backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးလေနာဖြစ်နေရင် ဒီလိုသက်သာအောင်လုပ်ပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးလေနာဖြစ်နေရင် ဒီလိုသက်သာအောင်လုပ်ပါ

ကလေးတွေ ငိုတယ်ဆိုတာ မဆန်းပါဘူး။ စကားမပြောတတ်သေးတဲ့ သူတို့လေးတွေအတွက် ငိုတယ်ဆိုတာက သူတို့ဆာလောင်နေတယ်ဆိုတာ၊ သူတို့လေးတွေရဲ့ အဝတ်တွေစိုနေတယ်ဆိုတာနဲ့ သူတို့မအီမသာဖြစ်နေတယ်ဆိုတာတွေကိုဖော်ပြပေးနေတဲ့ အချက်ပြမှုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ငိုကြွေးခြင်းက သူတို့အနေနဲ့ ဝေဒနာတစ်ခုခုကို ခံစားနေရတယ်ဆိုတာကိုလည်း ဖော်ပြခြင်းဖြစ်ပါတယ်။ ဒီထဲမှာ အဖြစ်အများဆုံးကတော့ လေနာဝေဒနာပါ။ အရမ်းကြီးပြင်းထန်ဆိုးရွားတဲ့ ရောဂါတစ်မျိုးမဟုတ်ပေမယ့် ညတိုင်းငိုယိုနေတဲ့ ကိုယ့်ရဲ့ ကလေးကို ကြည့်ရတာ ဘယ်မိဘအတွက်မှ စိတ်ချမ်းသာစရာမကောင်းပါဘူး။ ဒီဆောင်းပါးမှာတော့ ကလေးလေနာဖြစ်နေရင် ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။

ကလေးမှာ လေနာဖြစ်နေတယ်ဆိုတဲ့ လက္ခဏာများ

ကလေးဆိုတာကတော့ ငိုမှာပါပဲ။ မွေးကင်းစကလေးငိုတိုင်း ရောဂါကြောင့်မဟုတ်ပါဘူး။ ကလေးသဘာဝအတိုင်း ငိုတာပါ။ မွေးကင်းစကလေးတွေဟာ တစ်နေ့ကို ၂ နာရီလောက် ငိုတတ်ကြပါတယ်။

ဒီအချက်လေးတွေရှိနေရင် ကလေးမှာ လေနာဖြစ်နေတာ ဖြစ်နိုင်ပါတယ်။

  • အကြောင်းအရင်းမရှိဘဲ ငိုနေတာ။ (ဆာတာလည်းမဟုတ်၊ သေးခံညစ်ပေနေတာမျိုးလည်းမဟုတ်ဘဲ ငိုနေရင်)
  • ညနေတိုင်း အချိန်မှန်ငိုနေတာက နေ့တိုင်းဖြစ်နေခဲ့ရင်
  • တစ်နေ့ကို ၃နာရီလောက်ငိုတာက တစ်ပတ်ကို ၃ ရက် ဒါမှမဟုတ် ၃ ရက်ကျော်လောက်အထိ ငိုနေမယ်ဆိုရင်
  • အသံက ပုံမှန်မဟုတ်ဘဲ အာခေါင်ခြစ်ပြီးအော်ငိုနေရင်
  • ဘယ်လိုမှ ချော့လို့မရဘဲဖြစ်နေရင်

အခြားလက္ခဏာများအနေနဲ့

  • လက်သီးကို ဆုပ်ရင်းငိုနေရင်
  • သူရဲ့ လက်ရောခြေထောက်ရောကို ဗိုက်ဆီကို ကွေးညွတ်ထားပြီး ခပ်ကွေးကွေးပုံသဏ္ဍာန်နဲ့ ငိုနေရင်
  • ဗိုက်ထဲက လေပွနေတာမျိုးဖြစ်နေရင်
  • မျက်နှာနီရဲပြီးငိုနေရင်
  • ဗိုက်ကြွက်သားလေးတွေ တင်းနေရင်

ဘာကြောင့် လေနာဖြစ်ရတာလဲ

ကလေးတွေမှာ လေနာဖြစ်ရတဲ့အကြောင်းအရင်းကိုဘယ်သူမှတိတိကျကမသိသေးပါဘူး။ ကလေးမှာ လေနာဖြစ်စေတယ်လို့ ယူဆထားတဲ့ အကြောင်းရင်းတွေကတော့

  • ကလေးရဲ့ အစာခြေစနစ်က ကောင်းကောင်းမဖွံ့ဖြိုးသေးတာ
  • အူထဲမှာ ကောင်းကျိုးပြုဘက်တီးရီးယားတွေ မမျှတတာ
  • အစာဓာတ်မတည့် ဒါမှမဟုတ် ခံနိုင်ရည်မရှိတာ
  • ကလေးကို နို့တိုက်များလွန်းတာ၊ နည်းလွန်းတာ၊ လေမထုတ်ပေးတာ
  • ကလေးမိုက်ဂရင်း
  • စိတ်ဖိစီးမှုများတာ စတာတွေပဲ ဖြစ်ပါတယ်။

ကလေးလေနာဖြစ်နေရင် ဘယ်လိုကုသမလဲ

လေနာဝေဒနာက ကလေးအသက် ၆ပတ်လောက်ဆို ဖြစ်တတ်ပြီး ၃−၄ လအရွယ်လောက်ဆို အလိုလိုသက်သာသွားတတ်ပါတယ်။ အလိုလိုသက်သာသွားတတ်တယ်ဆိုပေမယ့် ၃−၄လမပြည့်ခင်အထိ ကလေးက ခံစားနေရမှာပါ။ ဒါကြောင့်

  • ဆရာဝန်နဲ့ တိုင်ပင်ပြီး လေထိုးလေအောင့်သက်သာစေမယ့် ဆေးတစ်မျိုးမျိုးတိုက်ပေးတာ
  • Probiotics တိုက်ပေးတာတွေ လုပ်လို့ ရပါတယ်။ Probiotics ဆိုတာက အစာခြေလမ်းကြောင်းထဲက အကျိုးပြုဘက်တီးရီးယားတွေကို ထိန်းညှိရာမှာ ကူညီပေးတဲ့ အရာတစ်ခုပါ။ ကလေးတွေရဲ့ အစာခြေလမ်းကြောင်းထဲမှာ အကျိုးပြုဘက်တီးရီးယားတွေ မျှမျှတတ မရှိတာကြောင့်ဖြစ်တဲ့ လေနာဝေဒနာအတွက်ဆိုရင် အလုပ်ဖြစ်နိုင်ပါတယ်။

တစ်ခုသိထားရမှာက ကလေးတွေမှာ လေနာအပြီးသက်သာစေတဲ့ ဆေးမရှိသေးပါဘူး။ လေနာပျောက်ဆေးတွေ၊ Probioticsတွေ တိုက်ပေမယ့် မသက်သာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။

ကလေးလေနာဖြစ်နေရင် ဒီလိုသက်သာအောင်လုပ်ပါ

ကလေးငိုနေတာကို ထိုင်ကြည့်နေဖို့ဆိုတာက မိဘတွေအတွက်တော့ တော်တော်လေးမလွယ်တာပါ။ တချို့မိဘတွေကျတော့လည်း ခြေမကိုင်မိ လက်မကိုင်မိနဲ့ ဘာလုပ်ရမှန်းမသိဖြစ်နေတတ်ပါတယ်။ အခုပြောပြမယ့်နည်းလမ်းတွေက ကလေးကို လေနာမဖြစ်အောင် အတိုင်းအတာတစ်ခုအထိ ကူညီပေးနိုင်ပါလိမ့်မယ်။

  • ချိုလိမ်တပ်ပေးနိုင်ပါတယ်။
  • ကလေးကို တွန်းလှည်းထဲထည့်ပြီး တွန်းပေးတာ၊ ကားပတ်စီးတာ လုပ်ပေးနိုင်ပါတယ်။
  • ကလေးကို ချီပိုးပြီး ချော့မြှူပေးပါ။
  • စောင်လေးနဲ့ ထွေးပြီး ပွေ့ထားပေးပါ။
  • ရေနွေးနဲ့ရေချိုးပေးပါ။
  • ကလေးရဲ့ ဗိုက်နဲ့ ကျောကို ပွတ်သပ်ပေးပါ။
  • ကလေးကို နို့ဗူးတိုက်တဲ့အခါ မတ်မတ်လေးထားပေးပါ။
  • နို့တိုက်ပြီးတိုင်း လေထုတ်ပေးပါ။
  • ကလေးကို ဖော်မြူလာနို့မှုန့်တိုက်တယ်ဆိုရင် ဖော်မြူလာပြောင်းကြည့်ပါ။ ဥပမာ အစာခြေရလွယ်တဲ့ hydrolysed formulaတွေ ပြောင်းတိုက်ကြည့်ပါ။
  • များသောအားဖြင့် ကလေးလေနာထရင် အမေအစားရှောင်ဖို့ မလိုပါဘူး။ ဒါပေမယ့် မေမေတစ်ခုခုစားတိုင်း ကလေးလေနာနေရင်  အဲ့ဒီအစားအစာကို ကလေးလေနာသက်သာတဲ့အထိ ရှောင်ထားသင့်ပါတယ်။

ဒီနည်းလမ်းတွေကလည်း ကလေးတိုင်းနဲ့ အသုံးတည့်ချင်မှ တည့်မှာပါ။ ကိုယ့်ကလေးက ဘယ်လိုလုပ်ရင် လေနာသက်သာလဲဆိုတာကို စမ်းသပ်ကြည့်သင့်ပါတယ်။

ဒီလိုအခြေအနေမျိုးတွေဖြစ်ရင် ဆရာဝန်နဲ့ပြသပေးဖို့လိုပါမယ်

လေနာတာက ပြင်းထန်တဲ့ ကျန်းမာရေးပြဿနာ မဟုတ်ပါဘူး။ တစ်ခါတလေ ကလေးဗိုက်အောင့်တာက လေနာတာကြောင့် မဟုတ်ဘဲ တခြားအကြောင်းကြောင့် ဖြစ်နေနိုင်ပါတယ်။ ဒါကြောင့် ကလေးက ဗိုက်အောင့်တာအပြင်

  • ဝမ်းပျက်နေပြီး ဝမ်းထဲမှာသွေးပါလာရင်
  • ကိုယ်အလေးချိန်တိုးမလာရင်
  • ဖျားရင်
  • အန်နေရင်
  • ဖျားပြီး အီနေရင်
  • တက်တက်ကြွကြွမရှိဘဲ ကလေးကပုံမှန်ထက်ငြိမ်နေရင် ဆရာဝန်နဲ့ ချက်ချင်းပြသဖို့လိုပါလိမ့်မယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Aye Thi Mon မှ ရေးသားသည်။ · 18/04/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement