backup og meta

ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။

    ဘေဘီလေးရဲ့ ပါးစပ်မှာ အမြှုပ်လေးတွေ စီနေတာကို မြင်လိုက်တဲ့ မိဘတိုင်း စိုးရိမ်သွားတတ်သူချည်းပါ။ ဒါပေမယ့် ဒီလို အမြှုပ်လေးတွေစီနေတာ ပုံမှန်ဖြစ်တတ်တာလည်း ဖြစ်နိုင်သလို အခြားစိုးရိမ်ရတဲ့ ပြဿနာတွေ ကလေးမှာရှိနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် ဒီဆောင်းပါးလေးမှာတော့ ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ဆိုတဲ့အကြောင်းလေး ပြောပြပေးချင်ပါတယ်။

    ကလေးက အေးအေးချမ်းချမ်နဲ့ အိပ်နေတယ်၊ ဖျားတာ အသက်ရှူရခက် နေတာမျိုးလည်း မရှိဘူးဆိုရင် ကလေးပါးစပ်က အမြှုပ်တွေက စိတ်ပူစရာမရှိဘူးဆိုပေမယ့် ခုပြောပြမယ့် အခြေအနေတွေ ကလေးမှာ ရှိနေပြီဆိုရင် ဆရာဝန်ဆီ ချက်ချင်းသွားဖို့လိုပါပြီ။ ဘာတွေလဲဆိုတာ ဆက်ကြည့်ရအောင် ။

    ဘေဘီလေးတွေရဲ့ပါးစပ်မှာ အမြှုပ်တွေစီနေတာ ဘယ်လိုအချိန်တွေဆို စိုးရိမ်ရလဲ ။

    • ပါးစပ်မှာ အမြှုပ်တွေ တစ်ချိန်လုံးထွက်နေတာအပြင် ကလေးက အသက်ရှူလမ်းကြောင်းပိတ်နေသလို အသက်ရှူရခက်နေတာမျိုး၊ နို့သီးသွားတာမျိုး၊ ဖျားနေတာမျိုးတွေ ရှိပြီး မလန်းဘဲ တစ်ချိန်လုံး ဂျီကျမျိုးတွေရှိနေရင် ဆရာဝန်ဆီသွားသင့်ပါတယ်။

      ဒါတွေက မတည့်တာတွေ စားမိတာ၊ အသက်ရှူလမ်းကြောင်းပိုးဝင်တာနဲ့ အခြား အစာခြေစနစ်နဲ့ ဆိုင်တဲ့ ပြဿနာတွေ ကလေးမှာ ရှိနေနိုင်တာကြောင့်ပါ။

    • ဒီနေ့မှ ကာကွယ်ဆေးထိုးလာတယ်၊ ကလေးပါးစပ်မှာလည်း အမြှုပ်လေးတွေထွက်ပြီး ပြာနှမ်းနေတယ်ဆိုရင် ဒါ ထိုးလိုက်တဲ့ ကာကွယ်ဆေးကို ကလေးကိုယ်ခန္ဓာက ပြန်တုံပြန်တာမျိုး ဖြစ်နိုင်တာကြောင့် ဒီလို အခြေအနေမျိုးတွေ ရှိခဲ့ရင် ဆရာဝန်ကိုချက်ချင်းပြောပါ။
    • ကလေးနဲ့ မရင်းနှီးတဲ့အစားအစာအသစ်တွေ စကျွေးတဲ့အချိန်မှာ ကလေးပါးစပ်ကနေ အမြှုပ်လေးတွေ ထွက်နိုင်ပါတယ်။ ဒါက ကလေးကိုယ်ခန္ဓာက သင်ကျွေးလိုက်တဲ့အစားအစာအသစ်ကို မယဉ်သေးဘူးဆိုတဲ့ အဓိပ္ပာယ်ရတာကြောင့် အဲဒီ အစားအစာ ကလေးကို ဆက်မကျွေးပါနဲ့တော့။ အခြားပြင်းထန်တဲ့ အစာအဆိပ်သင့်ပြဿနာတွေဖြစ်တဲ့ စားပြီးပြန်အန်တာ၊ ဖျားနာတာ၊ ဝမ်းလျှောတာမျိုးရှိခဲ့ရင်တော့ ဆေးခန်း ချက်ချင်းသွားပြပါ။
    • ကလေးပါးစပ်မှာလည်း အမြှုပ်လေးတွေ တစ်ချိန်လုံးစီနေတယ်၊ ကလေးက ရွယ်တူတွေနဲ့ယှဉ်ရင် ပိုသေးနေပြီး ထွားသင့်သလောက်တောင် မထွားလာတဲ့အခါမျိုးမှာ ဆရာဝန်ဆီ သွားစစ်ဆေးဖို့လိုအပ်ပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ကလေးရဲ့ အစာခြေစနစ်မှာ တစ်ခုခုဖြစ်နေပြီး အစာခြေရည် တွေ ပြန်ဆန်တက်နေတာကြောင့် အာဟာရတွေရသင့်သလောက်မရဘဲ ကလေးညှက်နေရခြင်း ဖြစ်နိုင်လို့ပါ။
    • ပါးစပ်မှာ စီနေတဲ့ အမြှုပ်တွေက အဖြူရောင် အကြည်ရောင်မဟုတ်ဘဲ အစိမ်းရောင်၊ အဝါရောင် ၊ ခရမ်းရောင် အနီရောင်တွေဖြစ်နေမယ်ဆိုရင် ကလေးကိုယ်ခန္ဓာမှာ ရောဂါပိုးဝင်နေတာ ( ဒါမှမဟုတ် ) ကြီးကြီးမားမားကျန်းမာရေး ပြဿနာတစ်ခုခုရှိနေပြီလို့ ယူဆရတာကြောင့် ဆရာဝန်ဆီ ချက်ချင်းသွားစေချင်ပါတယ်။
    • အသက်ရှူရခက် နေတဲ့ပုံလည်းဖြစ်နေတယ်။ ကလေးပါးစပ်မှာ အမြှုပ်လေးတွေလည်းစီနေမယ်။ ကလေးက ပန်းရောင်မဟုတ်တော့ဘဲ ပါးစပ်တွေ လက်တွေကလည်း အပြာရောင် ပြောင်းသွားမယ်ဆို အသက်ရှူလမ်းကြောင်းပိတ်နေတာဖြစ်နိုင်တာကြောင့် ဆေးရုံဆေးခန်းကို ချက်ချင်းပြေးစေချင်ပါတယ်။

    ပါးစပ်မှာ အမြှုပ်ထွက်တတ်တဲ့ ကလေးကို ဘယ်လိုပြုစုကြမလဲ ။ ။

    အပေါ်မှာ စိုးရိမ်စရာလိုတဲ့အခြေအနေတွေကိုပဲ တန်းစီပြောခဲ့တာကြောင့် ကလေးပါးစပ်က အမြှုပ်ထွက်တာ စိုးရိမ်စရာလို့ထင်နေကြပါဦးမယ်။ အပေါ်မှာ ပြောထားတဲ့အခြေအနေတွေလိုမျိုး အသက်ရှူရခက်တာ၊ ဖျားတာ အန်တာ တွေ ဘာမှ မရှိဘူး ကလေးကလည်း လန်းနေတယ်ဆိုရင် မစိုးရိမ်ပါနဲ့။ ငယ်သေးတဲ့ကလေးတွေမှာဒီလိုမျိုး ပါးစပ်ကနေ အမြှုပ်လေးတွေ စီနေတာမျိုးဖြစ်တတ်ပါတယ်။ အရပ်ထဲမှာဆို ဗူးမှုတ်တယ်လို့တောင် ခေါ်ကြတယ်လေ။ ဒီတော့ ဒီကလေးတွေကို မေမေတို့ဘက်က ကူညီပေးနိုင်တာတွေကတော့

    • နို့ကို တစ်ခါတည်း အများကြီးမတိုက်ပါနဲ့။ တစ်ခါတိုက်ရင် တစ်ဘက် ၁၀ မိနစ်လောက်တိုက်ပြီး နားပါ။ ကလေးက မဝသေးဘူးဆိုရင် နောက် ၁၅ မိနစ်ကြာမှပြန်တိုက်ပါ။
    • နို့ဘူးတိုက်နေတယ်ဆိုရင် နို့သီးခေါင်းပေါက်မကျယ်တဲ့ နို့ဘူးမျိုးကို ရွေးချယ်ပါ။ နို့ဘူးကို သေချာသန့်ရှင်းရေးလုပ်ပါ။
    • ကလေနဲ့ မတည့်ဘူးလို့ထင်တဲ့ အစားအစာတွေကို စာရင်းပြုစုထားပြီး မကျွေးမိအောင် ဂရုစိုက်ပါ။
    • လေအောင့်လေထိုးဖြစ်တတ်တဲ့ ကလေးတွေဆိုရင်လည်း ကလေးကို နို့တိုက်ပြီးတိုင်း ကျောလေးကို ပွတ်ပွတ်ပြီး လေထုတ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thin Yadanar @ Frances မှ ရေးသားသည်။ · 23/02/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement