backup og meta

ဘေဘီလေးတွေရဲ့ အသက်အရွယ်အလိုက် ပေးကစားသင့်တဲ့ အရုပ်လေးတွေက


Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဘေဘီလေးတွေရဲ့ အသက်အရွယ်အလိုက် ပေးကစားသင့်တဲ့ အရုပ်လေးတွေက

    ကစားစရာ ကလေးတွေရဲ့ကြီးထွားဖွံ့ဖြိုးမှုအတွက် အဓိကကျတဲ့နေရာကနေပါဝင်နေတဲ့ ဇာတ်ကောင်တစ်ခုပေါ့။ ကလေးတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကြီးထွားဖွံ့ဖြိုးဖို့အတွက် ကစားစရာတွေကပေးစွမ်းနိုင်ပါတယ်။ ကလေးလေးတွေရဲ့ အပျော်ရွှင်ဆုံးအချိန်က ကစားစရာ အသစ်လေးတွေရတဲ့အချိန်ပါ။ ကလေးဘဝတုန်းက ကစားစရာအသစ်လေးတွေရဖို့က အကြီးမားဆုံးမျှော်လင့်ချက်ဖြစ်ခဲ့ကြဖူးတယ်ဟုတ်။ ဒါကြောင့် ကိုယ်တိုင်က မိဘအရာရောက်လာတဲ့အခါ ရင်သွေးလေးကို သူတို့အသက်အရွယ်နဲ့လိုက်ဖက်မယ့် အရုပ်လေးတွေကို ဝယ်ပေးဖို့ မမေ့ပါနဲ့နော်။

    အရုပ်တွေက ကလေးကိုပျော်ရွှင်အောင်လုပ်ဆောင်ပေးနိုင်သလို ကလေးရဲ့ အာရုံခံစားမှုနဲ့ ဖန်တီးနိုင်စွမ်းတွေဖြစ်ပေါ်လာအောင် လှုံ့ဆော်ပေးပါတယ်။ ကလေးလေးတွေကောင်းကောင်းမွန်မွန်ကြီးပြင်းလာဖို့ဆိုရင်ကလေးလေးတွေဖွံ့ဖြိုးလာတဲ့အလျောက် လိုက်ဖက်ညီမယ့် အရုပ်လေးတွေကိုရွေးချယ်ပေးဖို့ကလည်း မိဘတွေအနေနဲ့မေ့ထားလို့မဖြစ်တဲ့ အချက်တစ်ခုပေါ့။ ကဲ ကလေးလေးတွေကို ဘယ်လိုအရုပ်လေးတွေနဲ့ပေးဆော့မှာလဲ။

    ကလေးလေးတွေကို အသက်အရွယ်အလိုက် သင့်တော်မယ့်အရုပ်လေးတွေနဲ့ပေးကစားရင် ရရှိလာမှာတွေက

    ကလေးငယ်ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုအပေါ်မှာ အကျိုးသက်ရောက်မှုရှိစေတယ်။

  • သင်ယူမှုစွမ်းရည်တိုးတက်ကောင်းမွန်လာမယ်။
  • ကလေးရဲ့ အာရုံစူးစိုက်မှုကိုကောင်းမွန်လာစေမယ်။
  • အရောင်တွေကိုခွဲခြားသိမြင်လာမယ်။
  • မျက်လုံးနဲ့လက်လှုပ်ရှားမှုကို ချိတ်ဆက်မိလာမယ်။
  • ကြွက်သားလှုပ်ရှားမှုတွေကောင်းမွန်လာမယ်။
  • ပြဿနာဖြေရှင်းနိုင်စွမ်းကောင်းလာမယ်။
  • အသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက

    ကလေးအသက်အရွယ်အလိုက်ပေးကစားသင့်တဲ့အရုပ်တွေက

    မွေးကင်းစ ကနေ အသက် ၈ လအထိ

    ဒီအရွယ်မှာတော့ ကလေးကိုသေးသေးကွေးကွေးလေးတွေပေးဆော့မယ့်အစား အသံထွက်မယ့်အရုပ်လေးတွေပေးဆော့တာ ကိုက်လို့ဝါးလို့ရမယ့် ခပ်ပျော့ပျော့အရုပ်လေးတွေကိုပေးဆော့တာက အကောင်းဆုံးဖြစ်မှာပါ။ရော်ဘာဘဲရုပ် အရောင်တောက်တောက်လေးတွေကအဆင်အပြေဆုံးဖြစ်မှာပါ။ အရုပ်ကအသံထွက်တာက ကလေးရဲ့ အာရုံကို ဖမ်းစားနိုင်ပါတယ်။ ကိုက်လို့ဝါးလို့ရတဲ့အရုပ်လေးတွေက သင်ယူနိုင်စွမ်းကို တိုးစေနိုင်သလို ကြီးထွားဖွံ့ဖြိုးမှုကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ အရောင်အသွေးစုံလေလေ ပိုကောင်းလေလေပါ။

    အသက် ၈ လကနေ ၁၈ လအထိ

    ဒီအရွယ်မှာ ကလေးရဲ့ ကြီးထွားမှုနှုန်းကအမြန်ဆုံးပါ။ စကားလုံးတွေကို စတင်သင်ယူနေပြီဖြစ်သလို လမ်းလျှောက်ဖို့လည်း စတင်သင်ယူနေပြီပဲဖြစ်ပါတယ်။ ဒီအရွယ်မှာတော့ အရုပ်ခပ်ကြီးကြီးတွေကပိုအဆင်ပြေမှာပါ။ အရုပ်ကြီးကြီးတွေက သူတို့အတွက် ကိုင်တွယ်ရတာ အဆင်ပြေစေသလို မတ်တတ်ရပ်ဖို့ အားယူတဲ့အခါမှာလည်း အထောက်အကူဖြစ်စေပါတယ်။ဖြစ်နိုင်ရင် ကလေးကို ဓါတ်ခဲထည့်ပေးရင် လှုပ်ရှားသွားလာတဲ့ အရုပ်လေးတွေနဲ့ပေးဆော့ပါ။ ကလေးကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူပြုမှာ အသေအချာပါ။

    အသက် ၁၈ လကနေ ၂၄ လအထိ

    ဒီအရွယ်မှာ ကလေးက စတင်သင်ယူတတ်နေပါပြီ။ ဒါကြောင့် ကလေးကို သင်ယူမှုပါလုပ်နိုင်မယ့် ကစားစရာပစ္စည်းလေးတွေရွေးချယ်ပေးပါ။ A,B,C စပ်တဲ့အတုံးလေးတွေ ရုပ်ပုံဆက်တဲ့ ကားချပ်တွေ၊ နှိပ်လိုက်ရင် အသံထွက်တဲ့ ကီးဘုတ်စ်လေးတွေဝယ်ပေးပါ။

    အသက် ၂ နှစ်ကနေ ၄နှစ်

    ဒီအချိန်မှာ ကလေးငယ်လေးတွေက ဖန်တီးနိုင်စွမ်းစတင်ဖြစ်ပေးတဲ့အချိန်ဖြစ်သလို စပ်စုတတ်တဲ့အကျင့်လေးလည်း စတင်ဖြစ်လာပါပြီ။ ဒါကြောင့်ကလေးကို အရောင်အသွေးစုံလင်တဲ့အရုပ်လေးတွေဝယ်ပေးတာ၊ ပုံဖော်ကစားလို့ရတဲ့ရောင်စုံ ရွှံ့စေးလေးတွေဝယ်ပေးတာ၊အိမ်ဆောက်ပစ္စည်းကစားစရာလေးတွေဝယ်ပေးတာ၊ရောင်စုံခဲတံနဲ့ ပုံဆွဲစက္ကူဝယ်ပေးတာမျိုးလုပ်ပေးပါ။ ဒါတွေက ကလေးရဲ့ ဖန်တီးနိုင်စွမ်းကို တိုးစေပြီး စူးစမ်းလိုစိတ်ကို ရင့်သန်စေပါလိမ့်မယ်။

    အသက် ၄ နှစ်ကနေ ၆ နှစ်

    ဒီအချိန်မှာ ကလေးက ပတ်ဝန်းကျင်က အရာရာတိုင်းက စတင်လေ့လာမှတ်သားနေပြီလေ။ သင်ယူမှတ်သားနိုင်စွမ်း အမြင့်ဆုံးအချိန်ပါ။ ဒါကြောင့် ကလေးငယ်ကို လတ်တလောမှာခေတ်စားနေတဲ့ အရုပ်လေးတွေကိုဝယ်ပေးပြီးဆော့ခွင့်ပေးလိုက်ပါ။ စကားလုံးဆက်တာ၊ အရုပ်ဆက်တဲ့ ကစားနည်းတွေပေးကစားပါ။ တိရစ္ဆာန်လေးတွေရဲ့ အသံတုလုပ်ပြီး ကလေးကိုဆော့ပေးပါ။

    အသက် ၆ နှစ်ကနေ ၈နှစ်

    ဒီလိုအချိန်မှာဘောလုံးကန်တာ၊ စက်ဘီးစီးတာ၊ ဘိုးလင်းပစ်တာလိုမျိုး ကိုယ်လက်လှုပ်ရှားမှုကိုဖြစ်စေမယ့် ကစားစရာတွေနဲ့ ပေးကစားပါ။ ဒါမှကလေးရဲ့ကြွက်သားတွေ ကျန်းမာသန်စွမ်းလာပြီး ကြီးထွားဖွံ့ဖြိုးဖို့အတွက် အထောက်အကူဖြစ်စေမှာပါ။ ဒီလိုကစားတာက ကလေးကို သူငယ်ချင်းတွေနဲ့ အတူဆော့ကစားစေတတ်လာပြီး အသင်းအဖွဲ့နဲ့လုပ်ဆောင်တတ်အောင်လေ့ကျင့်ပေးပြီးသားဖြစ်သွားမှာပါ။

    ကလေးငယ်ကို သူ့အသက်အရွယ်အလိုက် သင့်တော်မယ့် ကစားစရာလေးတွေနဲ့ ပေးကစားတာက ရုပ်ပိုင်းဆိုင်ရာကိုကျန်းမာသန်စွမ်းစေသလို စိတ်ပိုင်းဆိုင်ရာသန်စွမ်းဖို့လည်း အထောက်အပံ့ဖြစ်စေပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 25/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement