brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကလေးငယ်ကို ဉာဏ်ပိုကောင်း အောင် ဘယ်လိုလုပ်မလဲ

ကလေးငယ်ကို ဉာဏ်ပိုကောင်း စေချင်တာ မိဘတိုင်းရဲ့ ဆန္ဒပါ။ ‌ကလေးလေးတွေ ဉာဏ်ကောင်းမကောင်းဆိုတာက သူ့ရဲ့ မျိုးရိုးဗီဇနဲ့လည်း ဆိုသလို မွေးလာပြီးတဲ့အခါမှာ မိဘတွေက ဘယ်လိုပြုစုပေးလဲဆိုတဲ့ parentingနဲ့လည်း ဆိုင်ပါတယ်။ ဒါကြောင့် ကလေးလေးတွေ မွေးလာပြီးရင် မိဘတွေအနေနဲ့ ဘယ်လိုလေး ပြုစုပျိုးထောင်ပေးရမယ်ဆိုတာကို မျှဝေပေးချင်ပါတယ်။

ကလေးငယ်ကို ဉာဏ်ပိုကောင်း အောင် ဘယ်လိုလုပ်မလဲ

ကလေးငယ်ကို ဉာဏ်ပိုကောင်း အောင် ဘယ်လိုလုပ်မလဲ

 (၁) မမွေးခင် ဗိုက်ထဲမှာကတည်းကစတင်ပါ။

ကိုယ်၀န်ဆောင်စဉ်မှာ ကျန်းမာအောင်နေပါ။ ကျန်းမာစေတဲ့ နေထိုင်စားသောက်မှုပုံစံကို မွေးယူပါ။ တချို့သော ဆေးဝါးအပါအ၀င် ကဖင်းဓာတ်အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ပါ။ ဘယ်ဆေးပဲဖြစ်ဖြစ် မသောက်သုံးခင်မှာ ဆရာဝန်နဲ့တိုင်ပင်ပါ။

ကိုယ်ဝန်ဆောင်စဉ် ဆေးလိပ်သောက်ခြင်း ဒါမှမဟုတ် ဆေးလိပ်ငွေ့ကိုရှူရှိုက်မိခြင်းဟာ မွေးလာမယ့်ကလေးရဲ့ ဉာဏ်းရည်ကို အများကြီးထိခိုက်စေပါတယ်။ မူးယစ်ဆေးဝါးစွဲသူမိခင်ကနေ မွေးဖွားလာတဲ့ကလေးတွေဟာ သင်ကြားရေးအပိုင်းမှာ ဆိုးဆိုးရွားရွားထိခိုက်နိုင်ပြီး ကြမ်းတမ်းတဲ့ အပြုအမူတွေကိုလည်း ပြုလုပ်တတ်ကြပါတယ်။

 (၂) ကလေးစကားပြောလာနိုင်ဖို့နှိုးဆွပေးပါ။ 

ကလေးက ဝူးဝူးဝါးဝါးမပီကလာ ပီကလာ ပြောလိုက်တိုင်း စိတ်လှုပ်ရှားဟန်၊ ပျော်ရွှင်ဟန်ပြုပြီး အသံကိုမြှင့်စကားပြောပေးပါ။ ဥပမာ “တော်လိုက်တဲ့ သားသား” စသဖြင့်ပြောပေးပါ။ ဒီနည်းနဲ့ စကားလုံးနဲ့ ဘာသာစကားကို နားလည်နိုင်တဲ့ ဦးနှောက်ရဲ့ အစိတ်အပိုင်းကို လှုံ့ဆော်မှု များများပေးဖို့လိုပါတယ်။

 (၃) လက်လှုပ်ရှားမှုများများပါတဲ့ ကစားနည်းတွေကစားပေးပါ။ 

တူတူရေဝါး၊ ရွှေလက်ခုပ်၊ ပုဇွန်ဆိတ် ပုဇွန်ဆိတ် မောင်ရင်လာ တံခါးပိတ် ဂျိတ် စတဲ့ လက်လှုပ်ရှားမှုတွေများများပါတဲ့ ကစားနည်းတွေကို ကစားပေးတာဟာ ကလေးနဲ့ သင့်ကြားက ဆက်သွယ်မှုကို အားကောင်းစေပြီး ကလေးရဲ့ အာရုံဝင်စားမှုကိုလည်း ရရှိစေပါတယ်။ ကလေးရော မိဘနှစ်ဦးစလုံးကိုပါ ပျော်ရွှင်မှုလည်း ရစေပါတယ်။

 (၄) ကလေးအပေါ်မှာ အာရုံစိုက်ပေးပါ။ 

သင့်ကလေးငယ်က တစ်စုံတစ်ခုကို လက်ညှိုးထိုးပြတဲ့အခါ သင်ကပါ လိုက်လံကြည့်ရှုပြပြီး မှတ်ချက်ပေးပေးပါ။ ဒီလို နှစ်ဦးသား အတူတကွ အာရုံစူးစိုက်မှုတူညီတယ်လို့ ကလေးကို ပြသပေးခြင်းက သူ့ကို ဂရုစိုက်တယ်လို့ ပြသရာ ရောက်ပါတယ်။

 (၅) စာအုပ်တွေကို စိတ်ဝင်စားမှုရှိအောင် စောနိုင်သမျှစောစောလေ့ကျင့်ပေးပါ။ 

မွေးစကလေးတွေကတော့ စာဖတ်တတ်ဦးမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီအရွယ်လောက်ကစပြီး စာအုပ်တွေနဲ့ ရင်းနှီးအောင် လေ့ကျင့်ပေးပါ။ အရောင်တောက်တောက်တွေပါတဲ့ စာအုပ်ကြီးကြီးတွေကိုရွေးချယ်ပါ။ ပြီးရင် စာအုပ်ထဲမှာပါတဲ့ ပုံတွေ၊ အရောင်တွေကို လက်နဲ့ထောက်ပြီး ပုံပြင်လို ပြောပြနိုင်သလို သက်ဆိုင်ရာအသံတွေလဲ ထွက်ပြနိုင်ပါတယ်။ ဥပမာ ခွေးပုံကို လက်နဲ့ထောက်ပြီး ပါပီလေးက ဒီလိုအော်တယ် ၊ ဝုတ်ဝုတ် စသဖြင့် အသံအနိမ့်အမြင့်လုပ်ပြီး ပြောပြပေးလို့ရပါတယ်။

(၆) ကလေးခန္ဓာကိုယ်ကို မကြာခဏထိတွေ့ပွတ်သပ်ပါ။

လေ့လာမှုတွေအရ မကြာခဏထိတွေ့ပွတ်သပ်ပြီး ချစ်ကြောင်း အပြမခံရတဲ့ကလေးတွေရဲ့ ဦးနှောက်ဟာ တခြားရွယ်တူတန်းတူကလေးတွေထက်စာရင် သေးငယ်နေကြောင်း သိရပါတယ်။

(၇) ကလေးဘာသာရှာဖွေဖော်ထုတ်ပြီး ပူးပေါင်းဆောင်ရွက်ရတဲ့ ကစားနည်းမျိုးကစားခိုင်းပါ။

 ဥပမာ ဘလောက်တုံးတွေစီခိုင်းတဲ့ ကစားနည်းမျိုးကစားတဲ့အခါ အကြောင်းကြောင့် အကျိုးဖြစ်တယ်ဆိုတဲ့ cause and effect ကို ကလေးအနေနဲ့ နားလည်လာစေပါတယ်။ ဥပမာ ဘလောက်တုံးတွေကို သေချာမစီဘဲ ထပ်ခဲ့ရင် ပြိုကျတတ်တယ်ဆိုတာမျိုးကို နားလည်စေပြီး ဦးနှောက်ဥာဏ်ကို ရင့်သန်စေပါတယ်။

(၈) ကလေးငိုတဲ့အခါ ချက်ချင်းတုန့်ပြန်မှုပေးပါ။ 

ကလေးကို နှစ်သိမ့်တာ၊ ချော့မြှူတာ၊ ပြုစုစောင့်ရှောက်တာ၊ ကာကွယ်ပေးတာ၊ နှစ်သိမ့်တာ၊ ဒါတွေအားလုံးဟာ limbic လို့ခေါ်တဲ့ဦးနှောက်ရဲ့အစိတ်အပိုင်းမှာ အပေါင်းလက္ခဏာဆောင်တဲ့ ချိတ်ဆက်ဆက်နွယ်မှုတွေကို ဖြစ်စေပြီး စိတ်ပိုင်းဆိုင်ရာလုံခြုံမှုကို ခံစားရရှိအောင်ဦးနှောက်ကို အချက်ပြပေးပါတယ်။

(၉) အသာအယာ နှိပ်ပေးပါ။ 

အသာအယာနှိပ်နယ်ပေးခြင်းဟာ ကလေးရဲ့ စိတ်ဖိစီးမှုကို လျော့ကျစေပြီး နေထိုင်လို့ကောင်းစေကာ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုရစေပါတယ်။ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးမှုကိုတောင် ဖြစ်စေတယ်ဆိုပါတယ်။

ဒါတွေကတော့ ကလေးငယ်ကို ဉာဏ်ပိုကောင်း အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေထဲက အနည်းငယ်ပဲ ဖြစ်ပါတယ်။ မိဘတွေအနေနဲ့ ဒါတွေကို မမှတ်မိရင်လည်း ရပါတယ်။ အရေးကြီးဆုံး အချက်က ကလေးကို ကြင်နာဂရုစိုက်ပြီး ဘာပဲလုပ်လုပ် သူတို့လေးတွေနဲ့ ဆက်သွယ်လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ရေးသားသူ- Dr Sein Moe Satt
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr . Phyu Mon Latt မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/05/2023 ဖြစ်ပါသည်။