home

What are your concerns?

close
Inaccurate
Hard to understand
Other

သို့မဟုတ် လင့်ခ်ကူးယူမည်

ကလေးကို ထမင်းကျွေးချိန်ရောက်ပြီဆို ဒီလို ပြဿနာတွေ မေမေတို့ကြုံရတတ်ပါတယ်။ ။

ကလေးကို ထမင်းကျွေးချိန်ရောက်ပြီဆို ဒီလို ပြဿနာတွေ မေမေတို့ကြုံရတတ်ပါတယ်။ ။

အစားအသောက်က ကလေးတစ်ယောက်ရဲ့ ကြီးထွားမှုနဲ့ ဉာဏ်ရည်ဖွံ့ဖြိးမှုအပေါ်ကို ၇၀ ရာခိုင်နှုန်းသက်ရောက်ပါတယ်။ မိခင်နို့သောက်တာနဲ့ပဲ မလုံလောက်တော့တဲ့ ကလေးတစ်ယောက်ကို တစ်ခြားလိုအပ်တဲ့ အာဟာရေတွရအောင် ဖြည့်စွက်စာတွေကျွေးရတဲ့ အပြင် နောက်ပိုင်း လူကြီးတွေစားတဲ့ အစားအစာတွေကိုပါ စားတတ်လာအောင် တဖြည်းဖြည်းလေ့ကျင့်ပေးရပါတယ်။ ဒါမှ ကလေးတစ်ယောက်က သူလိုအပ်တဲ့ အာဟာရတွေ အကုန်ပြည့်စုံအောင်ရမှာပါ။ ပြဿနာရှိတာက ကလေးဆိုတာ အစားထက် အဆော့ကို ပိုမက်ကြတာကြောင့် ထမင်းကျွေးချိန်ရောက်တိုင်း မေမေတို့ အမြဲခေါင်းစားရပါတယ်။ ခုပြောပြပေးချင်တဲ့အကြောင်းအရာလေးကတော့ ထမင်းကျွေးချိန်တိုင်း မေမေတို့ကြုံတတ်ကြတဲ့ အခက်အခဲလေးတွေ အကြောင်းဖြစ်ပါတယ်။ ကြိုသိထားတော့ ကြိုပြင်ဆင်လို့ရတာပေါ့နော်။ ။။

ကလေးကို ထမင်းကျွေးချိန်တိုင်း မေမေတို့ ဘယ်လို အခက်အခဲတွေ ကြုံတွေ့ရတတ်လဲ။ ။

၁။ အစားစားဖို့ ငြင်းဆန်တာ။

ထမင်းကျွေးဖို့ ဇွန်းလေးပါးစပ်နားကပ်လိုက်ပြီဆိုတာနဲ့ခေါင်းကိုချာခနဲ လှည့်လိုက်ပြီး ပါးစပ်ကိုပိတ်ထားတဲ့ကလေးတွေရှိပါတယ်။ ဒါဟာ ကလေးကိုထမင်းကျွေးပြီဆိုတာနဲ့ မေမေတို့ ပထမဆုံးကြုံတွေ့ရတဲ့ ပြဿနာတစ်ခုပါ။

၂။ ကြိုက်တာတွေကို ပဲရွေးစားတာ။ ။

ကလေးဆိုတာကလည်း အကောင်းကြိုက်တဲ့သူတွေမလား။ ငယ်လည်းငယ်သေးတော့ ကျန်းမာရေးအတွက် ကောင်းပေမယ့် အရသာမကောင်းရင်တော့ မစားချင်ကြဘူးလေ။ အဲတော့သူတို့ကြိုက်တာတွေပဲရွေးစားရော။ သူတို့ကြိုက်တာတွေပဲရွေးစားတော့ အာဟာရတစ်မျိုးထဲကို အများကြီးရနေပြီး တစ်ခြားလိုအပ်တဲ့ အာဟာရတွေကို မရတော့ပါဘူး။ ဒါက ထမင်းကျွေးချိန်ရောက်ရင် မေမေတို့ အဖြစ်များတဲ့ ပြဿနာတစ်ခုပါ။

၃။ အသီးအရွက်ဆိုမစားတာ။ ။

အသီးအရွက်ဆိုတာနဲ့ ပါးစပ်ထဲထည့်ဖို့နေနေသာသာ ပန်းကန်ထဲမှာ အရာမယွင်းဘဲ ချန်ထားခဲ့တာကလေးတို့ရဲ့ ထုံးစံပါ။ ပန်းကန်ထဲအသီးအရွက်တွေကျန်ခဲ့လို့ မေမေတို့ဆူမှာစိုးရင်တော့ ထည့်လိုက်ကြပါတယ်။ ဗိုက်ထဲ ကိုတော့မဟုတ်ပါဘူး။ အမှိုက်ပုန်းထဲကိုပါ။ ဒီပြဿနာကလည်း အမေတိုင်းနီးပါးကြုံတွေ့ရတတ်တာလေးပါ။

၄။ သရေစာတွေ အရမ်းစားတာ။

ကလေးတော်တော်များများက ထမင်းနဲ့ သရေစာဆို သရေစာကို ပိုပြီး ခုံမင်တတ်ကြပါတယ်။ တစ်နေ့ တစ်နေ့ဒီဟင်း၊ ဒီထမင်း၊ ဒီအရသာတွေပဲ ပြန်ပြန်ထပ်နေတော့ ဘယ်စားချင်တော့မလဲ။ ဒီတော့ တစ်နေ့တစ်မျိုး မရိုးရအောင် အသစ်တွေထွက်နေတဲ့ သရေစာတွေကို ပိုစား၊ ပိုကြိက်ကြတော့တာပေ့ါ့။ ဒါကြောင့် ကလေးစားရင်ပြီးရောဆိုပြီး သရေစာတွေ အများကြီး မကျွေးလိုက်ပါနဲ့။ ထမင်းနဲ့ ကလေးနဲ့ ပိုဝေးသွားပါလိမ့်မယ်။

၅။ အချိုအရမ်းကြိုက်တာ။ ။

ကလေးဆိုတာ အချိုဆို အရမ်းကြိုက်တတ်ကြပါတယ်။ သကြားလုံးတို့၊ ကွတ်ကီး၊ ဘီစကစ်၊ ဂျယ်လီတို့ကိုသာ စားနေရရင် ထမင်းမစားရလည်း နေနိုင်တဲ့သူတွေပါ။ ဒါတွေက ကလေးတစ်ယောက်အတွက်လိုအပ်တဲ့ အာဟာရတွေကို မပေးနိုင်တဲ့ အပြင် သွားပိုးစားသွားကိုက်ဝေဒနာတွေ ကိုတောင်ပို ဖြစ်စေပါသေးတယ်။

၆။ ထမင်းတွေကို မဝါးဘဲ ပါးစပ်ထဲငုံထားတာ။

ကိုယ်ထမင်းခွံလိုက်ပြီး မေ့လောက်တဲ့ အချိန်ထိကြာသွားတာတောင် ကလေးပါးစပ်ထဲမှာ ထမင်းတွေ မကုန်သေးတာကို မေမေတို့ ကြုံဖူးကြမှာပါ။ ဒါက အစားစားချင်စိတ် မရှိတဲ့ ကလေးတွေလုပ်တတ်တဲ့ အရာတစ်ခုပါ။ စားလည်း မစားချင်၊ ဆူမှာလည်းကြောက်တော့ ပါးစပ်ထဲထည့်ပြီးမဝါးဘဲ ငုံထားလိုက်ကြပါတယ်။ ထမင်းကျွေးချိန်ရောက်ပြီဆို မေမေတို့ စိတ်ညစ်ရတဲ့ အထဲမှာ ဒီပြဿနာကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။

၇။ စားရမယ့် အစားအစာတွေကို မစားဘဲဆော့တာ။

ကလေးဆိုတာ အဆော့မက်တတ်ကြတယ်မလား။ မေမေတို့ အလုပ်များပြီး ထမင်းမကျွေးအားလို့ သူတို့နဲ့ ထမင်းပန်းကန်နဲ့ ခဏလောက် ထားခဲ့ပြီးထွက်သွားကြည့်ပါလား။ ပြန်လာရင် ပန်းကန်ထဲကအစားအစာ အကုန်ပြောင်နေပါလိမ့်မယ်။ စားလိုက်လို့ ဗိုက်ထဲရောက်ကုန်တာတော့ မဟုတ်ပါဘူး။ ပန်းကန်နဲ့ ဗိုက်ထဲက လွဲရင် ကျန်တဲ့နေရာတွေကိုပြန့်ကျဲပြီး စားစရာတွေရောက်နေပါလိမ့်မယ်။ ဒီလို စားစရာတွေအကုန်ပေပွနေတဲ့ အချိန်ကတော့ မေမေတို့ အငိုချင်ဆုံး အချိန်ဖြစ်နေတတ်ပါတယ်။

ဒါတွေကတော့ ကလေးတစ်ယောက်ကို ထမင်းကျွေးတိုင်း မေမေတို့ အကြုံများတဲ့ အခက်အခဲလေးတွေပဲဖြစ်ပါတယ်။ ဒီလိုမျိုး ပြဿနာတွေ ကြုံရတိုင်း စိတ်ညစ်မနေကြပါနဲ့။ ဒါတွေက သင်တစ်ယောက်တည်းကြုံတွေ့ရတဲ့ အခက်အခဲတွေ မဟုတ်ပါဘူး။ မေမေတိုင်းကြုံတွေ့နေရတဲ့ ပြဿနာတွေပါ။ သင့်ကလေးကဆိုးလိုက်တာလို့လည်း မတွေးပါနဲ့။ သင်ငယ်ငယ်တုန်းက ဒီထက်တောင်ဆိုးချင်ဆိုးဦးမှာပါ။ ဒါကြောင့် စိတ်ရှည်ပါ။ ကလေးဆိုတာ အချော့ကြိုက်ပါတယ်။ အချိန်ယူပြီး ကလေးကို လေ့ကျင့်ပေးရင် ဒီအခက်အခဲတွေပြေလည်သွားမှာပါ။ ။

Hello Health Groupသည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။ ။

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

စာရေးသူ ဓာတ်ပုံbadge
Dr. Thin Yadanar @ Frances မှ ရေးသားသည်။ 22/10/2021 တွင် ပြန်လည်ပြင်ဆင်ခဲ့သည်။
Dr. Thurein Hlaing Win မှ အချက်အလက် စစ်ဆေးထားပါသည်။