backup og meta

မေမေတို့ကြောက်တဲ့ ဘေဘီတို့ရဲ့ ခေါင်းလျှော် ချိန်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    မေမေတို့ကြောက်တဲ့ ဘေဘီတို့ရဲ့ ခေါင်းလျှော် ချိန်

    ကလေးဝေယျာဝစ္စတွေထဲမှာ အနှီးလေးပတ်ထားရတဲ့အရွယ်တုန်းက လုပ်ပေးရလွယ်ကူသလောက် ကြီးလာလေ ခက်ခဲလာလေ ဖြစ်ရတာက ရေချိုးပေးတဲ့အချိန်ပါပဲ။ ရေချိုးတဲ့အချိန် ရေဆော့ချင်တဲ့ ဘေဘီတို့အတွက် ပျော်စရာဖြစ်ပေမယ့် ခေါင်းလျှော် တဲ့အချိန်တော့ မေမေတို့ပြဿနာတက်ရတဲ့ ကလေးတွေရှိပါတယ်။

    ကလေးက ဘာလို့ ကြောက်တာလဲ

    ကလေးက ခေါင်းလျှော်ဖို့ကို ဒီလောက်ကြောက်နေရအောင် ဘာအကြောင်းရင်းတွေကြောင့်လဲဆိုတာ အရင်ဆုံးတွေးရပါမယ်။ ဒါမှ ရေချိုးချိန်၊ ခေါင်းလျှော်ချိန်တွေမှာ သူပျော်လာအောင် ဘယ်လိုပြင်ဆင်ပေးရမလဲဆိုတာ စဉ်းစားလို့ရမှာပေါ့။ ဥပမာ –

  • ကလေးက ရေထိမှာ၊ ရေစိုမှာကို ကြောက်တာ သို့မဟုတ် မကြိုက်တာကြောင့်လား၊
  • ရေဆော့ရတာ ပျော်ပေမယ့် ခေါင်းကို ရေစိုရင် အေးခနဲ ခံစားချက်ကို ကြောက်တာလား၊
  • ခေါင်းကို ရေပိုက်နဲ့ဖြစ်ဖြစ်၊ ရေခွက်နဲ့ဖြစ်ဖြစ် ရေလောင်းချမှာကို ကြောက်တာလား၊
  • ရေမွန်းမှာ ကြောက်တာလား၊
  • ခေါင်းလျှော်ရည်ကြောင့် မျက်စိစပ်မှာကြောက်တာလား စသည်ဖြင့် ကိုယ့်ကလေးရဲ့အမူအကျင့်နဲ့အကြိုက်တွေကို အခြေခံပြီးတွေးကြည့်ပါ။
  • ပြီးမှ သူ့မှာ ဒီလိုကြောက်စိတ်တွေ ဖြစ်လာစေအောင် ကိုယ်ရေချိုးပေးတဲ့၊ ခေါင်းလျှော်ပေးတဲ့နည်းလမ်းတွေက ဘာတွေများမှားနေသလဲ၊ ဘာလိုအပ်ချက်တွေရှိနေလဲဆိုတာ ပြန်ဆန်းစစ်သင့်ပါတယ်။

    ချိုးပေးတဲ့ရေက အေးနေတာများလား၊ ကလေးရဲ့ နှာခေါင်းတွေ၊ နားတွေထဲ ရေဝင်အောင် လုပ်မိနေသလား၊ ရေလောင်းပေးတဲ့ပုံစံကို ကလေးက မကြိုက်တာများလား (ရေပန်းလေးနဲ့ လျှော်တာ သို့မဟုတ် ရေခွက်နဲ့လောင်းတာ/ရေများများလောင်းမိတာ)၊ ရှန်ပူသုံးတာများနေလား ဆိုတာမျိုးတွေပါ။ ပြီးရင်တော့ အကောင်းဆုံးဖြစ်အောင် ဘယ်လိုကြိုးစားကြည့်မလဲဆိုတဲ့ အဆင့်ကို ရောက်ပါပြီ။

    ရေချိုးချိန်မှာ ကလေးပျော်အောင်၊ ခေါင်းလျှော် ရလွယ်အောင် ဘယ်လိုလုပ်ပေးမလဲ၊ ဘယ်လိုပြင်ဆင်ပေးမလဲ။ ဘာတွေမလုပ်သင့်၊ ဘာတွေလုပ်သင့်တာလဲ အကြံပြုချက်တချို့ လေ့လာကြည့်ရအောင်။

    ခေါင်းလျှော် ရခက်တာကို ဘယ်လိုဖြေရှင်းကြမလဲ

    (၁) ကလေးချိုးမယ့် ရေကို အပူအအေးထိန်းညှိပေးရပါမယ်။

    ပူလွန်း အေးလွန်းတဲ့ ရေကို ရှောင်ပြီး ကြက်သီးနွေးရေလေးနဲ့ ချိုးပေးပါ။ အေးလွန်းရင် ကလေးက လန့်နိုင်သလို ပူလွန်းရင်လည်း ဆံပင်နဲ့ အသားအရေတွေ ပျက်စီးတတ်ပါတယ်။ အအေးမမိစေဖို့ လေကွယ်အောင် ကာထားတာ ကောင်းပါတယ်။

    (၂) မျက်စိမစပ်စေမယ့် tear-free ကလေးရှန်ပူအမျိုးအစားကို ရွေးဝယ်ပါ။

    ကလေးအတွက် ရှန်ပူကို လူကြီးသုံး ရှန်ပူ မဟုတ်ဘဲ ကလေးအတွက် သီးသန့်ထုတ်ထားတာမျိုး ရွေးဝယ်ပါ။

    (၃) ကလေးကို သူနှစ်သက်တဲ့ ကစားစရာအရုပ်လေးတွေ ပေးထားပြီး ရေချိုးပါ။

    ဥပမာ ရေဇလုံထဲကို ဘဲရုပ်‌လေးတွေ ထည့်ထားပေးတာ၊ သူ့ကို ခဏလောက် ရေဆော့ခွင့်ပေးထားထာမျိုးကလည်း ရေနဲ့ ရင်းနှီးပြီး သက်သောင့်သက်သာ ဖြစ်စေပါတယ်။

    (၄) ကလေးကို ရေချိုးပေးတိုင်းခေါင်းလျှော်ပေးဖို့မလိုပါဘူး။

    ကလေးဆံသားက သိပ်ညစ်ပေမှာမဟုတ်တာကြောင့် တစ်ပတ်တစ်ကြိမ်ဆို သူတို့အတွက် လုံလောက်ပါတယ်။ ရက်နည်းနည်းခြားပေးခြင်းအားဖြင့် ခေါင်းလျှော် ရတဲ့စိတ်ဒုက္ခကို ကလေးက မေ့သွားလောက်ပါတယ်။

    (၅) ရေချိုးခန်း အပေါ်မျက်နှာကြက်မှာ ရယ်စရာကောင်းတဲ့ ရုပ်ပုံ သို့မဟုတ် လှုပ်တုပ်တုပ် အရုပ်တစ်ခုခုချိတ်ဆွဲထားပါ။

    ခေါင်းလျှော်နေတဲ့ ကိစ္စကနေ သူအာရုံပြောင်းသွားစေမယ့် အရာတစ်ခုခုပေါ့။

    (၆) သီချင်းတစ်ခုခုကို ကျယ်ကျယ်ဆိုနေတာမျိုးကလည်း အာရုံပြောင်းတဲ့နေရာမှာ အထောက်အကူဖြစ်ပါတယ်။

    လက်ကလေး၊ ခြေထောက်လေးတွေကို ရေချိုးပေးရင်းလည်း တစ်ခုချင်းအသံထွက်ပြီး စကားပြောပေးမယ်ဆိုရင် တစ်ကိုယ်လုံးရေချိုးပြီးတဲ့အခါ သင်သာလက်မြန်ခဲ့ရင် ခေါင်းတခါတည်း လျှော်လိုက်လို့ ရပါတယ်။

    (၇) ကလေးရဲ့ ကြောက်စိတ်တွေကို ကူဖျောက်ပေးပါ။

    ဘာမှကြောက်စရာမရှိတဲ့အကြောင်းပြောရင်း ကလေးရဲ့ လက်ကိုပါ ရှန်ပူထည့်ပေးပြီး သူကိုယ်တိုင်လည်း ဝင်လျှော်ခိုင်းပါ။ သူ့လက်နဲ့သူ လုပ်ရတာဖြစ်လို့ ယုံကြည်မှု ပိုရှိလာနိုင်ပြီး ကြောက်စိတ် လျော့လာမှာပါ။ နောက်အကြိမ်တွေမှာ အခုလောက် မခက်ခဲတော့လောက်ပါဘူး။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 14/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement