backup og meta

ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Hello Sayarwon Panel


Yun Sandi Nan Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

    ကလေးတွေ တော်တော်များများ ဖေဖေထက်စာရင် မေမေနဲ့ ပိုရင်းနှီးကြတာအမှန်ပါပဲ။ ဒါကလည်း မေမေ အများစုက အိမ်မှာနေပြီး ကလေးတွေကို ပြုစုစောင့်ရှောက်ကြပေမယ့် ဖေဖေတို့က တစ်နေ့ကုန် အလုပ်သွားပြီး ပြန်လာတဲ့ချိန်ခဏလေးတွင်းမှာပဲ ကလေးတွေကို အချိန်ပေးနိုင်ကြလို့ပါ။

    ဒါကြောင့် မေမေတို့အနေနဲ့ ကိုယ့်ကလေးတွေကို အဖေနဲ့ ရင်းနှီးအောင် ဘေးကနေ အားပေးသင့်ပါတယ်။ ကလေးတာဝန်တွေလည်း  ဝေခွဲပေးနိုင်တဲ့အတွက် မေမေတို့ရဲ့ ကလေးထိန်းကျောင်းတဲ့ ဝန်ထုပ်ဝန်ပိုးကို လျော့စေပါတယ်။

    ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ စီမံပေးပါဦးနော်

    ကလေးနဲ့ ဖေဖေ ရင်းနှီးချစ်ခင်ဖို့ မေမေတို့ အနေနဲ့

    ကလေးကိစ္စဆို ဖေဖေ့ကိုပါ ပါဝင်ခိုင်းပါ။

    ကလေးနဲ့ပတ်သက်တဲ့ ဝေယျာဝစ္စတွေကို ဖေဖေ့ကိုလည်း အတူပါဝင်လုပ်ခိုင်းပါ။ ကျောင်းစာကူလုပ်ပေးတာ၊ အဝတ်အစားဝတ်ပေးတာ၊ သွန်သင်ဆုံးမတာတွေ ကစလို့ ကလေးကိစ္စတွေမှာ ပါဝင်နေမှ ရင်းနှီးမှုပိုရှိလာမှာပါ။ အလုပ်အရမ်းရှုပ်နေတဲ့အချိန်တွေကလွဲလို့ မိသားစုကို အချိန်ပေးပြီး နွေးနွေးထွေးထွေး ချစ်ခင်စောင့်ရှောက်ပေးပါ။ ကလေးတွေက အမေကိုပဲ ကပ်နေတယ်ဆိုတာမျိုးလည်း မဖြစ်တော့ဘူးပေါ့။

    ကလေးနဲ့ ထိတွေ့မှုရှိပါစေ။

    ကလေးကို ပွေ့ချီဖို့၊ နမ်းရှုံ့ဖို့ ဝန်မလေးပါနဲ့။ အဖေဆိုတာ အမြဲအလုပ်များပြီး အပြင်မှာနေတယ်ဆိုတဲ့ ကလေးတွေရဲ့ အမြင်ကို ပြောင်းပေးဖို့ မေမေတို့ဘက်ကကြိုးစားပေးပါ။ အဖေပေါ် ယုံကြည်မှုနဲ့ ရင်းနှီးချစ်ခင်စိတ်တိုးလာအောင် မေမေတို့ဘက်က အားပေးပေးပါ။ မိဘတွေနဲ့ ချစ်ခင်ရင်းနှီးတဲ့ ကလေးတွေဟာ ဦးနှောက်ဖွံ့ဖြိုးတိုးတက်မှု တိုးတက်စေပါတယ်။

    အဖေဖြစ်သူကို လူကြမ်းမဖြစ်ပါစေနဲ့။

    စကားနားမထောင်ရင် ဖေဖေနဲ့ တိုင်မှာနော်၊ ဆိုးရင် ဖေဖေရိုက်လိမ့်မယ်ဆိုတဲ့ ကလေးကို ခြိမ်းခြောက်တာတွေဟာ ခဏတစ်ဖြုတ်အနေနဲ့တော့ ကလေးကို ဆုံးမတဲ့နေရာမှာ လွယ်ကူပေမယ့် ရေရှည်မှာ ကလေးဟာ အဖေကို ဆူမယ့်၊ ကြိမ်းမယ်ဆိုတဲ့သူတစ်ယောက်အနေနဲ့ မြင်နေနိုင်ပါတယ်။ မေမေတို့အနေနဲ့လည်း စကားနားမထောင်တဲ့ကလေးကို အော်ငေါက်မယ့်အစား သေချာရှင်းပြပါ။ ဖေဖေနဲ့ အတူတိုင်ပင်ဆွေးနွေးပြီး ကလေးကို  ထိန်းကျောင်းပါ။

    အတူတူ ကစားခိုင်းပါ။

    ကလေးနဲ့ ဖေဖေ အတူကစားလို့ရတဲ့ နည်းတွေအများကြီးပါ။ ကလေးတွေရော လူကြီးတွေရော ပျော်ပျော်ရွှင်ရွှင် ဆော့ကစားနိုင်မယ့် ကစားနည်းလေးတွေကို ကစားခြင်းဖြင့် မိဘနဲ့ သားသမီးကြား ချစ်ခင်ရင်းနှီးမှု တိုးတက်စေနိုင်ပါတယ်။

    လက်ဆောင်လေးတွေပေးပါ။

    အပြင်ထွက်ပြီး အလုပ်လုပ်နေတဲ့ ဖေဖေ ဆီက ကလေးတွေဟာ လက်ဆောင်တွေ မျှော်လင့်တတ်ကြပါတယ်။ ကလေးတွေကို အမြဲမဟုတ်ရင်တောင် တစ်ခါတစ်လေ လက်ဆောင်လေးတွေ ဝယ်ပေးဖို့ မမေ့ပါနဲ့။ သူတို့ကြိုက်တတ်တဲ့မုန့်တွေဝယ်လာတာ ဒါမှမဟုတ် လိုချင်တယ်လို့ပြောဖူးတဲ့ အရုပ်လေးတွေပဲဖြစ်ဖြစ်ပေါ့။ လက်ဆောင်ပေးတာ ရတဲ့သူရော၊ ပေးရတဲ့သူရော ပျော်တယ်မဟုတ်လား။ မေမေတို့အနေနဲ့လည်း ဖေဖေတို့မေ့နေရင်တောင် သတိပေးပေ့ါ။

    သီချင်းဆိုကြမယ်

    မိသားစုတစ်ခုလုံး ပျော်ပျော်ပါးပါး ပါဝင်လို့ရတာ သီချင်းဆိုတာပါ။ လူကြီးတွေလည်း စိတ်လက်ပေ့ါပါးပျော်ရွှင်ရသလို သီချင်းသံဟာ ကလေးတွေရဲ့ အနုပညာဉာဏ်နဲ့ တီထွင်ဖန်တီးလိုစိတ်ကို ရင့်သန်စေပါတယ်။

    ဖေဖေနဲ့ အတူအပြင်ထွက် အချိန်ဖြုန်းခိုင်းပါ။

    မေမေနဲ့ ဖေဖေ မှာဆို အများအားဖြင့် မေမေတွေက စိတ်ပူလွန်တတ်ကြတယ်။ ကလေးတွေကို တစ်ခါတစ်လေ ဖေဖေ နဲ့ပဲ အပြင်ထွက်စေခြင်းအားဖြင့် မေမေရဲ့ စိတ်ပူနေတဲ့ စကားသံတွေမပါတာကြောင့် သားအဖေချင်း လွတ်လပ်ရင်းနှီးမှုကိုပိုစေပါတယ်။

    ကျန်းမာဖွံ့ဖြိုးတဲ့ သားသားမီးမီးတွေနဲ့ ပျော်ရွှင်သာယာတဲ့ မိသားစုဘဝလေးကို ဖေဖေနဲ့ မေမေတို့ ပိုင်ဆိုင်နိုင်ပါစေနော်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Hello Sayarwon Panel


    Yun Sandi Nan Mon မှ ရေးသားသည်။ · 08/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement