အရည်များများ သောက်ဖို့ လိုပါမယ်။

အထက်လန် အောက်လျှောဖြစ်တဲ့အခါ လက္ခဏာတွေ အနေနဲ့ မအီမသာဖြစ်တာ၊ ဖျားတာ၊ အော့အန်တာ၊ ဝမ်းသွားတာတွေ ခံစားရနိုင်ပါတယ်။

  • ထိပ်ကပ်နာ

ထိပ်ကပ်နာဆိုတာက နှာခေါင်းအတွင်းပိုင်းနဲ့ မျက်နှာလေအိတ်တွေထဲကို ပိုးဝင်ကူးစက်တာပါ။ ဆိုင်းနပ်စ် (မျက်နှာလေအိတ်) ထဲမှာ အရည်တွေဖြစ်ပြီး ဘက်တီးရီးယားတွေ နဲ့ ဗိုင်းရပ်စ်တွေကို ရှင်သန်ဖို့ အားပေးလိုက်ပါတယ်။ ထိပ်ကပ်နာ အများစုကတော့ ဗိုင်းရပ်စ်တွေကြောင့် ဖြစ်ရတာပါ။

ထိပ်ကပ်နာ ဖြစ်တဲ့အခါ နှာစေးတာ၊ နှာခေါင်းပိတ်တာ၊ ခေါင်းကိုက်တာ၊ မျက်နှာမှာ ဖိအားသက်ရောက်သလို ဖြစ်ပြီး နာကျင်တာ၊ လည်ချောင်းထဲမှာ ချွဲတွေ ဖြစ်တာ၊ လည်ချောင်းနာတာ၊ ချောင်းဆိုးတာ၊ ခံတွင်းနံ့ဆိုးတာတွေကို ခံစားရနိုင်ပါတယ်။

  • လည်ချောင်း နာတာ

လည်ချောင်းနာတာက Streptococcus pyogenes လို့ခေါ်တဲ့ ဘက်တီးရီးယားကြောင့် ဖြစ်ရတာပါ။ ဒီဘက်တီးရီးယားက နှာခေါင်း နဲ့ လည်ချောင်းကနေတဆင့် ဝင်ရောက်ပါတယ်။

ဒီလို ကူးစက်ခံရတဲ့အခါ လည်ချောင်းနာတာ၊ အဖျားဝင်တာ၊ အာသီးရောင်တာ၊ ဗိုက်အောင့်တာမျိုး ခံစားရနိုင်ပါတယ်။

ဘယ်လို အခြေအနေဆိုရင် ဆရာဝန်ပြရမလဲ

ကလေးတွေမှာ ဖြစ်တဲ့ ကျန်းမာရေး ပြဿနာ အများစုက အနားယူတာ ဆေးသောက်တာတွေ လုပ်လိုက်ရင် သူ့အလိုလို သက်သာသွားကြတာက များပါတယ်။ အချို့လက္ခဏာတွေကတော့ ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာတွေရဲ့ ရှေ့ပြေးလက္ခဏာတွေ ဖြစ်နေနိုင်တာကြောင့် ဆရာဝန်နဲ့ ပြသဖို့ လိုအပ်တာမျိုးလည်း ရှိနိုင်ပါတယ်။

တကယ်လို့ ကလေးက အခုလို အခြေအနေမျိုး တွေ့ရမယ်ဆိုရင် ဆရာဝန်နဲ့ ပြသဖို့ လိုပါမယ်။

  • ကလေးက ကိုယ်ခံအား ထိခိုက်နိုင်တဲ့ ကျန်းမာရေးပြဿနာ တစ်ရပ်ရပ် ဖြစ်တဲ့ ဆီးချို၊ ပန်းနာရင်ကျပ် နဲ့ အခြားသော နာတာရှည် ကျန်းမာရေး ပြဿနာ တစ်ခုခု
  • ရေဓာတ်ဆုံးရှုံးတဲ့ လက္ခဏာ ခံစားနေရတာ
  • အဖျားကြီးနေတာ
  • အဖျားတာရှည်တာ
  • ရေနဲ့ အစာမဝင်တာ
  • အသက်ရှူဖို့ ခက်နေတာ
  • မိဘတွေအနေနဲ့ စိတ်ပူနေရတဲ့ အကြောင်းရင်းတစ်ခုခုရှိနေမယ်ဆိုရင် နီးစပ်ရာ ဆေးခန်းကို အမြန်ဆုံး သွားရောက် ပြသပါ။

[embed-health-tool-vaccination-tool]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

10 Common Childhood Illnesses and Their Treatments https://www.healthychildren.org/English/health-issues/conditions/treatments/Pages/10-Common-Childhood-Illnesses-and-Their-Treatments.aspx Accessed Date 28 September 2022

Childhood illnesses https://www.nidirect.gov.uk/conditions/childhood-illnesses Accessed Date 28 September 2022

10 Common Childhood Illnesses https://www.wakeforestpediatrics.com/common-childhood-illnesses/ Accessed Date 28 September 2022

Common childhood illnesses: what you need to know, what vaccinations your child needs and what to do if your child gets sick https://www.health.qld.gov.au/news-events/news/common-childhood-illnesses-sickness-bugs-prevention-vaccination-treatment-hygiene-daycare-kindy Accessed Date 28 September 2022

Common Childhood Illnesses https://www.hopkinsmedicine.org/health/wellness-and-prevention/common-childhood-illnesses Accessed Date 28 September 2022

ယခုပုံစံ

03/10/2022

Aye Thi Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Aye Thi Mon

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

သားသားမီးမီးတွေ ဖျားနာနေရင် ဘယ်လိုစောင့်ရှောက်ပေးကြမလဲ

နွေနေပူပူမှာ ကလေးကျန်းမာဖို့ မေမေတွေ ဘယ်လိုဂရုစိုက်မလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Aye Thi Mon


Aye Thi Mon မှ ရေးသားသည်။ · 03/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement