backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ကလေးငယ်ငယ် ဆံပင် ရိတ်ရမယ် ဆိုတဲ့ အယူအဆမှား

ကလေးလေး တစ်ယောက် မွေးဖွားလာပြီ ဆိုရင် လူကြီးမိဘတွေ၊ စီနီယာမေမေ တွေ ပြောလေ့ရှိကြတဲ့ အယူအဆ တစ်ခုပါ။ မွေးဆံပင်ကို ရိတ်ပစ်ရမယ်တဲ့။ ကလေးဘဝမှာ ဆံပင် ရိတ်မှ ကျန်းမာမယ်၊ ဆံပင်သန်မယ် တဲ့လေ။

ထုံးတမ်းစဉ်လာအရ၊ ယဉ်ကျေးမှုအရ၊ ဘာသာရေးအရ၊ အရပ်ပြောစကားအရ ကလေးလေးတွေကို ဆံပင် ရိတ်ပေးလေ့ ရှိကြပါတယ်။ ဒီလို ရိတ်ပြီးမှ ဆံပင်သန်လာမယ့် အပြင် ကလေးက အပူအပုပ် ကင်းစင်ပြီး ဖွံ့လာမယ်၊ ကျန်းမာလာမယ် လို့တောင် ယုံကြည်ထားကြပါတယ်။

တကယ် ဆံပင် သန်လာမှာလား

နိုးပါ။ ခေါင်းရိတ်ခြင်း မရိတ်ခြင်းက ကလေးရဲ့ ဆံပင်သန်လာ၊ ထူလာဖို့အတွက် ထူးထူးခြားခြား သက်ရောက်မှု မရှိဘူး လို့ ပညာရှင်တွေက ဆိုကြပါတယ်။

အမှန်တကယ်တော့ ဆံပင်ဆိုတာ ဦးရေပြား အောက်က ဆံပင်မွေးညင်းအိတ်လေးတွေကနေ ပေါက်လာတာမို့ ဦးရေပြား မျက်နှာပြင်ကနေ ရိတ်လိုက်တာက ဘာမှထူးမသွားနိုင်ပါဘူး။ ဆံပင်ရိတ်ခြင်းက ကလေးရဲ့ ဆံပင်မွေးညင်းအိတ်ကို မနှိုးဆွပေးနိုင်သလို ဆံပင်ထွက်မြန်အောင်လည်း မကူညီပေးနိုင်ပါဘူး။

ဆံပင် သန်ခြင်း၊ ဆံပင်ထူခြင်း ဆိုတာ မျိုးဗီဇ နဲ့ အဓိက သက်ဆိုင်သလို ကလေးလေး ရရှိနေတဲ့ အာဟာရနဲ့ လည်း ဆိုင်ပါတယ်။ ကလေးရဲ့ ဖွံ့ဖြိုးမှု အတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို မရနေဘူး၊ မပြည့်မီနေဘူး ဆိုရင် ဆံပင်တွေ ရိတ်ပေး၊ ဆီတွေ လိမ်းပေး၊ နှိပ်နယ်ပေးတာတွေ ဘယ်လောက်လုပ်လုပ် ထူးလာမှာ မဟုတ်ပါဘူး။

ဒါဆို ဘာလို့ ဆံပင်အုံထူလာတာလဲ

ဆံပင်တွေကို ရိတ်ချလိုက်တဲ့အခါ အလယ်က တုံးတိဖြတ်လိုက်သလို ဖြစ်တာကြောင့် ဆံပင်ထိပ်တွေ တုတ်နေမယ်လေ။ ထိပ်ဖျားတုံးတိ ဆံပင်လေးတွေ ညီညီညာညာ ထွက်လာတာမို့ ဆံပင်အုံထူသလို မြင်ရမှာပါ။

ကလေး က လေးလ လောက်မှာ ဆံပင်စကျွတ်တတ်ပါတယ်။ ဒါက မွေးကင်းစ ကလေးတွေရဲ့ သဘာဝ ဖြစ်စဉ်မို့ မထူးဆန်းပါဘူး။ လအနည်းငယ် အကြာမှာတော့ ဆံပင်တွေ ပုံမှန် ပြန်ထွက်လာမယ်၊ ဆံသား ပြောင်းလဲတာ၊ အရောင် ပြောင်းလဲတာလေး တွေ ရှိလာနိုင်တယ်။

ဒီလို အကြောင်းရင်းတွေကြောင့် ဆံပင်မှာ အပြောင်းအလဲတွေ ဖြစ်လာတဲ့ အခါ ဆံပင်ရိတ်ထားလို့ ဖြစ်လာတာ လို့ ထင်မြင်တတ်ကြတာပါ။

ဆံပင်မရိတ်ဖို့ ဘာကြောင့် တားရသလဲ

ကလေးငယ်လေးတွေက သိပ်ကို နုနယ်ပါတယ်။ ဘယ်အရာကို မဆို တုံ့ပြန်လွယ် ၊ ထိခိုက်လွယ်ကြတဲ့ အရွယ်ပါ။ ဒီလိုအချိန်မှာ ကလေးနဲ့ ပတ်သက်ရင် အမှားမခံဘဲ အရာရာ အသေးစိတ် ပိုဂရုစိုက်ရပါတယ်။

မွေးကင်းစအရွယ် ဆံပင် ရိတ်လိုက်တဲ့အခါ –

ကလေးကို အအေးမိ၊ ဖျားနာ ဖြစ်လွယ်စေတယ်

ဦးထုပ်၊ ခြေအိတ်၊ လက်အိတ်လေးတွေနဲ့ ဖုံးအုပ် ကာကွယ်ထားကြတဲ့ ဘေဘီပေါက်စ အရွယ်မှာ ကတုံးပြောင်ပြောင်လေး ရိတ်လိုက်တဲ့အခါ အအေးမိဖို့ ပိုလွယ်ပါတယ်။ ဆံပင်က ဦးခေါင်းကို အကာအကွယ်ပေးလို့ အထိုက်အလျောက် နွေးထွေးစေတာလေ။

နှာစေး၊ နှာပိတ်ဖြစ်စေနိုင်တယ်

ကလေးလေးက အအေးပတ်သွားတဲ့အခါ နှာရည်တွေ ကျတာ၊ နှာခေါင်းပိတ်တာတွေ အပြင် ချောင်းဆိုး၊ ချွဲကျပ်တာတွေပါ ခံစားရနိုင်ပါတယ်။ နှာစေးနှာပိတ် ဖြစ်တဲ့ အခါ နို့စို့ရတာ မလွယ်၊ ညအိပ်ရလည်း အတော် ခက်ခဲပြီး ပင်ပန်းရနိုင်ပါတယ်။

ငယ်ထိပ်လေးကို ထိမိခိုက်မိဖို့ ပိုလွယ်တယ်

ကလေးငယ်တွေရဲ့ ဦးခေါင်းမှာ ငယ်ထိပ် လို့ခေါ်တဲ့ ပျော့ပျောင်းနူးညံ့တဲ့ နေရာလေး ရှိပါတယ်။ အဲဒီနေရာက ကလေးရဲ့ဦးနှောက်ဖွံ့ဖြိုးမှုအတွက် အရေးကြီးတဲ့အစိတ်အပိုင်းလေးဖြစ်သလို ကတုံးပြောင်ပြောင်လေးမှာ ထိမိ၊ ပြုမိလွယ်တဲ့ နေရာလည်း ဖြစ်ပါတယ်။

ထိခိုက်ရှနာ ဖြစ်သွားနိုင်တယ်

ဘာမှမသိသေးတဲ့ ကလေးငယ် ဖြစ်တဲ့အတွက် သူ့ရဲ့လျှပ်တပြက် လှုပ်ရှားမှုတွေက ခေါင်းရိတ်ချိန်မှာ အတော်သတိထားရမယ့် အရာ ဖြစ်ပါတယ်။ ကလေးက လှုပ်ရှားလိုက်တာ ဒါမှမဟုတ် ရုန်းကန်လိုက်တာမျိုးမှာ ခေါင်းရိတ်ဓားနဲ့ ထိရှတာတွေ ဖြစ်သွားနိုင်ပါတယ်။

အနာပိုးဝင်နိုင်တယ်

ဒီလို ထိရှတာတွေမှာ ဓား သို့မဟုတ် ခေါင်းရိတ်သူရဲ့လက် မသန့်ရှင်းဘူး ဆိုရင် ဦးရေပြားကနေ ပိုးဝင်ဖို့ ဖြစ်လွယ်ပါတယ်။ ကလေးရဲ့ အရေပြားတွေက လူကြီးတွေလို ကောင်းကောင်းမဖွံ့ဖြိုးသေးတာမို့ ပိုးဝင်တာတွေကို ကိုယ်ခံအားနဲ့ မကာကွယ်နိုင်ပါဘူး။ အနာကျက်မမြန်နိုင်ပါဘူး။

ဒါ့ကြောင့် ဘေဘီငယ်ငယ်လေးတွေကို ဆံပင် မရိတ်ပေးပါနဲ့ မေမေတို့ရေ။ ရိတ်ပေးချင်တယ် ဆိုရင်တောင် ကိုယ်ခံအားစနစ် ဖွံ့ဖြိုးလာတဲ့အထိ ခဏလောက်တော့ စောင့်ပေးလိုက်ပါလို့။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 09/08/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement