အေးအေးချမ်းချမ်းနဲ့ နှစ်တစ်နှစ်ကုန်ဆုံးခါနီးအချိန်မှာ အားလုံးကပျော်နေမှာ အသေအချာပဲပေါ့။ ဒါပေမယ့် အပြည့်အဝမပျော်နိုင်တဲ့သူတွေတော့ရှိနေပါတယ်။ ဒါကတော့ ပူပူနွေးနွေးဘေဘီပိစိကွေးလေးပိုင်ဆိုင်ထားတဲ့ဖေဖေမေမေတွေပေါ့။ အသစ်စက်စက် မိဘဖြစ်သူတွေမှာ ပိုဆိုးမှာအသေအချာပါ။သေးသေးကွေးကွေး ကလေးလေးကိုနွေနွေးထွေးထွေးဖြစ်စေဖု့ိနဲ့ ဖျားနာမှုတွေမဖြစ်စေဖို့အတွက် အရမ်းကို ဂရုတစိုက်လုပ်နေရတဲ့အချိန်ပေါ့။
ကလေးက ငယ်လွန်းတာကြောင့် အရမ်းနုနယ်သေးသလို ပတ်ဝန်းကျင်ကဒဏ်တွေကို ထိခိုက်ခံနိုင်စွမ်းကလည်း အရမ်းကိုနည်းပါတယ်။ ဒါကြောင့်ဆောင်းတွင်းလိုအေးတဲ့ ရာသီဥတုအခြေအနေမှာ ကလေးငယ်လေးတွေကို အသေအချာဂရုစိုက်နိုင်မှတော်ကာကျမှပါ။ ဒီလိုမျိုးအေးလွန်းတဲ့ရာသီမှာ အိမ်ရဲ့ဆည်းလည်းဘေဘီပေါက်စလေးတွေကို ဘယ်လိုဂရုစိုက်ပေးရမှန်းမသိတဲ့ဖေဖေမေမေတွေအတွက် နည်းလမ်းကောင်းလေးတွေပြောပြပေးပါရစေ။
ဆောင်းရာသီမှာ ဘေဘီလေးတွေကို ကျန်းမာစေမယ့်နည်းလမ်းတွေက
ကလေးကိုနွေးနွေးထွေးထွေးထားပါ – ကလေးလေးတွေကသေးတစွတ်စွတ်ပေါက်တတ်တဲ့အရွယ်ဖြစ်တာကြောင့် ကလေးကိုသေးစိုနေလား၊ အဝတ်အစားတွေစိုနေလားဆိုတာကို အမြဲမပြတ်ဂရုစိုက်ပြီး စိုနေတာတွေ့တာနဲ့ချက်ချင်းလဲပေးပါ။ ကလေးကို အအေးမခံပါစေနဲ့။နွေးနွေးထွေးထွေးဖြစ်စေမယ့် အဝတ်အစားတွေ ဝတ်ဆင်ပေးပါ။
ကလေးကို အာဟာရမျှတအောင်ကျွေးမွေးပါ – ကလေးက နို့စို့အရွယ်ဆိုရင်တော့ မိခင်က အာဟာရပြည့်ဝအောင်စားသုံးပြီး ကလေးကို နို့ကနေတဆင့် အာဟာရပြည့်ပြည့်ဝဝရရှိအောင်လုပ်ဆောင်ပေးပါ။ ကလေးက အစားစားနိုင်ပြီဆိုရင်တော့ ကလေးကို အစာကြေလွယ်ပြီး အာဟာရပြည့်ဝတဲ့အစားအစာတွေကို ကျွေးမွေးပေးပါ။ ဗီတာမင် C ကြွယ်ဝတဲ့ အစားအသောက်များများစားပေးပါ။
ရေဓါတ်ပြည့်ဝအောင်ထားပါ -ဆောင်းရာသီကအေးတာကြောင့်ရေသိပ်မသောက်ချင်တာမျိုးဖြစ်နိုင်ပါတယ်။ ဒါပေမယ့်မေမေတို့က သတိထားပြီး ကလေးငယ်လေးတွေကိုရေသောက်ဖြစ်အောင်တိုက်ပေးပါ။ရေဓါတ်ပြည့်ဝနေမှုကလည်း ခန္ဓါကိုယ်ကို ကျန်းမာစေတဲ့ အချက်တစ်ခုပါ။
ကလေးကို မချီခင် လက်အရင်ဆေးပါ – လက်မှာ မမြင်နိုင်တဲ့ ဘက်တီးရီးယားများစွာကပ်ငြိနေနိုင်ပါတယ်။ ဒါကြောင့် ကလေးကို ချီတာမျိုးမလုပ်ခင် ကလေးအနားကိုမသွားခင် အရင်ဆုံးလက်ကို စင်ကြယ်အောင်ဆေးကြောပါ။ ဒီလိုလုပ်ခြင်းက ကလေးကို ဘက်တီးရီးယားတွေကြောင့် ဖျားနာတာမျိုးမဖြစ်အောင်ကာကွယ်ပေးနိုင်မှာပါ။
အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်တွေကို မကြာခဏလျှော်ပေးပါ – အိပ်ရာခင်းနဲ့ခေါင်းအုံးစွပ်တွေကို နံမှ ညစ်ပေနေမှလျှော်တာ၊ လဲတာမျိုးမလုပ်ပါနဲ့။ဖြစ်နိုင်ရင် နှစ်ရက်တစ်ကြိမ် အနည်းဆုံး ၃ ရက်တစ်ကြိမ်လောက်လျှော်ဖွတ်ပေးပါ။ပြီးရင် မီးပူတိုက်ပြီးမှ အသုံးပြုပေးပါ။ မမြင်ရတဲ့ ပိုးမွှားတွေအန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ပါ။
အိမ်ပတ်ဝန်းကျင်ကို သန့်ရှင်းအောင်ထားပါ -နေအိမ်ပတ်ဝန်းကျင်နဲ့ ကလေးရဲ့အခန်းကိုသေချာသပ်ရပ်နေစေဖို့အပြင် သန့်ရှင်းအောင်ထားဖို့လိုပါမယ်။ ဒါမှ ဘက်တီးရီးယား၊မှို နဲ့ အခြားသော ပိုးမွှားတွေအန္တရာယ်ကနေဘေဘီလေးကို ကာကွယ်နိုင်မှာပါ။
အိပ်ရေးဝအောင်သိပ်ပါ – အိပ်ရေးဝနေတဲ့အခါ ကိုယ်ခံအားကောင်းလာပြီးရောဂါတွေကို ခုခံနိုင်မှာပါ။ ဒါကြောင့် ကလေးကို တစ်နေ့ကို အနည်းဆုံး ၁၀ နာရီကနေ ၁၁ နာရီအထိ အိပ်စက်ချိန်ရှိအောင်လုပ်ပေးပါ။ အိပ်ရေးဝတဲ့အခါ ကလေးကိုကျန်းမာစေပြီး အအေးဒဏ်ကြောင့် ဖျားနာမှုကနေ ကာကွယ်နိုင်မှာပါ။
ကလေးကိုလူထူတဲ့နေရာတွေခေါ်မသွားပါနဲ့ – ကလေးကို လူထူတဲ့နေရာကိုခေါ်မသွားပါနဲ့ လို့ပြောရတာ မမြင်ရတဲ့ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်နိုင်ဖို့ပါ။ လူတွေထူထပ်လေလေရောဂါပိုးတွေပိုများလေလေပါ။ ခံနိုင်ရည်ရှိတဲ့ လူကြီးတွေအတွက်က သိပ်ပြဿနာမရှိပေမယ့် ခံနိုင်ရည်နည်းလွန်းတဲ့ ကလေးငယ်တွေအတွက်ကတော့ လူထူတဲ့နေရာက အန္တရာယ်များလွန်းပါတယ်။ ဒါကြောင့် ကလေးကိုဈေးဝယ်စင်တာတွေဆီကိုခေါ်သွားတာ၊ ရုပ်ရှင်ရုံ၊ အလှူနဲ့ အခြားသောလူထူတဲ့နေရာကိုခေါ်မသွားဖို့ပြောပါရစေ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
[embed-health-tool-baby-poop-tool]