နည်းပညာ တိုးတက်ပြောင်းလဲလာတဲ့ ခေတ်ကြီးထဲမှာ အားကစားလိုက်စားတဲ့ ကလေးတွေဟာ နည်းသထက်နည်းလာပါတယ်။ ကလေးတွေဟာ အရင်ကလို အပြင်ထွက် ဆော့ကစားတာမျိုး မလုပ်တော့ပဲ အိမ်ထဲမှာပဲ နေပြီး တီဗီကြည့်လာကြတာ၊ ဖုန်း၊ ကွန်ပျူတာ အသုံးများလာကြတာ၊ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေကို လုပ်နေရလို့ အပြင်ထွက်ပြီး ကစားဖို့တောင် အချိန်မရှိတော့တဲ့အထိ ဖြစ်လာကြပါတယ်။ ကြာလာတဲ့အခါ ကလေးပီပီ တက်တက်ကြွကြွမရှိပဲ ပျင်းရိထိုင်းမှိုင်းလာပါတယ်။ ဒီတော့ ကလေးတွေကို အမြဲနိုးကြားတက်ကြွနေဖို့ အားကစားလုပ်ခိုင်းဖို့၊လေ့ကျင့်ခန်းပုံမှန် လုပ်ဖို့ မိဘတွေဘက်က တွန်းအားပေးဖို့ လိုအပ်လာပါတယ်။