
အမြဲနိုးကြားတက်ကြွနေတဲ့ ကလေးတွေဟာ စာသင်တဲ့ နေရာမှာ ပိုပြီး အာရုံစူးစိုက်နိုင်တယ်။ အမြဲလန်းဆန်းပြီး ရွှင်လန်းစေတယ်။ မိမိကိုယ်ကို ယုံကြည်မှုတိုးစေတယ်။ သွက်လက်ထက်မြက်စေတယ်။
မနက်ခင်းမှာ လမ်းလျှောက်တာ၊ ပြေးတာ၊ စက်ဘီးစီးတာ အစရှိတဲ့ ကိုယ်ကာယလေ့ကျင့်ခန်းတွေ လုပ်ပေးလို့ ရသလို ကိုယ့်ကလေး ဝါသနာပါတဲ့ အားကစားကို ပုံမှန်လုပ်ခိုင်းခြင်းဟာ ကလေးတွေကို နိုးကြားတက်ကြွစွာနဲ့ ကြီးပြင်းလာစေဖို့ အထောက်အကူပေးနိုင်ပါတယ်။
၃။ ကလေးတွေရဲ့ ယုံကြည်မှုကို မြှင့်တင်ပေးပါ။
မိဘတွေ သတိမထားမိတာ တစ်ခုက ကိုယ်ပြောလိုက်တဲ့စကားတွေဟာ ကလေးတွေရဲ့ ကိုယ့်ကိုယ်ကို ယုံကြည်နိုင်မှုကို ဖျက်ဆီးနေမိတတ်ပါတယ်။ မိဘတွေဟာ ကိုယ့်ရဲ့ ကလေးနဲ့ ပတ်သက်လာရင်တော့ မျှော်လင့်ချက်ကြီးတယ်၊ ရည်မှန်းချက်ကြီးတယ်၊ ကိုယ့်ရဲ့ ကလေးက ကိုယ်မျှော်လင့်ထားသလောက် ဖြစ်မလာတဲ့အခါ အပြစ်တင်ဆူပူမိတတ်ကြတယ်။ ဒါဟာ ကလေးရဲ့ လုပ်ဆောင်နိုင်ရည်ကို သွားပြီး ထိခိုက်စေပါတယ်။
ကိုယ့်ရဲ့ ကလေးဟာ စာမှာဖြစ်စေ၊ အားကစားမှာ ဖြစ်စေ တခြားကလေးတွေလောက် မထူးချွန်တဲ့အခါမှာ အပြစ်တင်မယ့်အစား အကောင်းဆုံးကို လုပ်ပေးနိုင်ခဲ့တဲ့အတွက် ချီးကျူးစကား ပြောပေးပါ။ ကိုယ့်ရဲ့ မိဘက ကိုယ့်အပေါ် အမြဲယုံကြည်တယ်။
ကိုယ်လိုအပ်တဲ့အချိန်တိုင်းမှာ ဘေးကနေ ဖေးမကူညီပေးတဲ့အခါမှာ ကလေးတွေဟာ အရင်ကထက် ပိုပြီး ကြိုးစားချင်စိတ် ဖြစ်လာတယ်။ အဖက်ဖက်မှာလည်း တိုးတက်လာပါလိမ့်မယ်။ ကိုယ့်ကလေးရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်ဖို့အတွက် မိဘတွေကလည်း ကိုယ့်ရဲ့ ကလေးကို ယုံကြည်ပေးနေဖို့ အရေးကြီးပါတယ်။
၄။ ကလေးတွေရဲ့ စံနမူနာ ဖြစ်ပါစေ။
ကလေးတွေဟာ အတုမြင်၊ အတတ်သင်တဲ့ အရွယ်တွေ ဖြစ်တဲ့အတွက် သူတို့ကို တစ်ခုခု မလုပ်ခိုင်းခင်မှာ ကိုယ်က အရင် လုပ်ပြဖို့ လိုပါတယ်။ ဥပမာ – အားကစားလုပ်တာ၊ နေ့စဉ် လေ့ကျင့်ခန်းလုပ်တာ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေ စားခိုင်းတဲ့အခါမျိုးမှာ ကိုယ်က အရင် သူတို့မြင်အောင် စားပြ၊ လုပ်ပြပါ။
ကိုယ်တိုင်က ရှေ့ကနေဦးဆောင်လမ်းပြပေးမှ ကလေးတွေအတွက်လည်း နောက်က လိုက်လုပ်ရတာ ပိုလွယ်မှာပါ။ ဒါကြောင့် ကလေးတွေကို ဘာပဲလုပ်ခိုင်း၊ လုပ်ခိုင်း လူကြီးတွေအနေနဲ့ အရင်လိုက်လုပ်ပေးဖို့ လိုအပ်ပါတယ်။