backup og meta

သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေး မလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သင့်ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေး မလဲ

    ကလေး စကားပြောတယ်ဆိုတာ သူ့ရဲ့ ဖွံ့ဖြိုးမှုမှတ်တိုင်တွေထဲက တစ်ခုပါပဲ။ ကလေးရဲ့ ဦးနှောက်က မွေးစကနေ ၃နှစ်အတွင်းမှာ ခပ်မြန်မြန်ပဲ ဖွံ့ဖြိုးလာပါတယ်။ ဒါကြောင့် ကလေးက ၂နှစ်လောက်ဆို စကားစပြောနိုင်နေပါပြီ။ တကယ်တော့ ကလေးက မွေးစကတည်းက သူ့နည်းသူ့ဟန်နဲ့ မိဘတွေနဲ့ ဆက်သွယ်ပြောဆိုနေတာပါ။ သူဗိုက်ဆာတာ၊ အိပ်ချင်တာကို သူ့နည်းသူ့ဟန်နဲ့ ဖေဖေ၊ မေမေတို့ သိအောင် ပြောပြပေးနိုင်ပါတယ်။

    ကလေးစကားပြောတာက ကလေးရဲ့ ဦးနှောက်ဖွံ့ဖြိုးမှုနဲ့ ဆိုင်တယ်ဆိုပေမယ့် မေမေဖေဖေတို့ဘက်ကလည်း ကလေးကို ဂရုစိုက်ပေးရပါတယ်။ ခုမှ လူ့လောကထဲကို စရောက်တဲ့ကလေးတွေ ဘာသာစကားတစ်ခုကို ပြောဖို့ဆိုတာ တစ်ယောက်ယောက်ပြောတာ သူကြားမှ လိုက်တုပြီး ပြောနိုင်မှာပါ။ ဆိုလိုတာက ဖေဖေ မေမေက ကလေးနဲ့ စကားပြောပေးရပါမယ်။ မြှူပေးရပါမယ်။ ကလေးက စကားပြောတတ်တဲ့အရွယ်မရောက်သေးသည့်တိုင် ဖေဖေ မေမေတို့က ကလေးကို စကားပြောပေးရမှာပါ။

    ကလေးက သူခဏခဏကြားနေမှ ဦးနှောက်က လိုက်မှတ်ပြီး ပြောတာကိုလည်း နားလည်ပါမယ်။ ဒါကြောင့် ကလေးတွေက စကားမပြောတတ်သေးရင်တောင် လူကြီးတွေ ပြောတာကို နားလည်ပြီး ပြန်တုံ့ပြန်တတ်ပါတယ်။ သူစကားပြောနိုင်တဲ့အချိန်ရောက်ရင်လည်း လျောလျောရှူရှူပြန်ပြောနိုင်ပါလိမ့်မယ်။ ဒီဆောင်းပါးလေးမှာ ကလေးကို စကားပြောတတ်အောင် ဘယ်လိုသင်ပေး မလဲဆိုတဲ့ tipsလေးတွေကို မျှဝေပေးသွားပါမယ်။

    အသက်အရွယ်နဲ့ ကလေးဘာသာစကား

    • ၃လ

    ၃လကလေးက စကားမပြောနိုင်သေးပေမယ့် လူကြီးစကားသံကို ကြားတဲ့အခါ လိုက်ကြည့်တတ်ပါတယ်။ သီချင်းသံတွေကို နားထောင်တတ်ပါတယ်။ ဒါဟာ အမေ့ဗိုက်ထဲမှာ ကတည်းကပါ။ ဒါကြောင့် ခုခေတ်ကိုယ်ဝန်ဆောင်တွေ ဗိုက်ကလေးကို ကိုင်ပြီး စကားတွေပြော၊ သီချင်းလေးတွေ ပေးနားထောင်တာတွေ လုပ်ပေးတာပေါ့။ ၃လကျော်တဲ့အခါ သူပျော်တဲ့အခါ အသံလေးတွေပြုပြီး အသိပေးတတ်ပါတယ်။

    • ၆လ

    ၆လလောက်ဆိုရင်တော့ ကလေးက ပလုံးပထွေး အသံတွေ ထွက်လာပါပြီ။ ‘ပါး၊ မား’ စသဖြင့် အသံတွေပြုတတ်ပါပြီ။ ပီပီသသ မဟုတ်ပေမယ့်ပေါ့။ ၇လလောက်ဆိုရင်တော့ ကလေးက သူ့ကို ခေါ်ရင် ခေါ်မှန်းသိလာပါပြီ။ ပလုံးပထွေး အသံလေးတွေ လုပ်ပြီး သူပျော်တဲ့အကြောင်း၊ စိတ်ဆိုးတဲ့အကြောင်း ပြောပြတတ်လာပါပြီ။

    • ၉လ

    ၉လဆိုရင်တော့ သူ့ကို ပြောတဲ့ ‘မရဘူး၊ တာ့တာ’ စတဲ့ စကားလုံးတွေကို နားလည်လာပါပြီ။ သူပြောတာလေးတွေကလည်း အရင်ကထက် ပီသလာပါပြီ။

  • ၁နှစ်-၁နှစ်ခွဲ
  • ဒီအရွယ်ဆိုရင်တော့ ‘ဖေဖေ၊ မေမေ’ စတာတွေကို ခေါ်လည်း ခေါ်တတ်နေပြီ။ အဓိပ္ပာယ်လည်း နားလည်နေပါပြီ။ လူကြီးက ပြောတဲ့စကားတိုတိုလေးတွေ  ဥပမာ ‘မကိုင်နဲ့၊ ချထား’ စတာတွေကို နားလည်ပြီး လိုက်လုပ်နိုင်နေပါပြီ။

    • ၁နှစ်ခွဲ

    စာလုံးလွယ်လွယ်လေးတွေကို လိုက်ပြောနိုင်ပါပြီ။ ပြီးတော့ လူကြီးက သူ့ကို ပြပြီး သင်ထားတဲ့စကားလုံးတွေ (ဥပမာ ခွေးကို ပြပြီး ခွေးခွေး)ကို မှတ်မိနေပါပြီ။ စာလုံးအဆုံးသတ်လေးတွေ ဥပမာ ထမင်းကို ‘မင်းမင်း၊ မန်မန်’ စသဖြင့် လူကြီးပြောတာတွေကို မှတ်ပြီး လိုက်ပြောနေပါပြီ။

    • ၂နှစ်

    ၂နှစ်လောက်ဆိုရင်တော့ စာလုံးပေါင်း ၅၀လောက်ကို သိပြီး နှစ်လုံးတွဲ၊ သုံးလုံးတွဲ စကားတွေကို ပြောနိုင်ပါပြီ။ ( ဥပမာ- သွားမယ်၊ မစားဘူး စသဖြင့်)

    • ၃နှစ်

    ၃နှစ်ဆိုရင်တော့ သင်ယူတာ သိပ်မြန်ဆန်ပြီး စာလုံး ၁၀၀၀လောက်ကို သိနေပါပြီ။ ဦးနှောက်ဖွံ့ဖြိုးမှုရဲ့ အရှိန်အမြင့်ဆုံး အသက်ဖြစ်လို့လဲ ပါပါတယ်။ ၃လုံးတွဲ၊ ၄လုံးတွဲ စကားတွေကိုလည်း ပြောနိုင်နေပါပြီ။

    ကလေးကို စကားပြောတတ်အောင်  ဘယ်လိုသင်ပေး မလဲ။

    ကလေးစကားပြောတတ်ဖို့က သူ့ရဲ့ ဦးနှောက်ဖွံ့ဖြိုးတိုးတက်တာ အပါအဝင် မိဘတွေဘက်က ကြိုးစားအားထုတ်ဖို့လည်း လိုပါတယ်။ နည်းလမ်းတွေကတော့

    • ကလေးကို မြှူပါ။

    စကားမပြောတတ်သေးလည်း ရပါတယ်။ ကလေးကို မြှူပါ။ သူနဲ့ စကားပြောပေးပါ။ သူကလည်း ပြန်ပြီး အသံပြုပါလိမ့်မယ်။ ဒါက သူနဲ့ မိဘတွေရဲ့ ပထမဆုံး ဆက်သွယ်မှုပါပဲ။

    • နားထောင်ပေးပါ။

    ကိုယ်ကလည်း စကားပြောသလို သူပြောတာ၊ အသံပြုတာလည်း နားထောင်ပေးပါ။ သူနဲ့ စကားပြောနေတဲ့ ပုံစံမျိုး ဖြစ်ပါစေ။

    • ကလေးကို စကားပေးပြောပါ။

    ကလေးတွေကို စကားပြောစေဖို့ဆိုရင် သူတို့ဆီက စကားသံလေးတွေ ထွက်လာအောင်၊ စာလုံးလေးတွေ ပြောထွက်လာအောင် နည်းနည်းတော့ tricksလေးတွေ သုံးရပါတယ်။ ဥပမာ

    (၁) သူတို့ရှေ့မှာ သူတို့ကြိုုက်တာကို စားပြပါ။ သူတို့တောင်းစားပါစေ။ ဥပမာ ကိုယ်က သူကြိုက်တဲ့မုန့်ကို စားနေတယ်။ သူကလည်း စားချင်နေတယ်ဆိုရင် သူ့ကို ‘သားက ဒီမုန့်ကို စားချင်နေတာလား၊ မုန့်မုန့်ကိုလေ’ဆိုပြီး မုန့်လေးကို ပြပြီးမှ သူ့ကိုပေးပါ။

    (၂) သူကြိုက်တဲ့အရုပ်ကို သူ့ကို မပေးဘဲ ဆော့နေပါ။ သူကြိုက်တဲ့ ဘောလုံးလေးကို သူ့ရှေ့မှာ ဆော့ပြပါ။ သူလည်း ဝင်လာပါလိမ့်မယ်။ ဒီတော့မှ ‘မီးမီးက ဆော့ချင်တာလား၊ ဒီလို ဒီလို ဆော့ချင်တာလား’ဆိုပြီး သူ့ကို လုပ်ပြလိုက်ပါ။ ဘယ်လိုလုပ်တာက ဆော့တာလဲဆိုတာ သူသိသွားပါလိမ့်မယ်။

    (၃) နောက်တစ်နည်းကတော့ သူကြိုက်တဲ့ မုန့်လေးတွေကို ဘူးထဲထည့်ပြီး ဖွင့်လို့မရအောင် လုပ်ထားလိုက်ပါ။ သူစားချင်တဲ့အခါ ကိုယ့်ကို လာပြီး ဖွင့်ခိုင်းပါလိမ့်မယ်။ အဲ့ဒီအခါ အထဲက မုန့်ကို ‘မုန့်မုန့်’ ဖွင့်ပေးပြီးသွားရင် ‘ဖွင့်ဖွင့်’ စသဖြင့် စကားလုံးတွေနဲ့ ရင်းနှီးအောင် သင်ပေးလိုက်ပါ။

    (၄) သူကြိုက်တဲ့ အရုပ်တွေကို သူမမီနိုင်တဲ့ အမြင့်မှာ တင်ထားပါ။ သူကြိုက်တဲ့ ဘောလုံးလေးတွေ၊ အရုပ်လေးတွေကို သူမမီနိုင်တဲ့ နေရာမှာထားတဲ့အခါ သူဆော့ချင်ရင် ကိုယ့်ကို လာယူခိုင်းပါလိမ့်မယ်။ စစချင်းမှာတော့ သူက လက်ညိုးထိုးပြီး ယူခိုင်းပါလိမ့်မယ်။ ဒါဆိုရင်တော့ ဒါက ‘ဘော ဘော’လို့ပြောပြီး ယူပေးလိုက်ပါ။ နောက်ပိုင်းကျရင်တော့ သူလိုချင်တာကို ချက်ချင်း မယူပေးသေးဘဲ ‘ဘော ဘော’ဆိုတဲ့ စကားလုံးထွက်တဲ့အထိ စောင့်လိုက်ပါ။

    (၅) တူတူဆော့ပေးပါ။ ဘောလုံးအပြန်အလှန်ပစ်တဲ့ ကစားနည်းတွေဆို သူကကိုယ့်ကို ပစ်ပေးပြီးရင် ခဏလေး  ပြန်မပေးသေးဘဲ စောင့်လိုက်ပါ။ စစချင်းမှာတော့ သူက ‘ပစ် ပစ်’ အဲ့ဒီကနေမှ ‘ပစ်ပေး’ ‘ဘောလုံးပစ်’ ‘ဘောလုံးပစ်ပေး’ စသဖြင့် စာလုံးလေးတွေ တိုးလာပါလိမ့်မယ်။

    သူ့အရွယ်နဲ့ လိုက်ဖက်တဲ့ ပုံပြင်လေးတွေ၊ ကာတွန်းလေးတွေ စသဖြင့် အသံကျယ်ကျယ်နဲ့ ဖတ်ပြပေးပါ။ သံနေသံထားနဲ့ သူ့တို့နားလည်နိုင်တဲ့ စကားလုံးလေးတွေသုံးပြီး ဖတ်ပြပေးပါ။

    • သီချင်းအတူဆိုပေးပါ။

    ကလေးငယ်ငယ်လေးတွေက သီချင်းသံ၊ ဂီတသံတွေနဲ့ လှုပ်ရှားမှုကို သဘောကျကြပါတယ်။ မြူးကြွတဲ့သံစဉ်နဲ့ သီချင်းတွေကို ခဏခဏဆိုပြရင်း (ကလေးကမပီလည်း) သူတို့ကိုပါ အတူလိုက်ဆိုခိုင်းပါ။

    ကလေးငယ်လေးတွေမှာ TV၊ ဖုန်း စတာတွေကို မပြသင့်ပါဘူး။ စကားပြောတယ်ဆိုတာ အပြန်အလှန်ဆက်သွယ်မှုပါ။ TVကြည့်၊ ဖုန်းကြည့်တဲ့အခါ ကလေးက တစ်ဖက်က ပြောတာကို ငြိမ်ငြိမ်လေးပဲ နားထောင်နေ၊ ကြည့်နေတာ ဖြစ်တဲ့အတွက် သူ့ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ မဖြစ်စေပါဘူး။

    စကားလက်ဆောင်

    မိဘတွေက ကလေးစကားပြောနောက်ကျတဲ့အခါ စိုးရိမ်ကြပါတယ်။ ကလေးတိုင်းက သူ့ဖွံ့ဖြိုးမှု မှတ်တိုင်နဲ့သူဆိုတော့ ပုံမှန်ထက် စောတာ၊ နောက်ကျတာ ရှိတတ်ပါတယ်။ ကလေးက စကားသေချာမပြောတတ်ဘူး ဘာလုပ်ပေး‌ရမလဲလို့ မေးလာရင် အကောင်းဆုံးနည်းလမ်းက ကလေးနဲ့ စကားပြောပါလို့ပဲ ပြောချင်ပါတယ်။
    ကလေးကို လူကြီးလို သဘောထားပြီး စကားပြောပေး၊ သူနဲ့ အမြဲတမ်း ဆက်သွယ်ပေးမှ ကလေးက ပြန်ပြောတတ်မှာ ဖြစ်ပါတယ်။
    တချို့ကလေးတွေက စကားပြောနောက်ကျတာ၊ မပြောနိုင်တာလည်း ရှိပါတယ်။ တကယ်လို့ ကလေးက မိဘတွေ ဘာပြောပြောမတုံ့ပြန်ဘူးဆိုရင် ဆရာဝန်နဲ့ ပြကြည့်ပါ။ သူမပြောနိုင်တာမဟုတ်ဘဲ မကြားလို့ ပြန်မပြောတာလည်း ဖြစ်နိုင်တာကြောင့်ပါ။ တစ်နည်းအားဖြင့် အကြားအာရုံချို့ယွင်းလို့ ဖြစ်နိုင်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 10/05/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement