backup og meta

ကိုယ့်ကလေးလေးကို ထိုင်ကွင်းပေးသုံးသင့်သေးရဲ့လား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Seinn Moe Satt မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ့်ကလေးလေးကို ထိုင်ကွင်းပေးသုံးသင့်သေးရဲ့လား

    နှစ်စဉ်နှစ်တိုင်း ကလေးထောင်ပေါင်းများစွာဟာ ထိုင်ကွင်းသုံးခြင်းရဲ့နောက်ဆက်တွဲဖြစ်တဲ့ လှေကားပေါ်ကနေပြုတ်ကျပြီး အရေးပေါ်ဌာနကိုရောက်လာကြပါတယ်။ထိုင်ကွင်းလို့ခေါ်တဲ့ baby walker တွေထဲဝင်နေရတာဟာ ကလေးတွေအတွက် ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် ဘယ်လိုပဲ လုံခြုံရေးအကာအကွယ်တွေယူယူ ဆယ်စုနှစ်တွေအတွင်းမှာ ထိုင်ကွင်းတွေနဲ့ ဆက်စပ်တဲ့ ထိခိုက်ဒဏ်ရာအရေအတွက်ဟာ တစ်ချိန်လုံးမြင့်တက်နေတဲ့အတွက် အမေရိကန်နိုင်ငံမှာ ထိုင်ကွင်းအသုံးပြုမှုကို လုံးဝတားမြစ်ထားပါတယ်။ ၁၉၉၀ ကနေ ၂၀၁၄ အတွင်း အသက်ဆယ့်ငါးလအောက် ကလေးပေါင်း နှစ်သိန်းသုံးသောင်းကျော် (၂၃၀၆၇၆)ယောက်ဟာ ထိုင်ကွင်းတွေကြောင့်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ ကလေးတွေအများစုဟာ ခေါင်းနဲ့လည်ပင်းမှာ ထိခိုက်ဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ၇၅ ရာခိုင်နှုန်းဟာ လှေကားပေါ်က ပြုတ်ကျခဲ့တာဖြစ်ပါတယ်။

    ထိုင်ကွင်းဆိုတာ

    ထိုင်ကွင်းဆိုတာ ဘီးပါတဲ့ ထိုင်ခုံတွေဖြစ်ပြီး ခြေထောက်ချထားဖို့ အပေါက်လဲပါပါတယ်။ အဓိကအားဖြင့် အသက်ငါးလကနေ ဆယ့်ငါးလအတွင်း လမ်းမလျှောက်တတ်သေးတဲ့ ကလေးတွေကို သူတို့ဖာသာသူတို့ သွားနိုင်အောင် ကူညီပေးတဲ့ ပစ္စည်းတစ်ခုပါ။ ဝဝတုတ်တုတ်ခြေထောက်ကလေးတွေကို ကန်ပြီး အခန်းတစ်ခုထဲမှာ လျှောက်သွားနေတဲ့ကလေးလေးတစ်ယောက်ကို ကြည့်ရတာပျော်စရာ ကောင်းနိုင်ပါတယ်။ ဒါ့အပြင် မိဘတွေအနေနဲ့ တခြားအလုပ်များနေချိန်မှာ ကလေးသူဖာသာနေအောင် ခဏထားထားလို့လဲရစေပါတယ်။ ဒါပေမယ့် တစ်ပြိုင်နက်တည်းမှာပဲ ကလေးဟာ နေရာတော်တော်များများကို သူ့ဖာသာသွားပြီး ပစ္စည်းတွေကို ဝင်တိုက်မိနိုင်သလို လှေကားအစွန်းကနေလဲ လိမ့်ကျနိုင်ပါတယ်။

    ဘယ်လိုထိခိုက်ဒဏ်ရာတွေရသလဲ

    ကြွက်သားနာကျင် ဖူးရောင်ဒဏ်ရာ၊ ဦးနှောက်ခဏတာလှုပ်ခတ်ခြင်း နဲ့ ခေါင်းအတွင်းပိုင်းထိခိုက်ဒဏ်ရာအပြင် ပြတ်ရှဒဏ်ရာတွေရတတ်ပါတယ်။ တချို့ကလေးတွေကတော့ ဦးခေါင်းခွံကွဲအက်ခြင်းနဲ့ ဦးနှောက်ကိုထိခိုက်မိခြင်းလို ပိုပြင်းထန်တဲ့ ဒဏ်ရာတွေရကြပါတယ်။ ဒီလိုဆို မိဘတွေအနေနဲ့ လှေကားထိပ်ကိုပိတ်ပြီး အန္တရာယ်ကင်းအောင်လုပ်လို့မရဘူးလား၊ လှေကားမရှိတဲ့ တစ်ထပ်အိမ်တွေမှာဆိုရင်ရော အန္တရာယ်မကင်းဘူးလားဆိုရင် မကင်းပါဘူး။ ဘာလို့လဲဆိုတော့ ထိုင်ကွင်းတွေရဲ့ ဒုတိယအဖြစ်အများဆုံးအကြောင်းအရင်းက ကလေးဟာ ဘာနဲ့မှမတိုက်မိဘဲနဲ့လဲ ထိုင်ကွင်းထဲကနေပြုတ်ကျတာမို့လို့ပါပဲ။ နောက်တစ်ခုက ပုံမှန်ထက်ပိုပြီး သွားလာရလွယ်ကူနေတဲ့အတွက် အန္တရာယ်ရှိတဲ့ ပစ္စည်းတွေကို ထိမိကိုင်မိရာကနေလဲ ဒုက္ခတွေ့တတ်ပါတယ်။ ဥပမာ ရေနွေးအိုးအပူကိုကိုင်မိလို့ အပူလောင်တာ၊ ရေနွေးပူဖိတ်ကျတာမျိုး၊ ကြွေချီးချွတ်ဆေးရည်လိုဟာမျိုးကိုသောက်မိတာမျိုး။

    လေ့လာသူတွေက “ ထိုင်ကွင်းသုံးလိုက်တဲ့အခါ ကလေးတွေအနေနဲ့ ပုံမှန်ဆိုရောက်ဖို့သိပ်မလွယ်တဲ့ အန္တရာယ်များတဲ့ ပစ္စည်းတွေနဲ့ ထိတွေ့ဖို့အလွန်နီးစပ်သွားတယ်” လို့ဆိုပါတယ်။ အမေရိကန်ကလေးကျန်းမာရေး အကယ်ဒမီက ဖော်ပြချက်အရ အမေရိကန်နိုင်ငံမှာ ၁၉၇၃ ကနေ ၁၉၉၈ အတွင်း ထိုင်ကွင်းသုံးခြင်းကြောင့် ထိခိုက်ဒဏ်ရာရပြီး သေဆုံးတဲ့ ကလေးအရေအတွက်ဟာ ၃၄ ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။ ၁၉၉၀ ပတ်ဝန်းကျင်ရောက်လာတဲ့အခါမှာတော့ ထိုင်ကွင်းရဲ့အန္တရာယ်ကို လူတွေသတိပြုမိလာပြီး လှုပ်ရှားတက်ကြွသူတချို့က ဒီပစ္စည်းကို ဈေးကွက်မှာရောင်းခွင့်ပိတ်ပစ်ဖို့ စတင်တောင်းဆိုလာကြပါတယ်။၁၉၉၆ရောက်တဲ့အခါ ထိုင်ကွင်းတွေရဲ့ လုံခြုံစိတ်ချရမှုကို တိုးမြှင့်တဲ့အနေနဲ့ တံခါးပေါက်ထက် ထိုင်ကွင်းအရွယ်အစားပိုကြီးရမယ်၊ ဒါ့အပြင် အရှိန်ထိန်းဖို့ ဘရိတ်ကိုလည်းထည့်သွင်းရမယ်လို့ ကြေညာခဲ့ပါတယ်။ အကျိူးဆက်အနေနဲ့ ထိုင်ကွင်းကြောင့်ထိခိုက်ဒဏ်ရာရမှုဟာ ၁၉၉၃ နဲ့ ၂၀၀၃ ကြားမှာ ၈၅% လောက်ကျသွားပါတယ်။ ကျသွားတယ်ဆိုပေမယ့် ထောင်ပေါင်းများစွာသောကလေးတွေဟာ ထိုင်ကွင်းကြောင့် ဒဏ်ရာတွေရနေတုန်းပါပဲ။

    ၂၀၀၄ နဲ့ ၂၀၀၈ ကြားမှာတော့ အမေရိကန်နိုင်ငံမှာ ကလေးရှစ်ယောက်ဟာ ထိုင်ကွင်းကြောင့် ရရှိတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ပါတယ်။ ဒါပေမယ့် ခုချိန်ထိ နိုင်ငံတော်တော်များများမှာ ထိုင်ကွင်းတွေကို ရောင်းချနေဆဲဖြစ်သလို ပစ္စည်းတွေဟာ လုံခြုံစိတ်ချရမှုစည်းမျဉ်းတွေကိုလဲ လိုက်နာပြီးထုတ်ထားကြတာတွေမဟုတ်ပါဘူး။ “သတိပေးစာတွေဘယ်လောက်ပဲကပ်ကပ်၊ မိဘတွေကို ဘယ်လောက်ပဲ ပညာပေးပေး၊ တော်တော်များများဟာ ထိုင်ကွင်းတွေကို ကလေးတွေကိုဝယ်ယူသုံးစွဲနေဆဲပါပဲ” လို့ CPSC ရဲ့ စာရေးသူက ဆိုပါတယ်။ ထိုင်ကွင်းတွေဟာ အန္တရာယ်ရှိရုံမျှမက ကောင်းကျိုးကိုလဲ ယူဆောင်မပေးနိုင်ပါဘူး။ အမေရိကန်နိုင်ငံမှာတော့ ထိုင်ကွင်းတွေရောင်းချခွင့်ကို လုံးဝပိတ်ပင်လိုက်ပါပြီ။ ဒါကြောင့် သင့်ကလေးငယ်အတွက် ထိုင်ကွင်းအသုံးမပြုခြင်းဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုသာဖြစ်တဲ့အကြောင်း တင်ပြပေးလိုက်ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Seinn Moe Satt မှ ရေးသားသည်။ · 02/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement